Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

ဗုဒ္ဓပိဋကတ်တော်လာ ကြီးပွားရေးလမ်းညွှန်ချက်များ (အပိုင်း-၂)


ပစ္စည်းဥစ္စာပျက်ကြီးကြောင်း (၈)ပါး
၁။ အစိုးရမင်း
၂။ ခိုးသားဓားပြ
၃။ မီး
၎။ ရေ
၅။ မြုပ်နှံထားသော ပစ္စည်းဥစ္စာများ နေရာရွေ့သွားခြင်း
၆။ အားထုတ်မှု မကောင်းသဖြင့် လုပ်ငန်းများ ပျက်စီးခြင်း
၇။ ဆွေမျိုးများထဲမှ ဖျက်ဆီးသူ ပေါ်ပေါက်ခြင်း
၈။ မတည်မြဲခြင်း-တို့ ဖြစ်ပါသည်။

တနည်း-ပစ္စည်းဥစ္စာပျက်စီးကြောင်း (၆)မျိုး
၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်နှင့်
မူးယစ်ဆေးဝါးအမျိုးမျိုးကို သောက်စားလေ့ရှိခြင်း
၂။ အချိန်အခါမဲ့ ခရီးလမ်းတို့၌ သွားလာလှည့်ပတ်လေ့ရှိခြင်း
၃။ ပွဲလမ်းသဘင်ကို ရှာဖွေကြည့်ရှု နားထောင်လေ့ရှိခြင်း
၎။ မေ့လျော့ကြောင်းဖြစ်သော လောင်းကစားအမျိုးမျိုးကို ပြုလေ့ရှိခြင်း
၅။ မကောင်းသောအဆွေခင်ပွန်းတို့နှင့် ပေါင်းသင်းမှီဝဲလေ့ရှိခြင်း
၆။ ပျင်းရိလေ့ရှိခြင်း-တို့ ဖြစ်ပါသည်။

ဝိဘင်းပါဠိတော်လာ အကျိုးစီးပွား ဆုတ်ယုတ်ကြောင်းတရား(၆)ပါး
၁။ အမှုသစ်၌ မွေ့လျော်ခြင်း
၂။ စကားပြောခြင်း၌ မွေ့လျော်ခြင်း
၃။ အိပ်ခြင်း၌ မွေ့လျော်ခြင်း
၎။ အပေါင်းအဖော်နှင့် ပေါင်းဆုံခြင်း၌ မွေ့လျော်ခြင်း
၅။ သံသဂ္ဂငါးမျိုး၌ မွေ့လျော်ခြင်း
၆။ သံသရာကိုချဲ့ထွင်တတ်သော တဏှာ,မာန,ဒိဋ္ဌိတို့်၌ မွေ့လျော်ခြင်း-တို့
ဖြစ်ပါသည်။

သံယုတ်ပါဠိတော်လာ စီးပွားဥစ္စာယိုထွက်ပေါက် (၆)မျိုး
၁။ ပျင်းရိခြင်း
၂။ မေ့လျော့ခြင်း
၃။ လုံ့လ၀ီရိယမရှိခြင်း
၎။ မစောင့်စည်းခြင်း
၅။ အအိပ်များခြင်း
၆။ မမွေ့လျော်ခြင်း-တို့ဖြစ်ပါတယ်….။

ပျက်စီးဆုတ်ယုတ်ကြောင်းတရား (၁၂)ပါး
၁။ ဒုစရိုက်တရားဆယ်ပါးကို ပြုကျင့်ခြင်း
၂။ မိစ္ဆာအယူရှိသူများနှင့် သူယုတ်မာများကို ပေါင်းသင်းဆက်ဆံခြင်း၊ သူတော်ကောင်းတို့နှင့် မပေါင်းသင်းမဆက်ဆံခြင်း၊
မိစ္ဆာဒိဋ္ဌိများနှင့် သူယုတ်မာတို့၏ အယူဝါဒများကို နှစ်သက်ခြင်း၊
၃။ အအိပ်များခြင်း၊ အပေါင်းအသင်းတိှု့၌ မွေ့လျော်လေ့, စကားပြောဆိုမှု၌ မွေ့လျော်လေ့ရှိခြင်း၊
ထကြွလုံ့လမရှိခြင်း၊ အလွန်ပျင်းရိခြင်းနှင့် အမျက်ဒေါသကြီးခြင်း။
၎။ မိဘတို့ကို ကျွေးမွေးပြုစုနိုင်ပါလျက် မကျွေးမွေး မပြုစုခြင်း။
၅။ ရဟန်းစသော သူတော်စဉ်အလှူခံများနှင့် တောင်းရမ်းစားသောက်နေကြသော သူဖုန်းစားတို့ကို ပေးလှူမည်ဟု ဖိတ်ကြားဝန်ခံထားပြီး လိမ်ညာ၍ မလှူဒါန်းမပေးကမ်းခြင်း
၆။ ပစ္စည်းဥစ္စာပေါများသူဖြစ်ပါလျက် အခြားသူများကို မလှူဒါန်းဘဲ မိမိတစ်ဦးတည်း သုံးဆောင်ခံစားခြင်း။
၇။ မာန်မာန တက်ကြွထောင်လွှားခြင်း
၈။ ကာမဂုဏ်အပျော်အပါးလိုက်စားခြင်း၊ အရက်သေစာ မူးယစ်ဆေးဝါး သောက်စားမှီဝဲခြင်းနှင့် လောင်းကစားဝါသနာထုံခြင်း
၉။ ပြည့်တန်ဆာမနှင့် သူတစ်ပါးသားမယားတို့ကို ပစ်မှားလွန်ကျူးခြင်း
၁၀။ အသက်ကြီး အရွယ်လွန်သူဖြစ်ပါလျက် ငယ်ရွယ်သူအမျိုးသမီးနှင့် အိမ်ထောင်ပြုခြင်း။
၁၁။ ငါး,အမဲစသော အစားအသောက်တို့၌ မက်မောလွန်းသူ၊ အသုံးအစွဲမတတ်သူကို အကြီးအကဲအရာ၌ ခန့်အပ်ထားခြင်း။
၁၂။ မိမိနှင့်မတန်သောအရာကို အလိုရှိခြင်းတို့ ဖြစ်ပါသည်။

ပေါင်းသင်းဆက်ဆံခြင်းအကြောင်း (၆)မျိုး
၁။ မိမိ၏ အကျိုးစီးပွားဟူသော အကြောင်း
၂။ သူတစ်ပါး၏ အကျိုးစီးပွားဟူသော အကြောင်း
၃။ မိမိ,သူတစ်ပါး နှစ်ပါးစုံတို့၏ အကျိုးစီးပွားဟူသော အကြောင်း
၎။ ယခုပစ္စုပ္ပန်ဘ၀၌ အကျိုးစီးပွားဟူသော အကြောင်း
၅။ တမလွန်ဘ၀၌ အကျိုးစီးပွားဟူသော အကြောင်း
၆။ မြတ်သော အကျိုးစီးပွားဟူသော အကြောင်း-တို့ ဖြစ်ပါတယ်..။

မိတ်ဆွေကောင်းလက္ခဏာ(၆)ပါး
၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း
၂။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း
၃။ အကြားအမြင်သုတနှင့် ပြည့်စုံခြင်း
၎။ စွန့်ကြဲပေးကမ်းမှုစာဂနှင့် ပြည့်စုံခြင်း
၅။ ကြိုးစားမှုဝီရိယနှင့် ပြည့်စုံခြင်း
၆။ သတိတရားနှင့် ပြည့်စုံခြင်း
၇။ တည်ကြည်မှုသမာဓိနှင့် ပြည့်စုံခြင်း
၈။ ပညာနှင့် ပြည့်စုံခြင်း-တို့ဖြစ်ပါတယ်…။

အင်္ဂုတ္တိုပါဠိတော်၊ သတ္တကနိပါတ်၊ ပထမမိတ္တသုတ်-လာ
မှီဝဲဆည်းကပ်ထိုက်သော မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး
၁။ ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးနိုင်ခြင်း
၂။ ပြုနိုင်ခဲသော အမှုကိစ္စကို ပြုလုပ်နိုင်ခြင်း
၃။ သည်းခံနိုင်သောအရာကို သည်းခံနိုင်ခြင်း
၎။ မိမိ၏ လျှို့ဝှက်အပ်သောကိစ္စကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟခြင်း
၅။ မိမိမိတ်ဆွေ၏ လျှို့ဝှက်သင့်သောကိစ္စကို လျှို့ဝှက်ပေးခြင်း
၆။ ဘေးအန္တရာယ်ကြုံတွေ့လာသော မိမိအဆွေခင်ပွန်းကို ပစ်မထားခြင်း
၇။ ပစ္စည်းဥစ္စာ ကုန်ခမ်းပျက်စီးခြင်းကြောင့် မိမိ၏မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူ အထင်ကြီးမောက်မာကာ မထင်မဲ့မြင် မပြုတတ်ခြင်း-တို့ ဖြစ်ပါသည်။

နောက်လဆက်ရန်-
စာမေးပွဲကိစ္စများ၊ ယဉ်ကျေးမှုသင်တန်းကိစ္စများ၊ တိုင်းရင်းဆေးသင်တန်းကိစ္စများနှင့် ဘွဲ့ယူအကြိုစာတမ်းရေးခြင်းကိစ္စများကြောင့် ဘလော့ဂ်ရေခြင်းအား
(၂)လခန့် ရပ်နားထားပါမည်။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ပြည့်စုံကာ
အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ…

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့