Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 April 2013

"သံသရာမှာ ဘယ်ကိုမှ မသွားချင် တော့ဘူး"


"သံသရာမှာ ဘယ်ကိုမှ မသွားချင် တော့ဘူး"

ဘ၀တစ်ခုထဲက အ၀ိဇ္ဇာ နဲ့ တဏှာ ကိုနုတ်လိုက်ပါ။
သံသရာ ဆိုတာ မရှိတော့ဘူး။
(မဟာဂန္ဓာရုံ ဆရာတော်၊အရှင်ဇနကာ ဘိဝံသ)

ဤဓမ္မဒါနဘလော့ဘ်ပို့စ်ကိုရေးသားနေချိန်သည်(မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်အကျနေ့)၁၃၇၄ခုနှစ်၊တန်ခူးလဆန်း
(၆)ရက်၊(၁၆-၄-၂၀၁၃)ရက်နေ့၊အင်္ဂါနေ့ ဖြစ်ပါ၏။အလုပ်ကိစ္စ ပြီး၍ အခန်းသို့ ပြန်လာတော့အချိန်မှာ (ည၁၀း၂၀ခန့်)ရှိပါပြီ။ ချက်ချင်းကြီး အိပ်မရသေးပါ။

တစ်ချိန်လုံးကြီး ဂီတသံများဖြင့်ဆူပူနေသောနားတစ်စုံသည်ရုတ်တရက်နားအေးပါးအေးဖြစ်သော်လည်းအရှိန်မကုန်သေး
ဘူး ထင်ပါ၏။
မြန်မာ့ သင်္ကြန်နှစ်သစ်ကူးကာလ မဏ္ဍပ်ရှေ့၌တစ်နေကုန် နီးပါး မူးရူး၊ပျော်ပါး နေကြသည့်သူများကိုကြည့်၍ ကျွန်တော် သံဝေဂ အကြီးအကျယ်ရနေမိတာလဲပါသည်။

ရုတ်တရက်အိပ်မပျော်သေးလျှင် လုပ်လေ့ရှိသည့် ထုံးစံအတိုင်း စာအုပ်စင်မှ နီးစပ်ရာစာတစ်အုပ်ဆွဲယူဖတ်မိရာ-
"မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး"၏ "သူတော်ကောင်းလက္ခဏာသြ၀ါဒ တရားတော်နှင့် နံနက်ခင်း သြ၀ါဒတရားတော်
များ"စာအုပ်ဖြစ်နေလေ၏။
ကျွန်တော်ဖတ်ရှုမိသော စာတစ်ပုဒ်မှာ အောက်ပါစာပုဒ်ဖြစ်ပါသည်။"ဆရာတော်ကြီး"ရေးသားဆုံးမထားပုံလေးက-

"ဟို လွန်ခဲ့တဲ့ ဘ၀ပေါင်းများစွာက တစ်ကန့်၊ယခု ဘ၀ ကတစ်ကန့်၊ နောက် လာမည့်ဘ၀က တစ်ကန့် လို့
ဘုန်းကြီး က ယူဆ ထားတယ်။
ဟိုဘက် ဘ၀ က ဓာတ်တွေဟာ ဒီ အကန့်ထဲပါလာ၊ ဒီဘ၀ ဒီအကန့်ထဲပါလာ၊
ဒါလေးကို မြတ်စွာဘုရားက ဘယ်လိုများ အမိန့်ရှိတုံး။"

"ကုသလာ၊ကုသလံ-ကုသိုလ်၊အကုသိုလ်ဖြစ်တဲ့
ကမ္မံ-ကမ္မစေတနာသည်
ဝိပါကာနံ-အကျိုးဝိပါက်တို့အား
ကမ္မပစ္စယေန=ကမ္မပစ္စယ သတ္တိဖြင့်
ပစ္စယော=ကျေးဇူးပြုသည်
ဟောတု=ဖြစ်၏"…တဲ့။

"ဟို ဘ၀က ကုသိုလ်ပြုပြု၊အကုသိုလ်ပြုပြု၊အဲဒီ ကုသိုလ် အကုသိုလ်ကံ ဓာတ်ခံ အဖြစ်နဲ့ခန္ဓာကိုယ်မှာသတ္တိကျန်ရစ်တယ်။
ဘာသတ္တိလဲ၊ ကမ္မပစ္စည်းသတ္တိ ကျန်ရစ်တယ်။ အဲဒီ ကမ္မပစ္စည်းသတ္တိ က သင့်တော်တဲ့အချိန်ကျရင် အကျိုးပေးပါရော။

ဒါကြောင့် အဲဒီ ဓာတ်ခံကလေးဟာ ပြန်ပြီးတော့ စဉ်းစားရမယ်။ ကိုယ့်ကိုယ်ကိုယ် ဒီအကန့် ကနေပြီးတော့ လွန်ခဲ့တဲ့ ဘ၀သံသရာကို မှန်းကြည့်လို့ရှိရင် ငါ ဘယ်လို ဓာတ်ခံပါသလဲ။
ငါ ဒီဘ၀အကျိုးပေးတဲ့မျိုးရိုး၊ ဘယ်လိုဓာတ်ခံကြောင့် ဘယ်လို အမျိုးအရိုး ပေးတယ်၊
ငါ ဒီဘ၀မှာ ရုပ်အဆင်းက ဘယ်လိုကုသိုလ်ဓာတ်ခံကြောင့် ဘယ်လိုရုပ်အဆင်းမျိုးလာပေးတယ်။"

"ငါ ဒီဘ၀မှာ စည်းစိမ်ဥစ္စာ က ဘယ်လို ဓာတ်ခံကြောင့် စည်းစိမ်ဥစ္စာလာပေးတယ်။ဒါလေးတွေလေ။
ဒီကံနဲ့ ကံရဲ့ အကျိုးပေးပုံတွေကိုကြည့်ရင် ငါ ဘယ်လိုဓာတ်ခံပါလာတယ်။
ငါ့စိတ်နေ စိတ်ထားဟာလေ ဘယ်လိုသဘောရှိတယ်။ကောင်းတယ်၊မကောင်းဘူး။ကိုယ့်ဟာကိုယ် အသိဆုံး။
အဲဒီ သိတဲ့ဥစ္စာ ကောင်းလည်း ရှေးဘ၀ ကဓာတ်ခံပဲ။မကောင်းလည်း ရှေးဘ၀ကဓာတ်ခံပဲ။"

"အဲဒီ ဓာတ်ခံဟာ ဒီအကန့်ကိုရောက်လာတယ်။ ဒီအကန့်ကိုရောက်လာတော့ ဒီအကန့်က နောင်လာမယ့် ဘ၀သံသရာလှမ်းမျှော်လိုက်တဲ့အခါကျတော့…
ဟာ…ဒီဘ၀ ဓာတ်ခံတွေဟာ နောင်လာမယ့် ဘ၀သံသရာတွေမှာ ဆက်ဦးမှာပါလား။
နိဗ္ဗာန် မရ မချင်း ဆက်ဦးမှာပါလား။ဟော ဒီလို သဘောပေါက်တော့..
အို…… ဒီဘ၀မှာလေ သိပ်ကောင်းအောင် ကြိုးစားချင်စိတ်ပေါ်လာတယ်။အလွန်ကောင်းတယ်၊အလွန်ကောင်းတယ်။
ဒါ မစဉ်းစားလို့ မဖြစ်ဘူး" ဟူ၍ဖြစ်ပါ၏။

ထိုသို့ ဆရာတော်ဘုရားကြီး၏ ထို ဆုံးမစာလေးဖတ်လိုက်ရသောအခါ ဘုရားရှင်လက်ထက်တော်အခါက "အရှင်အာနန္ဒာ"
မှ"ဗုဒ္ဓမြတ်စွာဘုရားရှင်"အား"ဘ၀"နှင့်ပတ်သက်သည့် မေးခွန်းလေးတစ်ခုမေးခဲ့ပုံကို သတိရမိလိုက်ပြန်ပါသည်။
လိုရင်းကလေးကိုသာ သိသာရုံတင်ပြလိုက်ပါသည်။
(အသေးစိတ် လေ့လာဖတ်ရှုလိုသူများ-တိကနိပါတ်၊အင်္ဂုတ္ထရ်၊ဒုတိယပဏ္ဍာသက ၃၊အာနန္ဒ၀ဂ် ၆-ပဋ္ဌမဘ၀သုတ်-ဖြစ်ပါ၏)

အခါတစ်ပါး၌ "အရှင်အာနန္ဒာ"သည် "ဗုဒ္ဓမြတ်စွာဘုရား"ထံ ဆည်းကပ်၍ ဤသို့ မေးလျှောက်လေသည်။
"မြတ်စွာဘုရား.."ဘ၀.,.ဘ၀.." ဟုဆိုပါသည်။
အဘယ်မျှလောက်သော အတိုင်းအရှည်ဖြင့် "ဘ၀".. ဖြစ်ပါသနည်း"

"အာနန္ဒာ..ကာမဘုံ၌ အကျိုးပေးသည့် ကံ မဖြစ်လျှင် ကာမဘ၀သည် ထင်ရှားဖြစ်ပေါ်နိုင်ဦးမည်လော"
"ကာမဘုံ၌ အကျိုးပေးသည့် ကံ မဖြစ်လျှင် ကာမ ဘ၀သည် ထင်ရှားမဖြစ်ပေါ်နိုင်ပါဘုရား"
"အာနန္ဒာ….ဤကဲ့သို့ "ကံ" သည် "လယ်ယာမြေ"နှင့်တူ၏။
"၀ိညာဉ်" သည် "မျိုးစေ့" နှင့်တူ၏။
"တဏှာ" သည် "ရေ" နှင့်တူ၏။
"အ၀ိဇ္ဇာ" ဖုံးလွှမ်းလျက် "တဏှာ" အနှောင်အဖွဲ့ ရှိနေကြသော "သတ္တ၀ါ" တို့အား
ယုတ်နိမ့်သော "ကာမဘုံ"၌ "ပဋိသန္ဓေ ၀ိညာဉ်" သည် တည်လေ၏။
ဤသို့လျှင် ဤဘ၀နောက်၌ တစ်ဖန်ဖြစ်ပေါ်မှုဟူသော ဘ၀သစ် သည် ဖြစ်လာလေ၏"

ကျွန်တော်သည် ယခုဘ၀ သေ ပြီးနောက် တစ်ဖန် ဘ၀သစ် ဖြစ်ပေါ်လိုသောစိတ် မရှိပါ။ယခုဘ၀နှင့်ပြတ်လိုက်ချင်ပါသည်။
နောင်လာမည့်ဘ၀တစ်ကန့်ကို မကူးရောက်ချင်ပါ။ဘ၀သစ်ဖြစ်လာမည်ကိုပင်ကြောက်ပါ၏။
အဘယ့်ကြောင့်ဆိုသော် ဘ၀သစ် ဖြစ်ပေါ်လာသည်နှင့် အို၊နာ၊သေ တွေဖြစ်တော့မည်ဖြစ်၏။

သို့ဖြင့်-
"မင်းကွန်းတိပိဋက ဆရာတော်ကြီး"၏"သံဝေဂလင်္ကာ"အတိုင်း-

"ရုပ်နာမ်ဓမ္မ ၊ သင်္ခါရ တို့
ကိုယ် က ဤပုံ၊ ဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲ၊သူတနဲဖြင့်
ဖောက်လဲတတ်စွာ၊ဓမ္မတာ ကို
ပညာစက္ခု ၊ မျှော်ထောက်ရှု၍

-ယခုပင်လျှင်၊မအိုခင်က
ကြိုတင်ကောင်းမှု၊ကြိုးစားပြုလော့။

-ယခုပင်လျှင်၊မနာခင်က
ကြိုတင်ကောင်းမှု၊ကြိုးစားပြုလော့။

-ယခုပင်လျှင်၊မသေ ခင်က
ကြိုတင်ကောင်းမှု၊ကြိုးစားပြုလော့။

ရတုချိန်ထောက်၊ဤခါထောက်မှ
ချုပ်ပျောက်ခန္ဓာ၊သေစိမ့်ငှာဟု
သတ္တ၀ါ ခပင်း၊ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက်၊ချိန်းအချက်လျှင်
တစ်စက်ကမှ ၊ မရှိကြဘူး"…ဟူသော သံဝေဂ သတိတရား အားကြီးလွန်းစွာ ဖြင့်..

အထက်ပါအတိုင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းမေးလိုက်မိခြင်းဖြစ်ပါသည်။
ထိုမေးခွန်းမှာ-"သံသရာမှာ ဘယ်ကိုမှ မသွားချင် တော့ဘူး"ဟူ၍ဖြစ်ပါ၏။

ရေးသားပြီးစီး..၁၃၇၄ခုနှစ်၊တန်ခူးလဆန်း(၆)ရက်၊(၁၆-၄-၂၀၁၃)ရက်နေ့၊အင်္ဂါနေ့-(ည-၁၁း၄၅)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့