Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 July 2012

သမ္မတဦးသိန်းစိန် စီးပွားရေးရာကိစ္စများ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ

ဘန်ကောက်၊ ဇူလိုင် - ၂၂

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နိုင်ငံတော်အလည်အပတ်ခရီး ရောက်ရှိလာပြီး ၄င်း၏ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးရာကိစ္စများကို အဓိကထား ဆွေးနွေးဖွယ်ရှိသည်။

ထိုင်းနိုင်ငံ ခရီးစဉ်အား နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်သည် ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး၊ မြန်မာသမ္မတကို ထိုင်းက ကော်ဇောနီခင်း ကြိုဆိုခဲ့သည်။ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ရက်နေ့တွင် လမ်ချာဆန်း ရေနက်ဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ပြီး နောက်တစ်နေ့(ဇူလိုင် ၂၃)တွင် ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်နှင့် တွေ့ဆုံပြီး ယင်းတွေ့ဆုံပွဲအပြီးတွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်မည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၄ ရက်တွင် မြဘုရားသို့ သွားရောက်ဖူးမြော်ကာ မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်သည်။
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် လုပ်ငန်းနယ်ပယ် အများအပြားတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိထားပြီး နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိပေ။

လမ်ချာဆန်း ရေနက်ဆိပ်ကမ်းမှာ မြန်မာနိုင်ငံတောင်ဘက်မှ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် လမ်းဖောက်ဆက်သွယ်ရန် စီစဉ်ထားသောနေရာဖြစ်သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးအသိုင်းအ၀ိုင်းကလည်း မြန်မာသမ္မတ၏ ခရီးစဉ်ကို အပြည့်အ၀ အသုံးချ၍ မြန်မာအစိုးရအနေဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်များကို ရှင်းရှင်းလင်းလင်းရှိစေရန်နှင့် အကာအကွယ်ပေးမှုအကြောင်း တိုးတက်ခိုင်မာစေလိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားသည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ရောက်ရှိခဲ့ကြောင်းသိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကြား နယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ရွှေ့ပြောင်းလုပ်သားများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ထားဝယ်ဆိပ်ကမ်းနှင့်ပတ်သက်သော ကိစ္စရပ်များကိုလည်း ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့