Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 April 2013

တဘ၀စာ အပါယ်လွတ်ရန် နည်းလမ်းကောင်း ( နိဂုံးပိုင်း )

အကြောင်းနှင့် အကျိုး
လောက၌ ဖြစ်ပေါ်သမျှသောအကျိုးတရားသည် အကြောင်းမရှိဘဲ ဖြစ်လာကြသည် မဟုတ်။ သက်ဆိုင်ရာအကြောင်းများကြောင့်သာ ဖြစ်ပေါ်လာသည်ချည်း ဖြစ်ကြကုန်၏။ အကြောင်းကြောင့်ဖြစ်ပေါ်လာသောအကျိုးများသည်လည်းတစ်ဖန် အကြောင်းအဖြစ်သို့ ရောက်ရှိပြန်ကာအခြားအကျိုးတစ်ခုကို ဖြစ်ပေါ်စေပြန်သည်။ ထိုနည်း ဖြင့် လောကကြီးသည် ကြောင်းကျိုးဆက်သဘာဝကြီးမျှသာ ဖြစ်နေတော့၏။ အကြောင်းမရှိဘဲနှင့် အကျိုးမဖြစ်ပေါ်နိုင်ချေ။ အကြောင်းတရားနှင့် ကင်းလွတ်၍ အကျိုးတရားဖြစ် ပေါ်သည်လည်းမရှိနိုင်ပေ။ အရာရာတိုင်းသည် သူ့အကြောင်းနှင့် သူ့အကျိုးဆက်စပ်ဖြစ် ပေါ်နေရချည်းသာ ဖြစ်ပေသည်။
သာဓကအားဖြင့် ဖော်ပြရလျှင် မြတ်စွာဘုရားရှင် လက်ထက်တော် တုန်း က သောတပန်ပုဂ္ဂိုလ်ကြီးတစ်ဦးရှိခဲ့ပါတယ်။ တစ်နေ့တော့ ဘုရားကျောင်းတော်မှ သီလယူ၊ ဥပုသ်စောင့်၊ ညအိပ်၊ နံနက်စောစောမှာငါးပါးသီလခံယူပြီးအိမ်ပြန်ခဲ့တယ်။ လမ်းခုလတ်ရောက်တော့ သောက်ရေအိုးစင်တွေ့လို့ ရေသောက်နေတုန်းဘုရင့်ဘဏ္ဍတော် ပစ္စည်းခိုးလာတဲ့သူခိုးကိုရဲမက်တွေကနောက်ကလိုက်ဖမ်းကြတယ်။ သူခိုးကမလွတ်နိုင် မှန်းသိတော့ ခိုးလာတဲ့ပစ္စည်းထုပ်ကိုရေသောက်နေတဲ့ သောတပန်ပုဂ္ဂိုလ်ကြီးနားပစ်ချပြီးထွက်ပြေးသွားတယ်။ အဲ့ဒီအချိန်မှာနောက်ကလိုက်လာတဲ့ ရဲမက်တွေကသောက်ရေအိုးစင်နားရောက်လာတော့ ခိုးလာတဲ့ပစ္စည်းထုပ်နဲ့ အနီးအနားမှာရှိတဲ့ သောတပန်ပုဂ္ဂိုလ်ကြီးကိုတွေ့တော့ သူခိုးမိပြီဆိုပြီးအထုပ်အထည်နဲ့ ဖမ်းခေါ်သွားတာပေါ့။ ဘယ်လိုမှ ဖြေရှင်းလို့ မရဘူး။ ခိုးမှုနဲ့ တစ်ခါတည်းသတ်ပစ်လိုက်ကြတယ်။ အဲ့ဒီအကြောင်းကိုရဟန်းတွေကဒါဟာမဖြစ်သင့်ဘူးဆိုတဲ့အကြောင်းပြောဆိုနေကြတုန်းဘုရားရှင်က ကြွလာပြီး ဖြစ်သင့် လို့ဖြစ်တာလို့ မိန့်တော်မူခဲ့တယ်။ ရဟန်းတွေကအမိန့်ရှိပါဘုရားလို့ ဆက်လျှောက်တော့ မြတ်စွာဘုရားရှင်ကသောတပန်ပုဂ္ဂိုလ်ကြီးရဲ့ အတိတ်ဇာတ်ကြောင်းကို ပြန်ဟောပြတယ်။
တစ်ခုသော ဘ၀ သောတပန်ပုဂ္ဂိုလ်ကြီးဟာစစ်တပ်မှာအုပ်ချုပ်ရတဲ့ စစ်သူကြီးတစ်ဦးဖြစ်ခဲ့တယ်တဲ့။ အဲ့ဒီတိုင်းပြည်မှာသူပုန်တွေကြွသောင်းကျန်းတော့ သူကခရီးသည်တွေကိုရေလမ်းခရီးသွားတဲ့နေရာမှာစောင့်ရှောက်ဖို့ တာဝန်ကျတယ်။ စက်လှေ၊ သင်္ဘောတွေနဲ့ ခရီးသွားတဲ့သူတွေ လုံခြုံအောင် စောင့်ရှောက်ပို့ဆောင်ပေးရတဲ့တာဝန်ပေါ့။ တစ်ညနေမှာစစ်သူကြီးရှိတဲ့လှေဆိပ်ကိုလူငယ်သမီးရည်းစားစုံတွဲခိုးပြေးလာသတဲ့။ ညအိပ်ကြတရတယ်။ စစ်သူကြီးကသမီးရည်းစားစုံတွဲကမိန်းကလေးကိုသဘောကျပြီးလိုချင်တော့ အကောက်ကြံပါတယ်။ သူ့ရဲ့ပတ္တမြားပျောက်တယ်လို့ ပြောပြီးသူရဲ့တပည့် လက်သားတွေနဲ့ လိုက်ရှာကြတော့ လှည်းပေါ်မှာပတ္တမြားတွေ့တာပေါ့။ အဲ့ဒီတော့မှ လူငယ်လေးကိုသူခိုးလို့စွပ်စွဲပြီးသတ်ပစ်လိုက်ကြတယ်။ ပြီးတော့မှ မိန်းကလေးကိုမတရားသိမ်းပိုက်လိုက်တယ်။ အဲ့ဒီမကောင်းမှုကံကြောင့် သေတော့ငရဲကျရတယ်။ ငရဲကကံကုန်လို့ ပြန်တက်လာတဲ့အခါ ယခုသောတပန်ပုဂ္ဂိုလ်ဖြစ်နေပေမယ့်လည်းသူပြုတဲကံကြောင့် သူခိုးလို့ အစွပ်စွဲခံရပြီးသေရတယ်လို့ မိန့်ကြားတော်မူခဲ့တယ်။
အဲ့ဒီသာဓကကိုထောက်ရှုပြီးလောကမှာမဖြစ်သင့်တာမရှိဘူး၊ အားလုံးဟာဖြစ်သင့်လို့ ဖြစ်ရတာ၊ ဆင်းရဲတာလည်း အတိတ်ဘ၀က သူများပစ္စည်းခိုးခဲ့လို့၊ ဒါနကုသိုလ်နည်းခဲ့လို့။ အမျိုးသမီးဖြစ်ရတာ၊ ယောက်ျားမဟုတ်၊ မိန်းမမဟုတ်ဖြစ်ရတာဟာကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခဲ့လို့။ သူတစ်ပါးလိမ်ညာခံရတာဟာကိုယ်လိမ်ညာခဲ့လို့။ စိတ်ဝေဒနာရှင် (အရူး) ဖြစ်ရတာဟာသုရာမေရယကံကျူးလွန်ခဲ့လို့ ဖြစ်ရတာပါ။ မိမိကိုယ် တိုင်ပြုခဲ့တဲ့ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားများကို ပြန်ခံစားရတာပဲ ဖြစ်ပါတယ်။ အကြောင်းမကောင်းလို့ အကျိုးမကောင်းရခြင်းဖြစ်ပြီး၊ အကြောင်းကောင်းလျှင် အကျိုးကောင်းမှာပါ။ အကြောင်းမစင်ကြယ်လျှင် အကျိုးလည်းစင်ကြယ်နိုင် မည်မဟုတ်ပါ။ အကြောင်းစယ်ကြယ်မှသာအကျိုးစင်ကြယ်မှာပဲ ဖြစ်ပါတယ်။
အကြောင်းတရားနှင့် အကျိုးတရားနှစ်ခုတို့တွင် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ရပုံအားသိရှိပြီးနောက် အကျိုးတရားမဖြစ်စေရန်အတွက်အဓိကလက် သည်ဖြစ်သောအကြောင်းတရားအားပယ်နိုင်ရန်အတွက် မှတ်သားထားတဲ့ သာဓကတစ်ခုကိုပြောပြချင်ပါတယ်။ တစ်ခါတုန်းကအမဲလိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့ မုဆိုးတစ်ယောက်ရှိပါသတဲ့။ အဲ့ဒီမုဆိုးဟာတစ်နေ့တော့ တောထဲကိုအမဲလိုက်ဖို့ရန်အတွက် သွားခဲ့ပါတယ်။ တောထဲရောက်တော့ တောခွေးတစ်ကောင်နဲ့ တွေကပါတယ်။ အဲ့ဒီတောခွေးကရန်မူနေတာနဲ့ သူ့မှာပါလာတဲ့ (ဟိုးရှေးခေတ်အတိုင်းပြောကြစို့) မြားနဲ့ ပစ်တယ်ဆိုပါစို့။ ခွေးကိုမထိပါဘူး၊ အပစ်ခံရတဲ့တောခွေးကမုဆိုးပစ်လိုက်တဲ့ မြားတံကိုလိုက်ပြီးကိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲမုဆိုးကနောက်ထပ်မြားတစ်ချောင်းနဲ့ ထပ်ပြီးပစ်လိုက်ရာခွေးကိုထိမှန်ပြီးသေပါရောတဲ့ ….။
မုဆိုးလည်းတောထဲကိုဆက်ပြီးဝင်သွားပါတယ်။ မကြာခင်မှာပဲ ခြင်္သေ့ တစ်ကောင်နဲ့တွေ့ပြန်ပါတယ်။ မုဆိုးလည်းအချိန်ဆွဲမနေဘဲပစ်ပြန်ပါတယ်။ ခြင်္သေ့ကိုမထိမှန်ပါဘူး၊ မထိမှန်တော့ မုဆိုးကနောက်ထပ်မြားတစ်စင်းထုတ်ပြီးပစ်မလို့ပြင်နေတုန်းမှာပဲ ခြင်္သေ့ဟာမုဆိုးကိုခုန်အုပ်ပြီးကိုက်သတ်လိုက်နိုင်ပါတယ်။
ဒီသာဓကကိုစိစစ်ကြည့်ရင် တောခွေးဟာ မြားလာရာအကြောင်းရင်းဖြစ် တဲ့ မုဆိုးဆိုတဲ့အကြောင်းတရားကိုမသတ်နိုင်ခဲ့တာကြောင့် မြားမှန်ပြီးသေတဲ့ အကျိုးတရားကိုခံစားသွားရခြင်းဖြစ်ပြီ ခြင်္သေ့ကတော့ မြားတံတည်းဟူသောအကျိုးတရားဟာမုဆိုးတည်းဟူသောအကြောင်းတရားကြောင့် ဖြစ်တယ်ဆိုတာသိလို့ အကြောင်းတရား၊ အကြောင်းရင်းကိုရှင်းလင်းနိုင်သဖြင့် အသက်ချမ်းသာရာရခြင်းဆိုတဲ့ အကျိုးတရားခံစားရတာကိုတွေ့ရမှာဖြစ်ပါတယ်။ အကြောင်းတရားကိုရှင်းလင်းမှ အကျိုးတရားမဖြစ်ပေါ်မှာပါ။ ဒါ့ကြောင့် အရာရာတိုင်းဟာသူ့အကြောင်းနဲ့ သူ့အကျိုးဆက်စပ်ဖြစ်ပေါ်နေရခြင်းအားရှင်းရှင်းလင်းလင်းသိမြင်နိုင်ရန်အတွက် အခြေခံပဋိစ္စသမုပ္ပာဒ် သင်တန်းတရားအားနာယူသည်ဖြစ်စေ၊ တက်ရောက်သင်ကြားသည်ဖြစ်စေတစ်နည်းနည်းဖြင့် ပြတ်သာနားလည် ကြိုးစားအားထုတ်လေ့လာသင့်ပေသည်။
ဤမျှလောက်ဆိုပါကရှေ့ပိုင်းတွင် ရေးသားဖော်ပြခဲ့သည့် မှန်ကန်သောယုံကြည်ကိုးကွယ်ဆည်းကပ်မှု၊ သရဏဂုံဆောက်တည်ပုံ၊ သီလတရားအားစင်ကြယ် အောင်ဆောက်တည်စောင့်ထိန်းရန် အရေးကြီးပုံ၊ ဥပုသ်စောင့်ခြင်း၊ ဒါန၊ သီလ၊ ဘာဝနာ တရားတို့တွင် ဘာဝနာတရားက ပိုမို၍ အကျိုးကြီးမားပုံ၊ အကျိုးကျေးဇူးရှိပုံ၊ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ပုံတို့အားနားလည်နိုင်ပြီဟုယူဆပါသည်။
ဤသို့ နားလည်သဘောပေါက်သည့်အတိုင်းအမှန်တကယ် လိုက်နာကျင့်သုံးပါကအသင်သည် ကလျာဏမိတ္တအဆင့်သို့ ရောက်ရှိမည်မှာအမှန်ပင်ဖြစ်ပါ သည်။ ကလျာဏမိတ္တအဆင့်သို့ ရောက်ရှိပြီးနောက် မဂ်တရား၊ ဖိုလ်တရားများရရှိစေရန် အတွက် အခြေခံဥာဏ်များဖြစ်သောကမ္မဿကတဥာဏ်၊ နာမရူပပရိစ္ဆေဒဥာဏ်၊ ပစ္စယပရိဂ္ဂဟဥာဏ်၊ ယထာဘူတဥာဏ်တို့အားဆက်လက်လေ့လာရပေမည်။
နိဂုံး
ကျွန်ုပ်အပါအ၀င် ပုထုဇဉ်လူသားအားလုံး သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရာအမှန် မြတ်နိဗ္ဗာန်ကိုရရှိရန်အတွက် ၀ိပဿနာတရားပွားများအားထုတ်ရမယ်ဆိုတာ မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခုဖြစ်ပါတယ်။ နိဗ္ဗာန်ရောက်ရန်အတွက် ကျင့်ကြံအားထုတ်မှသာရောက်နိုင်ပါတယ်။ နတ်ပြည် (၆) ထပ်နဲ့ လူဘုံဟာသုဂတိ (၇) ဘုံဖြစ်ပြီးအပါယ်(၄) ဘုံကတော့ ဒုဂ္ဂတိဘုံဖြစ်ပါတယ်။ လူဘုံမှ နိဗ္ဗာန်ကိုရရန်အတွက် ကျင့်ကြံသည့်နည်း (၃) နည်းရှိပါတယ် ..။
၁။ ကံလမ်း - ဒါန၊ သီလဆောက်တည်၍ ကျင့်ကြံအားထုတ်သည့်လမ်း။
၂။ ဈာန်လမ်း - သမထတရားကျင့်ကြံအားထုတ်သည့်လမ်း။
၃။ ဥာဏ်လမ်း - ၀ိပဿနာတရားပွားများ၍ ကျင့်ကြံအားထုတ်သည့်လမ်း
ကံလမ်းနှင့် ဈာန်လမ်းဟာနိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိုင်ပါ။ နိဗ္ဗာန် ရောက်ကြောင်းအထောက်အပံ့ကောင်းသာ ဖြစ်ပါမယ်။ ဥာဏ်လမ်းကတော့ အကောင်းဆုံးနှင့် အမြန်ဆုံးလမ်းပဲဖြစ်ပါတယ်။ သစ္စာတရားပြသတတ်သောဆရာသမားကောင်းနှင့် တွေ့ပြီးကိလေသာကြားမခိုစေဘဲကျင့်ကြံအားထုတ်နိုင်လျှင် မနက်အားထုတ်ကညရနိုင်၊ ညအားထုတ်ကမနက်ရနိုင်သောလမ်းကောင်းဖြစ်ပါတယ်။ ကိလေသာကြားခိုလို့ မရနိုင် သည်ထားအုံး၊ ၇ ရက်၊ ၇ လ၊ ၇ နှစ်အတွင်းရနိုင်ပါတယ်။ ဒီဘ၀မရနိုင်တောင် သေခါနီး ၀ိပဿနာတရားနှလုံးသွင်း၍ သေဆုံးပါက နောက်ဘ၀ နတ်မဖြစ်ခင် သောတာပတ္တိ မဂ်ဖိုလ်ကိုရနိုင်ပါတယ်။ နိဗ္ဗာန်ကိုရောက်လိုပါက ၀ိပဿနာတရားကိုသာ ကျင့်ကြံပွားများအားထုတ်ရမှာ ဖြစ်ပါတယ်။
အပါယ် (၄) ဘုံကတော့ ဒုဂ္ဂတိဘုံဖြစ်ပါတယ်။ ချမ်းသာကင်းသောဘုံများကိုအပါယ်ဘုံလို့ခေါ်ပြီး၊ ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံလို့ ဘုံ (၄)မျိုးရှိပါတယ်။ အပါယ်ကျရခြင်းဟာအကျိုးတရားဖြစ်လို့ အပါယ်ကျရခြင်းရဲ့ အကြောင်းတရားကိုရှာဖွေပြီးအကြောင်းတရားကိုသတ်နိုင်ပါကအကျိုးမလာနိုင်တော့ပါ။
အပါယ်လေးဘုံကိုရောက်ရတာလည်းအောက်ပါအကြောင်းတရား (၂) ခုကို ပြုလုပ်လို့ ရောက်ရခြင်း ဖြစ်ပါတယ်။
၁။ ကြမ်းကြမ်းတမ်းတမ်းဖြင့် အပါယ်လေးဘုံရောက်တဲ့နည်း
၂။ သိမ်သိမ်မွေ့မွေ့ အပါယ်လေးဘုံရောက်တဲ့နည်းဟူ၍ ဖြစ်ပါတယ်။
ကြမ်းကြမ်းတမ်းတမ်းနဲ့ အပါယ်ကျရခြင်းမှာဒုစရိုက် (၁၀) ပါး၊ အပြား (၄၀) ကျူးလွန်မိလို့ဖြစ်ပြီးသိမ်သိမ်မွေ့မွေ့နဲ့ အပါယ်ကျရခြင်းမှာတော့ ဒုစရိုက်မှုများမကျူးလွန်သောလည်းဘဲမိမိတို့စိတ်မှာဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟဓါတ်တွေကိုမပယ်သတ်နိုင်လို့ အပါယ်ကျရခြင်းပဲ ဖြစ်ပါတယ်။
ယနေ့အချိန်မှာ ဗုဒ္ဓဘာသာဝင်အချို့ဟာမိမိတို့ရည်မှန်းချက်ပန်းတိုင်ဖြစ် တဲ့ နိဗ္ဗာန်ကိုဘာမှန်းမသိလို့ လူတွေတော်တော်များများကမသွားချင်တော့ဘူးဆိုတဲ့ အခြေအနေကိုရောက်နေပြီဖြစ်မယ်လို့ ထင်ပါတယ်။ ဒါ့အပြင် တရားထိုင်တယ်ဆိုတာကလည်းဘာပဲပြောပြောတစ်ခဏတော့ စိတ်ချမ်းသာရတယ်ဆိုတဲ့ အတွေး (စိတ်ကူး) နဲ့ ဆောင်ရွက်နေကြတဲ့အဆင့်ကိုရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများရဲ့ အသိမှာလည်းနိဗ္ဗာန်ဆိုတာကောင်းတယ်။ အပါယ်ဆိုတာမကောင်းဘူး။ နိဗ္ဗာန်ဘာလို့လိုချင်တာလဲဆိုရင် နိဗ္ဗာန်ဟာကောင်းလို့ပေါ့။ အပါယ်ဘာလို့ မလိုချင်လဲဆိုရင် အပါယ်ဆိုတာမကောင်းလို့ပေါ့လို့ ပြန်ဖြေသူတွေများနေပြီ ဖြစ်ပါတယ်။ ဘယ်လောက်ထိဆိုးနေပြီလဲဆိုရင် မြတ်စွာဘုရားသည် ဓမ္မစကြာတရားဦးကို ပဉ္စ၀ိဂ္ဂီငါးပါး အား ၀ါဆိုလပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှာဟောကြားတယ်လို့ သုတမယဥာဏ် နည်းစွာနဲ့ ပြောနေတာကို ကြားခဲ့ဖူးပါတယ်။ ကျွန်ုပ်ရဲ့မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းအချို့မှာပင် စာဖတ်ချင်စိတ်ရှိပေမယ့်လည်းသူတို့ရဲ့ မိသားစုဘ၀ စားဝတ်နေရး အတွက် ရုန်းကန်လှုပ်ရှားနေရသောကြောင့် စာဖတ်ဖို့ အချိန်မပေးနိုင်ကြောင်း၊ ဗုဒ္ဓတရားတော်၊ ဗုဒ္ဓစာပေတွေဟာပါဠိလိုရေးသားတာများလို့ အလွယ်တကူနားမလည်နိုင်လို့ ဖတ် ချင်ပေမယ့် မဖတ်နိုင်ကြောင်း၊ ဒါ့အပြင် တရားစာအုပ် ထူထူကြီးများမြင်လျှင် ဖတ်ရှု လေ့လာရမှာကိုကြောက်နေပြီးစာဖတ်ရန်တိုက်တွန်းလို့ကိုပင် မရနိုင်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၀ိပဿနာတရားစာပေ၊ ဗဟုသုတများကိုလေ့လာ၍ မိတ်ဆွေ၊ ဆွေမျိုးဥာတိ၊ လုပ်ဖော်ကိုင်ဖက်အားလုံးတို့အား တစ်ဘ၀၊ နှစ်ဘ၀ အပါယ်မကျ နိုင်သည့် စူဠသောတာပန်ဥာဏ်မရရင်တောင် အနည်းဆုံးသရဏဂုံနှင့် သီလတရားအားသိရှိနားလည်စေလိုသည့် စေတနာအမှန်တကယ်ရှိသည့်အတွက် စာပေစုဆောင်းရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ အပါယ်မကျစေရန်အတွက် ဒုစရိုက် (၁၀) ပါးကိုမကျူးလွန်မိအောင် သီလတရားကိုစောင့်စည်းစောင့်ထိန်းမယ်၊ မိမိတို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟဓာတ်တွေကိုမဖြစ်ပေါ်လာအောင် ဒါနဆိုတဲ့ ပေးကမ်းခြင်းနဲ့ လောဘ (လိုချင်မှု) အကုသိုလ်ကိုပယ်ရမယ်။ သီလဆိုတဲ့ စောင့်ထိန်းမှုနဲ့ လွန်ကျူးမယ့် အပြစ်ကိလေသာတွေကိုပယ်သတ်ရမယ်။ သမာဓိ (သမထ) ဆိုတဲ့ တည်ငြိမ်မှုနဲ့ ကိလေသာထကြွမှုတွေကိုပယ်သတ်ရမယ်။ ၀ိပဿနာဘာဝနာနဲ့ ကိန်းနေတဲ့ ကိလေသာ (အနုသယကိလေသာ) ကိုပယ်သတ်ကြရမှာပဲ ဖြစ်ပါတယ်။
စူဠသောတာပန်ဖြစ်ဖို့ကဆရာကောင်းသမားကောင်းနဲ့တွေ့ရင် အင်မတန် လွယ်ကူကြောင်းနားလည်သဘောပေါက်အောင်သာလေ့လာဖို့လိုကြောင်းဒါကြောင့် ကျွန်ုပ်တို့အားတရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးနိုင်သူဆရာကောင်းထံအချိန် မနှောင်းမီဆည်းကပ်ကြရန် အချိန်တန်ပြီဖြစ်လို့ အချိန်မီ ကြိုးစားရှာဖွေ အားထုတ်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့