Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 April 2013

စာနာတတ်တဲ့ နှလုံးသားရှိဖို့


တစ်ချိန်သောအခါမှာ မြတ်ဗုဒ္ဓက သာဝတ္ထိမြို့ထဲ ဆွမ်းခံကြွတော်မူပါတယ်။
မြတ်ဗုဒ္ဓဆွမ်းခံကြွလာတဲ့အခါမှာ ကလေးများက ထန်းမြွေမြို့ဖြစ်တဲ့ မြွေတစ်ကောင်ကို တုတ်နဲ့ရိုက်နေကြပါတယ်။
ဒါကို မြတ်ဗုဒ္ဓကတွေ့တော်
မူတော့ ကလေးတွေကို မေးတော်မူပါတယ်။

"အို ကလေးတို့၊ ဘာများလုပ်နေကြတာတုန်းကွဲ့"
" မြွေပါဘုရား၊ တုတ်နဲ့ ရိုက်နေကြတာဘုရား"

" ဘာကြောင့် ရိုက်ကြရတာလဲ ကလေးတို့ရဲ့"
" ကိုက်မှာ ကြောက်လို့ ဘုရား.."

"ကလေးတို့ မင်းတို့က ကိုယ်ချမ်းသာဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ဒီမြွေ ရိုက်နှက်ကြရင်
ရောက်ရာဘ၀မှာ ချမ်းသာမှုရကြမှာ မဟုတ်ဘူး၊ ကိုယ့်ချမ်းသာမှုအတွက်နဲ့ သူတစ်ပါးကို ရိုက်နှက်ပုတ်ခတ်ဘို့ မသင့်တော်ပါဘူးကွယ်" လို့ မြတ်ဗုဒ္ဓက ကလေးတွေကို ဖျောင်းဖျပြောဆိုတော်မူပါတယ်။

အဲဒီနောက်မှာ..
သတ္တ၀ါဆိုတာ-ချမ်းသာခြင်းကို၊ အလွန်အမင်း-လိုရှိတာ၊
ကိုယ်ချမ်းသာရန်-မျှော်မှန်းထားလို့၊ ချမ်းသာလိုလား-သူ့ကိုသာ၊

ညှဉ်းဆဲသူများ-နောင်အခါ၊ ကိုယ့်မှာချမ်းသာ-မဖြစ်ပွား၊
ညှဉ်းဆဲကင်းကွာ--သူကသယာ၊ နောင်ခါကြီးပွား-ချမ်းသာများ။

"သတ္တ၀ါတွေဆိုတာဟာ ချမ်းသာကို အလိုရှိကြတာချည်းပဲ၊ ကိုယ့်ချမ်းသာကို အလိုရှိတာနဲ့ ကိုယ့်လို ချမ်းသာလိုတဲ့ သတ္တ၀ါတွေကို ညှဉ်းဆဲတဲ့သူဟာ နောင်ဖြစ်ရာဘ၀မှာ ချမ်းသာသုခကို မရနိုင်ဘူး။
သတ္တ၀ါတွေဆိုတာ ကိုယ့်ရောသူပါ ချမ်းသာလိုကြတာချည်းပဲ၊ ကိုယ်ချမ်းသာချင်တာနဲ့ ကိုယ့်လိုချမ်းသာချင်ကြတဲ့ သတ္တ၀ါတွေကို မညှဉ်းဆဲ မနှိပ်စက်တဲ့သူကသာ နောက်ဘ၀တွေမှာ ချမ်းသာသုခကို ရနိုင်ကြတယ်။" အဲသလို ဆုံးမဟောပြောတော်မူလိုက်တော့
ကလေးတွေရဲ့ ပါရမီအဟုန်ကြောင့် ကလေးငါးရာ သောတာပန်ဖြစ်သွားတယ်လို့ ဓမ္မပဒအဋ္ဌကထာ(၂၊ ၃၃) မှာ သမ္ဗဟုလကုမာရ၀တ္ထု ဆိုပြီး မှတ်တမ်းတင်ထားပါတယ်။

ကြုံတွေ့နေရတဲ့ လက်ရှိ လူ့ဘ၀မှာကော.. ကိုယ်ချမ်းသာဖို့အတွက်
သူတစ်ပါးကို မညှာတာနိုင်သူတွေ ဒုနဲ့ဒေးရှိသလို၊ ညှာတာ စာနာသူတွေကလည်း နည်းမှာမဟုတ်ပါဘူး။

တစ်ချို့က ကိုယ်ချမ်းသာဖို့အတွက်ဆို အသက်တစ်ချောင်းသတ်ဖို့ ၀န်မလေးတတ်ပါဘူး၊ ရိုက်ပုတ်ညှဉ်းဆဲဖို့ကတော့ အသာလေးပေါ့၊ ကိုယ်ချမ်းသာဘို့ဆို အလေးခိုးဖို့ အတုကို အစစ်လုပ်ဖို့ အတုနဲ့အစစ်ရောနှောရောင်းဖို့ ၀န်မလေးတတ်ကြဘူး၊ ခိုးနည်းမျိုးစုံ ၀ှက်နည်းမျိုးစုံ အတုမျိုးစုံလုပ်ကြတယ်လေ။
လိမ်မှု ညာမှုမှာလည်း ဘုရင်တစ်ဆူလုပ်ချင်ကြတယ်၊ လိမ်နည်းညာနည်း မျိုးစုံနဲ့ပေါ့။ အဲသလိုပါပဲ..
ဆဲဆိုပြီး အမနာပစကားပြောရမယ့်နေရာတွေမှာ ပြောဆိုဖို့ဆို နည်းပညာတက္ကသိုလ်မတက်ရပဲ အလိုလို တတ်ကြပြန်တယ်။

တကယ်တော့ ကိုယ်ချမ်းသာချင်သလို သူလဲချမ်းသာချင်မှာပဲ၊ ကိုယ့်အသတ်မခံချင်သလို သူလဲအသတ်ခံချင်ပါမလား၊ ကိုယ့်အပေါ် အတုကို အစစ်ပါလို့ ညာရောင်းရင် ဘယ်လိုနေမလဲ၊
ကိုယ့်ပစ္စည်း ခိုးခံရရင် မခံချင်သလို သူကော ခံချင်ပါ့မလား။

ကိုယ့်အလိမ်အညာမခံချင်သလို သူများလဲ လိမ်ညာမှု မခံချင်ပါဘူး၊ ကိုယ့်ကို ရိုင်းစိုင်းဆဲဆိုပြီး ဆက်ဆံတာ မကြိုက်သလို သူများလဲ မကြိုက်ပါဘူး။
သတ္တ၀ါတွေရဲ့ တူညီတဲ့ ဆန္ဒဟာ မကောင်းတာဆို မလိုချင်ပဲ ကောင်းတာမှန်သမျှ လိုချင်ကြတာပဲမဟုတ်လား။
ဒါကြောင့် အရာရာတိုင်းမှာ ကိုယ်ချင်းစာနာ သနားညာတာတဲ့ စိတ်ဓာတ်ကလိုအပ်ပါတယ်၊ အဲဒါကို လူသားချင်းစာနာတယ်လို့ လူ့လောကမှာ သုံးနှုန်းနေကြတာပါပဲ။ မြတ်ဗုဒ္ဓကတော့ လူသားချင်းသာမက သတ္တ၀ါချင်းပါ စာနာတတ်တဲ့ နှလုံးသားရှိဖို့ ဒီဝတ္ထုလေးမှာ မိန့်တော်မူတယ်လို့ အနှစ်သာရကောက်ချက်ချမိပါတယ်။
အားလုံး စာနာတတ်တဲ့ နှလုံးသားနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေ....
အကိုး၊ ဓမ္မပဒဋ္ဌကထာ (ဒု-၂၊ ၃၃) ဗုဒ္ဓအလိုတော်ကျကျင့်သုံးနေထိုင်နည်း (အရှင်ကုမာရ)
တွေးမိသလို ရေးမိတာမို့ အမှားပါရင် ခွင့်လွတ်ပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့