Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

ပဋိပက္ခတွင်ပါသည့် အသင်း၊ ကစားသမားနှင့် နည်းပြများကို ပြစ်ဒဏ်ချမှတ်

ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်) ၂၀၁၃ ခုနှစ် မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပြိုင်ပွဲဖြစ်တဲ့ နေပြည်တော်နဲ့ ရန်ကုန် ယူနိုက်တက် ဘောလုံးကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားစဉ် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်တဲ့ ကစားသမား၊ ဘောလုံးနည်းပြနဲ့ အသင်းတွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အရေးယူလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့က ကျင်းခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲမှာ နှစ်ဖက်ကစားသမားအကြား ရန်ပွဲဖြစ်ပွားရာကနေ လာရောက်အားပေးတဲ့ ပရိသတ်တွေကလည်း ပွဲကြည့်စင်က ခုံတွေကို ရိုက်ချိုး ဖျက်ဆီးတဲ့အထိ လုပ်ဆောင်ခဲ့တာပါ။

ဘောလုံးပွဲ ကျင်းပခဲ့တဲ့ကွင်း ပျက်စီးသွားတဲ့အတွက် နေပြည်တော်အသင်းနဲ့ ဘောလုံးအဖွဲ့ချုပ်တို့က ပျက်စီးမှုရဲ့ တ၀က်စီကို ကျခံရမှာ ဖြစ်သလို ၂၀၁၄-၁၅ ခုနှစ် ဘောလုံးရာသီမှာတော့ နေပြည်တော်အသင်းကို အိမ်ကွင်းကစားခွင့် ၁၁ ပွဲ ပိတ်ပင်ခဲ့တယ်လို့  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်က ရေးပါတယ်။

ဒါ့အပြင် အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ နေပြည်တော်အသင်းက  ကစားသမား ခိုင်ထူးကို  ကစားခွင့် တရာသီ ပိတ်ပင်ခဲ့ပြီး ဇော်လင်းကို ၅ ပွဲပယ်ပြီး ဒဏ်ငွေ ၅ သိန်း၊ တင်ဇော်မိုးနဲ့ ဇော်မျိုးဦးတို့ကို ၅ ပွဲပယ် ဒဏ်ငွေ ကျပ် ၂ သိန်းစီ ချမှတ်ခဲ့ပါတယ်။

နေပြည်တော်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနဲ့  နည်းစနစ်အကြံပေး ဦးမျိုးဝင်းတို့ကို  ၃ ပွဲပယ်နဲ့ ဒဏ်ငွေ ၅ သိန်း ချမှတ်လိုက်ပါတယ်။ ရန်ကုန် ယူနိုက်တက်ဘောလုံးအသင်းက လက်ထောက် နည်းပြ ဦးတင်မောင်ထွန်းကိုလည်း ၃ ပွဲပယ်နဲ့ ဒဏ်ငွေ ၅ သိန်း၊ ကစားသမား ကြည်လင်းကိုတော့ ၃ ပွဲပယ်ပြီး ဒဏ်ငွေ ၅ သိန်း ချမှတ်ခဲ့ပါတယ်။

ဒီပွဲပယ်ပြစ်ဒဏ်တွေဟာ ၂၀၁၄-၁၅ ဘောလုံးရာသီအတွက် ပိတ်ပင်ခဲ့တာလည်းဖြစ်ပါ တယ်။ ဒီလိုပွဲပယ် ပြစ်ဒဏ် ချမှတ်တာနဲ့ပတ်သက်ပြီးတော့ ၀ါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေးကတော့ အခုလို ပြောပါတယ်။

“ဒီလိုကြီး ရုပ်ပျက်ဆင်းပျက် မြန်မာပြည်ရဲ့ ရာဇ၀င်မှာ တခါမှ မရှိဖူးတဲ့အထိ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပွဲဖျက်လိုက်ရတဲ့အထိ ဆိုတော့ သိပ်ပြီးဆိုးဝါးတာပေါ့။ အားလုံးကို အပြစ်တင်ရမယ့် သဘောမျိုး ဖြစ်နေတယ်။ ဒါမျိုးဖြစ်တာ ကျနော်တို့ ရှောင်ဖို့ကောင်းတယ်။ လူကြီးတွေရော၊ လူငယ်တွေရောပေါ့ဗျာ။ လူကြီးတွေသတိထားဖို့၊ လူငယ်တွေက ရှောင်ဖို့ပေါ့။ ဒါကြီးဟာ တော်တော်ကြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီ။ မဖြစ်အောင် ကြိုးစားပေးကြပါ၊ မဖြစ်အောင် နေပေး ကစားပေးကြပါ။”

အခင်းဖြစ်ပွားခဲ့တဲ့ နေပြည်တော်က  ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းဟာ လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆီးဂိမ်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပဖို့ လျာထားတဲ့ နေရာဖြစ်ပြီး  ဒီနေရာမှာ  အခင်းဖြစ်ပွားခဲ့တဲ့အပေါ်လုံခြုံရေးအားနည်း တယ်ဆိုပြီး ပြစ်တင် ဝေဖန်မှုတွေ ရှိနေပါတယ်။

အခုလို ဘောလုံးသမားနဲ့ နည်းပြတွေကို အရေးယူလိုက်သလို ဘောလုံးကွင်းထိုင်ခုံတွေကို ဖျက်ဆီးခဲ့တဲ့ ပွဲကြည့်ပရိသတ်တွေကိုလည်း နေပြည်တော်ရဲတပ်ဖွဲ့က အမှုဖွင့် တရားစွဲဆိုထားပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့