Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 19 August 2013

သံတောင်ကြီး ရွှေတွင်း ပြိုကျမှု လူငါးဦး သေဆုံး၊ လေးဦး ဒဏ်ရာရ

 ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ်ခွဲ သပြေညွန့် ကျေးရွာအုပ်စု၊ လွန်ပူးတောင်နှင့် တစ်မိုင်ခန့် ကွာဝေးသော ရွှေတူးဖော်ရေး လုပ်ကွက် တစ်ခုတွင် သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ရွှေတွင်း ပြိုကျ၍ ရွှေလုပ်သား ငါးဦး သေဆုံးကာ လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သံတောင်ကြီး မြို့နယ်ခွဲရှိ သပြေညွန့် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice ...သို့ ပြောကြားသည်။

သောက်ရေခပ် ချောင်းဘေးရှိ ရွှေလုပ်ကွက်တွင် ရွှေလုပ်သား ကိုးဦးသည် မှုန်စုပ် စက်ကြီးများဖြင့် ချောင်းခေါင်းထိုး လုပ်ငန်းများ (ရွှေတူးမည့် နေရာကို လူအားသုံးကာ ရေပိုက်နှင့် ထိုးခြင်း) ဆောင်ရွက်စဉ် ရုတ်တရက် တွင်းပြိုကျကာ ကိုကျော်လင်းနိုင် (၂၂) နှစ်နှင့် ညီဖြစ်သူ ကိုအောင်သူထွန်း (၂၀) နှစ်တို့ အပါအဝင် ကိုချစ်မင်းသူ၊ ကိုဌေးဝင်း၊ ကိုမြင့်တို့ ငါးဦးသည် မြေစာများ ပိပြီး နေရာတွင် သေဆုံးခဲ့ကာ ကျန်လေးဦးမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိသဖြင့် ဇရပ်ကြီး ကျေးရွာ တိုက်နယ် ဆေးရုံနှင့် ထန်းတပင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“ရုတ်တရက်ဆိုတော့ ရေပိုက်ခေါင်းကလည်း မပိတ်မိကြဘူး ထင်တယ်။ သေတဲ့ လူငယ်တွေမှာ တချို့က ရေမွန်းပြီး သေတဲ့ ပုံသဏ္ဌာန် တွေ့ရတယ်။ မြေစာခဲ ပိတဲ့ ဒဏ်လည်း ပါမှာပါ။ ရေပိုက်ခေါင်း ထိုးတဲ့နောက်ကို လူက လိုက်ဝင်ကြရတာဆိုတော့ တွင်းပြိုတယ်ဆိုရင် အားလုံး မြေစာပိတာပဲ” ဟု ယင်းဖြစ်ရပ်ကို မျက်မြင် တွေ့ရှိသူ ရွှေ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

သေဆုံးသူများထဲမှ နှစ်ဦး၏ ရုပ်အလောင်းကို ၎င်းတို့ နေထိုင်ရာ တောင်ငူ ခရိုင် ထန်းတပင်မြို့နယ် ခုံစုကျေးရွာသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူ အချို့၏ နေရပ်လိပ်စာများကိုမူ မသိရှိရသေးကြောင်း ထန်းတပင် မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရွှေတွင်း ပြိုကျ၍ သေဆုံးခဲ့ရသော လူငါးဦးထဲမှ နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သူ ညီအစ်ကို နှစ်ဦး၏ မိသားစုဝင်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ နာရေးကိစ္စ စီစဉ်နေပါသဖြင့် ပြန်လည် ဖြေ ကြားနိုင်ခြင်း မရှိကြောင်း ပြောကြားသည်။

ဒဏ်ရာရသူ လေးဦးသည် သြဂုတ်လ ၁၇ ရက်နေ့တွင် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ထန်းတပင်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ခွဲ သောက်ရေခပ် ချောင်းဖျားနှင့် ထန်းတပင်မြို့နယ် အနီးတစ်ဝိုက်တွင် တရားမဝင် ရွှေတူးဖော်သည့် လုပ်ငန်းငယ်ပေါင်း ရာနှင့်ချီကာ လုပ်ကိုင်လျက်ရှိပြီး လက်နက်ကိုင် အဖွဲ့အစည်း အချို့၏ တားမြစ်မှုများကြောင့် နိုင်ငံတော်သို့ တရားဝင် အခွန် ပေးဆောင်၍ ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ကျထားသော ကုမ္ပဏီကြီးများမှာ လုပ်ကိုင်ခွင့် မရရှိကြောင်း အဆိုပါ ဒေသတွင် ရွှေ တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရွှေတွင်း ပြိုကျကာ လူသေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သံတောင်ကြီး မြို့နယ်ခွဲ သပြေညွန့် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ယခုဖြစ်စဉ် မတိုင်မီက ကလောမြို့နယ် ရွှေမင်းဘုံဒေသရှိ အာရှကမ္ဘာမြေ ပိုင် ရွှေတူးဖော်ရေး လုပ်ငန်းခွင်အတွင်း မေလ ၁ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ရာ ရွှေလုပ်သား ၃၀ ဦး အနက် ၁၇ ဦး သေဆုံးခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့