Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

ခြေလှမ်းစိပ်လာသော CPI နှင့် မြစ်ဆုံအရေး

 မြန်မာတို့၏ သတို့သမီးအဖြစ် တင်စားကြသည့် ဧရာဝတီမြစ် စတင်သည့် မြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်း ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည်ဖော်ရန် တရုတ် အစိုးရပိုင် China Power Investment Corporation (CPI) က ယခုနှစ်အတွင်း အင်အားကြီး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီ များနှင့် ခပ်စိပ်စိပ် တွေ့ဆုံ ဆွေးနွေးလာသည်ကို တွေ့မြင်ရသည်။

CPI က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် လူထု ထောက်ခံမှု အများဆုံး ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ၂၀၁၃ ခုနှစ် မေလအတွင်းက မြစ်ဆုံစီမံကိန်း ပြန်အသက်သွင်းရန် ချဉ်းကပ်ခဲ့သည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အမိန့်ဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရပ်ဆိုင်း ထားသော ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည် တည်ဆောက်လိုကြောင်း တရုတ် အစိုးရနှင့် China Power Investment Corporation မှ တာဝန်ရှိသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တို့နှင့် ယခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းလျက် ရှိသည်။

“၂၀၁၅ ခုနှစ်မှာ ပြန်စနိုင်ဖို့ မျှော်လင့်မထားဘူး” ဟု CPI က စီမံကိန်း ပြန်လည် စတင်ရန် တာစူနေ သည့်ကြားမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ဇူလိုင်လအတွင်း ပြောဆိုသည်။

တရုတ် ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ NLD ပါတီ ကိုယ်စားလှယ်များ မေလအတွင်း ၁၀ ရက်ကြာ သွားရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်တွင် တရုတ်အစိုးရက မြစ်ဆုံစီမံကိန်း ပြန်စလိုကြောင်း ပြောကြားခဲ့သည်။

“မြစ်ဆုံကတော့ လုံးဝ လက်ရှောင်သင့်ပါပြီ။ ပြန်မစသင့်ဘူး” ဟု မြစ်ဆုံ စီမံကိန်းအတွင်း သဘာဝ ပတ်ဝန်းကျင် ထိခိုက် နစ်နာမှု ရှိ မရှိ လေ့လာခြင်း EIA စစ်တမ်း ကောက်ယူရာတွင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည့် ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာန ပါမောက္ခ ဦးညိုမောင်က ဆိုသည်။

ဧရာဝတီ မြစ်ဆုံတွင် တည်ဆောက်မည့် စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘဝ ထိခိုက်ခြင်းတို့အပြင် ကချင်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များပါ ပျောက်ကွယ်သွား မည် ဖြစ်ခြင်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ လူမှု အဖွဲ့အစည်းများနှင့် ဒေသခံများ က အဆိုပါ စီမံကိန်းကို ကန့်ကွက်နေကြသည်။

“အရင်တုန်းကလည်း ကန့်ကွက်တယ်။ အခုလည်း ကန့်ကွက်တယ်။ သေသည့် တိုင်အောင် ကန့်ကွက် ဦးမှာပဲ” ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောကြားသည်။

မြစ်ဆုံ စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ကချင်ပြည်နယ် မြစ်ဆုံအနီး တန်ဖဲရွာတွင် နေထိုင်သူများကို ကျေးရွာသစ်သို့ ပြောင်းရွှေ့ခြင်းကြောင့် ဒေသခံများ၏ လူနေမှု ဘဝနှင့် အသက်မွေးဝမ်းကျောင်း စိုက်ပျိုးရေး လုပ်ငန်းများကို ထိခိုက်သည့်အတွက် မူလနေရာတွင်သာ ပြန်လည် နေထိုင်လိုကြောင်း ဒေသခံများကလည်း ပြောဆိုသည်။

ဧရာဝတီမြစ်အတွင်း ရေကာတာ စီမံကိန်းများ အကောင်အထည်ဖော်ရန် CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ နားလည်မှု စာချွန်လွှာကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူ စာချုပ်တွင် ဆည် ခုနစ်ခုမှ လျှပ်စစ်ဓာတ်အား ထုတ်ယူမည်ဖြစ်ရာ မေခမြစ် ပေါ်တွင် ငါးခု၊ မလိခမြစ်ပေါ်တွင် တစ်ခုနှင့် မေခ-မလိခ မြစ်ဆုံတွင် တစ်ခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ ဆည် ခုနစ်ခုမှ လျှပ်စစ်ဓာတ်အား ၁၆,၅၀၀ မဂ္ဂါဝပ် ရရှိမည် ဖြစ်ခြင်းကြောင့် အပြည်ပြည် ဆိုင်ရာ စံနှုန်းဖြင့် ကြည့်ပါက ရေသိုလှောင်ထားမည့် ဧရိယာ စုစုပေါင်းနှင့် ထွက်ရှိမည့် လျှပ်စစ် မဂ္ဂါဝပ် အချိုးမှာ ၃ ဒသမ ၅ ဟက်တာ မဂ္ဂါဝပ် ဖြစ်သဖြင့် စီးပွားရေးအရမူ တွက်ခြေကိုက်ကြောင်း ပါမောက္ခ ဦးညိုမောင်က ပြောကြားသည်။

သို့သော် ဂေဟစနစ် ပျက်စီးခြင်း၊ ဇီဝ မျိုးစုံ မျိုးကွဲများအပေါ် သက်ရောက်မှု ရှိခြင်း၊ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း ထိခိုက်မှုရှိခြင်းတို့အပြင် ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်နိုင်ခြင်း စသည့် ဆိုးကျိုးများစွာ တွေ့ကြုံလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

တရုတ် အစိုးရက NLD၊ NDF၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်၍ စီမံကိန်း ပြန်လည် စတင်ရန် ဆွေးနွေးခဲ့သည့်အပြင် ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်တွင် CPI ဥက္ကဋ္ဌ Mr.Li Guanghua က ၈၈ မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီး၊ ဦးမြအေးတို့နှင့် ထပ်မံ ဆွေးနွေးခဲ့သည်။

“စီမံကိန်း တည်ဆောက်ရေး အပိုင်းကို မူလ အစီအစဉ်အရ ၂၀၁၇ မှာ အပြီးသတ်မှာ။ ဒါပေမဲ့ အခု ၂၀၁၅ မှာ ပြန်စမယ် ဆိုရင်တောင် စီမံကိန်း အပြီးသတ်ဖို့ အချိန် အများကြီးယူရဦးမယ်” ဟု China Power Investment Corporation (CPI) ယူနန်ရုံး၏ အကြီးတန်း ကိုယ်စားလှယ် Mr.Wang ၏ ပြောဆိုချက်ကို Europian Commision ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဒေသခံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ လူမှုဘဝ၊ စီးပွားရေး လုပ်ငန်းများသည် ဧရာဝတီမြစ် စီးဆင်းမှုနှင့် ပတ်သက် ဆက်နွှယ်နေရာ အစိုးရအနေနှင့် အဆိုပါ စီမံကိန်း ဆက်လက်အကောင် အထည် မဖော်သင့်တော့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက မှတ်ချက်ပေး ပြောကြားသည်။

“ဒီမြစ်ကြီး အနှောင့်အယှက် အတားအဆီးမရှိ ထာဝရ စီးဆင်းနိုင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် စီမံကိန်း လုံးဝ ဆက်မလုပ်ဖို့ ကန့်ကွက်သွားမှာပဲ” ဟု ၎င်းက ဆိုသည်။

“EIA၊ SIA ကို ပြည့်ပြည့်စုံစုံ မလုပ်ရသေးခင် မြစ်ဆုံကတော့ လက်ရှောင်ထားသင့်ပါသေးတယ်။ အဲဒါတွေ အကုန် လုပ်ပြီးပြီ။ နိုင်ငံတကာကလည်း ထောက်ခံချက် ပေးတယ် ဆိုရင်တော့ တစ်မျိုး စဉ်းစားဖို့ ရှိမယ်လို့ ထင်တယ်” ဟု ၂၀၁၁ ခုနှစ်အတွင်း က မြစ်ဆုံ စီမံကိန်း အကန့်အသတ်မရှိ ရပ်ဆိုင်းရန် ပြောဆိုထားခဲ့ဖူးသူ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။

မြန်မာနိုင်ငံရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် မကိုက်ညီပါက အရေးယူမည် ဖြစ်ကြောင်း တရုတ် ကွန်မြူနစ်ပါတီ ပေါလစ် ဗျူရိုကလည်း ပြောဆိုထားသည်။

ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများတွင် မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး ၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ ရေအားလျှပ်စစ် စီမံကိန်းတို့ ပါဝင်ပြီး စုစုပေါင်း စက် တပ်ဆင် အင်အားမှာ ၁၈,၄၉၉ မဂ္ဂါဝပ် ရှိကြောင်း စီမံကိန်း အချက်အလက်များအရ သိရသည်။

အဆိုပါ စီမံကိန်းမှာ မြန်မာနိုင်ငံအတွက် ၁၀ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ ရောင်းချမည် ဖြစ်ကြောင်း မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းမထားမီ ၂၀၁၁ ခုနှစ် အစောပိုင်းက အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက ပြောဆိုခဲ့သည်။

တရုတ် စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာ အစိုးရအကြား သဘောတူ ချုပ်ဆိုထားသော စာချုပ်များ ကို ပြည်သူလူထု သိအောင် ပွင့်လင်းစွာ ချပြသင့်ပြီး ပြင်ဆင်ရန် လိုအပ်သော စာချုပ်များကို ပြင်ဆင်ရန်လိုကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြကြသည်။

တရုတ် အစိုးရပိုင် CPI က ပြန်လည် စတင်လိုနေသည့် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက ယခုကဲ့သို့ ပြတ်သားစွာ ပြောဆိုလိုက်သည်။
“ကျွန်တော်တို့ တရုတ်ပြည် သွားတုန်းကရော၊ ရန်ကုန်မှာ တွေ့တော့ရော CPI ကို အတိအလင်း ပြောထားပြီးပြီ။ မြစ်ဆုံ စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးကိုသာ လိုလားတယ်” ဟု ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့