အိုဘယ့် ပန်းသီရှင်
ပန်းကလေးများ၊ ပွင့်တော့မည်..
ဖူးတံဝင့်လို့ချီ၊
--------------------------
အိုဘယ့် ပန်းသီရှင်၊
အသင်သီမည့်ပန်းသည် ဘယ်ပန်းတည်း၊
ခတ္တာလော..သော်ကလော..စပယ်လော..
အမည်များကော ရှိလေသလော..
မွှေးပါ၏လော၊ သင်း၏လော..
လှပါ၏လော၊ တင့်၏လော..
လန်းပါ၏လော၊ ဆန်း၏လော..
ထိုပန်းအကြောင်း၊
သိချင်ပါဘိ..ပြောပါဘိ။ ။
...........
ယခုဆောင်းပါးကိုရေးရန် ကျွန်ုပ် အနေနှင့်အင်မတန်ဝန်လေးလှပါသည်။ အဘယ့်ကြောင့် ဆိုသော် ဆင်ခေါင်းခွေးမချီနိုင်ဖြစ်မှာ စိုးလှသည်။ ရေးချင်သောအကြောင်းအရာကကျယ်ဝန်း လှသလောက် ရေးသားမည့် ကျွန်ုပ်၏ ကလောင်သွားသည်မှီမှ မှီပါ့မည်လောဟု စိုးရိမ်သည်ကတချက်၊ ရေးပြီးသော်ငြား ခုတ်ရာတလွဲ ရှရာတခြားဖြစ်တတ်လွန်းသော အွန်လိုင်းမီဒီယာသုံးစွဲသူများ၏ ခံယူချက်ကို အားမရသည်ကတကြောင်း၊ မိမိထက် ပညာ၊ သိက္ခာ၊ ဂုဏ်ဝါကြီးမြင့်သော ပညာရှင်များ၏ အကဲ့ရဲ့ခံ ရမည်ကို စိုးရွံ့မိသည်ကတစ်မျိုးဖြင့် အင်မတန်ဗျာများလှပါတော့သည်။
သို့သော်လည်း လိုအပ်သူတဆိတ်စာတို့ကို ဘာမျှမဟုတ်လှသော ကျွန်ုပ်၏ အိုင်ဒီယာ (အိုင်ဒီယာဟု နာမည်တပ်ပါသည်။ ပညာမဟုတ်ပါ) ကိုမျှဝေပေးလိုသော အာသီသ ၏ တိုက်တွန်းမှုကြောင့် ရေးပါတော့မည်ဟု ဆုံးဖြတ်လိုက်မိပါတော့သည်။
လူတိုင်းသည် ပန်းကလေးများကို သီကုံးသည့် ပန်းသီရှင်များ ဖြစ်နိုင်ကြပါသည်။ သို့သော် သင့်ထံတွင် အမျိုးမျိုးအဖုံဖုံသီကုံးစရာ ပန်းပေါင်းများစွာရင်လည်း ရှိနေရမည်။ သို့မဟုတ် ထိုပန်းများကိုရနိုင်မည့်နေရာ ရင်လည်း ရှိနေရမည်။ အထွတ်၊ အလည်၊ အကြား၊ အဆုံးအထိ မြင်သူတကာ လက်ဖျစ်ခတ်တီး အံ့ချီးသည်အထိ လှပစွာ သင်သီကုံးနိုင်ပါသည်။ ထိုမျှလောက် မဟုတ်သော်မှ သင့်၏စေတနာ၊ သင်၏စိတ်ဓါတ်၊ သင်၏ ပညာစွမ်းအရ ကောင်းလှပါသည်ဟု မဆိုနိုင်စေကာမူ မဆိုးသားပဲ ဟုသောမှတ်ချက်နှင့်တကွ အသိအမှတ်ပြုမှုကို အဘယ့်ကြောင့် မရနိုင်စရာရှိသတည်း။
ပန်းသီကုံးသူနှင့် ပမာတူစွာ စာလွှာဖွဲ့ကျူး ကလောင်မြူးမည့် အို..စာရှုသူ။
ယခု ကျွန်ုပ် သိထားသော နည်းလမ်းကို အသင်အား မျှပါတော့မည်။ ကျယ်ပြောလှသောပညာနယ်ပယ်ဟူသော ရေပြင်ကျယ်တွင် ပညာလိုလား အမျိုးကောင်းသား၊ အမျိုးသမီးအတွက် အပ်နဖားပေါက်မျှ အကျိုးရှိခဲ့သော်ငြား ကျွန်ုပ် ယခုဆောင်းပါးကို ရေးရကျိုးနပ်ပေတော့သည်ဟုကျေနပ်မည်ဖြစ်ကြောင်း ဦးစွာပထမ ပြောကြားလိုက်ပါသည်။
ဥယျာဉ်ကြီးနှင့်တူသော အွန်လိုင်းမီဒီယာ
သစ်ပင်၊ ပန်းမာလ်၊ ဝေဆာတင့်ဆန်း၊ လန်းချင်တိုင်းလန်း.. တင့်ချင်တိုင်းတင့်၊ စွင့်ချင်တိုင်းစွင့် နေသော ထိုပန်းဥယျာဉ်ကြီးထဲတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းအတွက် တရားရှာမှီးသော သူတော်စင်ကဲ့သို့ ပုဂ္ဂိုလ်များလည်းရှိနိုင်ပါသည်။ အစားလွန်ကြူး ဘီလူးကဲ့သို့ သားသတ်မုဆိုး လူသူခိုးတို့လည်း ခိုအောင်းနေနိုင်ပါသည်။ လာသမျှပေါက်သတ်၊ အစွယ်ကိုဖွက်ပြီး အခွင့်သာခိုက် ခြုံထဲကအငိုက်ချောင်းနေသော မြွေဆိုးများ ရှိသကဲ့သို့ လာသမျှကို ရန်ပြု၊ သူ့ကိုအံတုမည့်သူဟု အထင်မှား တောဘုရင် ကျားများလည်းရှိနိုင်ပါသည်။ ထိုကဲ့သို့သော ဥယျာဉ်ကြီးထဲတွင် အသက်ကို ဥာဏ်စောင့်ပြီး သတိကိုတမာန်၊ ဥာဏ်မြေကို ကတုတ်လုပ်ကာ မိမိကိုယ်ကို စောင့်ရှောက်ရန်အလွန်အရေးကြီးလှပေသည်။
အသွားမတော်တလှမ်း၊ အစားမတော်တလုပ်ဆိုသကဲ့သို့ အမှတ်တမဲ့၊ ပေါ့ပေါ့ဆဆလေး တွေးပြီး လုပ်လိုက်ရုံဖြင့် ကိုယ်ကျိုးနည်းရရှာမည်။ တောတောင်ရေမြေသဘာဝကိုလည်း အကဲခတ်တတ်ပြီး ပိုသည်မရှိ လိုသည်သာရှိသော သတိတရားဖြင့် မိမိလုပ်သမျှ အလုပ်ကို သေသေချာချာအာရုံစိုက်ပြီး တောလမ်းသွား ခရီးသွားယောင်္ကျားကဲ့သို့ ပြုကျင့်ရပေမည်။
ယခု အသင်သည်လည်း လူပေါင်းစုံ၊ စရိုက်ပေါင်းစုံ၊ အတတ်ပညာပေါင်းစုံရှိသော အွန်လိုင်းလောကကြီးထဲတွင်ရောက်ရှိ နေပါသည်။ တစ်စုံတစ်ခု ရလိုမှု၊သိလိုမှုအတွက် သင်ကိုယ်တိုင် လှည့်လည်နေသကဲ့သို့ သင့်ထံမှ တစ်စုံတစ်ခုကို မျှော်ကိုး၍ လှည့်လည်နေသောသူများ ဒုနဲ့ဒေးရှိနေနိုင်ပေသည်။ သင်သည် ထိုလောကကြီးမှ တစ်ခုခု ရသွားသည်ဆိုအံ့။ ထိုတစ်ခုခုသည်လည်း သင့်အတွက် အကျိုးရှိငြားအံ့။ သင့်အနေဖြင့် တတ်နိုင်သမျှ ပြန်လည် တုံ့ပြန်ရန် ၀တ္တရား ရှိသည်ဟု ခံယူလျှင်လည်း မှားသည်မဆိုနိုင်ပါ။ ယခုအခါ ပညာပေးဆောင်းပါးများ၊ သုတ၊ ရသ စာတမ်းများ ကို ကလောင်နာမည်အမျိုးမျိုးဖြင့် ထုတ်ဖော်တင်ပြနေကြသည်မှာ အလွန်ဝမ်းမြောက်မိပါသည်။ အသွားမတော်တလှမ်းကြောင့် ဘေးရောက်ရသလို အရေးမတော် တစ်ကြောင်းကြောင့် စာအညွန့်ကျိုးမည့်အရေးကိုလည်း ကြောင့်ကြသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ယောက်နှင့် တစ်ယောက် စကားပြောနေရုံ၊ ဆွေးနွေးနေရုံမျှဖြင့် ကိစ္စ မရှိသော်ငြား၊ အသင်တို့၏ ကိုယ်စား၊ ကိုယ်ပွားများအဖြစ် စာလုံးများက အသုံးတော်ခံတော့မည် ဖြစ်သဖြင့် အသင်၏ရုပ်လုံးနှင့် စိတ်နေစိတ်ထား၊ စေတနာတို့သည်ကား မည်သို့မျှ ဖုံးကွယ်ရန် မဖြစ်နိုင်တော့ပေ။ အသိပညာမှတ်ကျောက်ပေါ်တွင် အစမ်းခံ၊ အတင်ခံရမည်ဖြစ်သဖြင့် သင့်အနေဖြင့် ခံနိုင်ရည်ရှိရန်အလွန်လိုအပ်လှပေသည်။
စာညွှန့်ကျိုးသွားသော ကလောင်ရှင်အဖို့ မိမိ၏ ကလောင်ကို ပြောင်းရေးရန်ဆိုသည်မှာ မိမိကိုယ်ကို လေးစားသော မည်သူမျှ လုပ်နိုင်သောအနေအထားမျိုး မဟုတ်ပါ။
ကလောင်ပြောင်းရေးသော်ငြား စာဖတ်သူများအဖို့ ပင်ကိုယ်လေကိုဖမ်းပြီး မည်သူ၊ မည်ဝါဟု အကဲခတ်ခြင်းသည်လည်း ခက်ခဲစရာ အကြောင်းမရှိပါ။ ထိုအခါ ပိုအရှက်ကွဲပြီး အဖတ်ဆည်မရဖြစ်သွားနိုင်ပါသည်။
ထို့ကြောင့် ကလောင်တည်းဟူသော လက်နက်ဖြင့် အသည်းနှလုံး ဟဒယကို ချိန်ရွယ် ပစ်ခတ်သော အတတ်ကို အရမ်းကာရော အသုံးမချစေချင်ပါ။
မိမိကိုယ်၊ မိမိတန်ဖိုးထာသကဲ့သို့ မိမိကလောင်ကိုလည်း တန်ဖိုးထားရမည်။ မိမိကိုယ် မိမိကာကွယ်သကဲ့သို့ မိမိကလောင်ကိုလည်း ကာကွယ်ရမည်။ ပြေးစရာ၊ ပုန်းခိုစရာ နေရာမရှိသော စာတော၊ ပေတောထဲတွင် ခရီးသွား ယောင်္ကျားကဲ့သို့ ပတ်ဝန်းကျင်ကို မျက်လုံးဖွင့်၊ နားစွင့်နေရမည်ဖြစ်ပါသည်။
လယ်တီဆရာတော်ဘုရားကြီး၏ ခံယူချက်ကိုလည်း လူငယ်များအတွက် ပြောပြလိုပါသည်။
ဆရာတော်ကြီးကို ဒကာတစ်ယောက်က အောက်ပါအတိုင်းလျှောက်ထားပါသည်။
အရှင်ဘုရားအနေနဲ့ အလွန် အောင်မြင်ကြီးကျယ်တဲ့ လုပ်ငန်းကြီးများကို ထမြောက်အောင်မြင်အောင် စွမ်းနိုင်သည်မှာ တပည့်တော်အင်မတန်မှ အားကျကြည်ညိုမိပါသည်ဘုရား၊ အဘယ့်ကဲ့သို့သောခံယူချက်၊ လုံ့လ၀ီရီယဖြင့် ကြိုတင်စဉ်းစားအားထုတ်ခဲ့ပုံကို တပည့်တော်တို့ အတုယူနိုင်ရန် သနားသောအားဖြင့် နည်းလမ်းများချီးမြှင့်ပေးပါဘုရားဟု လျှောက်ထားခဲ့ပါသည်။
ထိုအခါဆရာတော်ဘုရားကြီးက
ဘုန်းကြီးအနေနဲ့ အကြောင်းအရာတစ်ခုကို မစခင်မှာ
၁) အရင်ဆုံး သေသေချာချာသိအောင် နည်းလမ်းမှန်သမျှကိုသုံးပြီး လေ့လာပါတယ်
၂) ပညာရှိများနှင့်တိုင်ပင်ပါတယ်။
၃) ဒီလုပ်ငန်းကို အဆုံးသတ်နိုင်မသတ်နိုင်၊ ၀န်နှင့်အားမျှမမျှ ချိန်ဆပါတယ်။
၎) ပြီးရင် စပြီးလုပ်ဆောင်ပါတယ်။ လုပ်ရင်းနဲ့မှန်သွားတာရှိသလို.. မှားသွားခဲ့ရင်လည်း
၅) ဆက်လုပ်ပါတယ်..အမှားထဲက သင်ခန်းစာယူနိုင်သမျှယူပြီး ဆက်လုပ်ပါတယ်..
၆) နောက်ဆုံးလုပ်ရင်း၊ လုပ်ရင်းနဲ့မှန်သွားပါတယ်
ဟု ပညာ၊ ၀ီရီယအားကိုးပြီး မဆုတ်မနစ်ကြိုးစားသင့်ကြောင်း အမိန့်ရှိသည်ကို မှတ်သားခဲ့ရဖူးပါသည်။
စာလွှာသီကုံးမည့် ၀ါသနာရှင်မောင်မယ်များအဖို့လည်း ဆရာတော်ကြီး၏ သြ၀ါဒတန်ဖိုးကို နားလည်အောင်အထူးကြိုးစားသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျယ်ပြောလှသည့်အွန်လိုင်းမီဒီယာကြီးတွင် လူပညာရှိ၊ ရဟနုးပညာရှိတို့ မချီးကျူးရင်နေပါစေ၊ အကဲ့ရဲ့မခံရအောင် မိမိတို့၏ သုတ၊ စာဂ တို့ကို ကျစ်လစ်စွာ ဆည်းပူးပဲ့ပြင်ပြီး သကာလ မိမိနှင့်ထိုက်တန်သော အဆင့်အတန်းကို မိမိရေးသားလိုက်သော စာအလျှောက် ဖန်တီးနိုင်မည်ဖြစ်ပါသည်။
မိမိနှင့်ထိုတ်တန်သောနေရာကို ဖန်တီးရယူရေးသည် မိမိကိုယ်မိမိ လေးစားသော လူသားတိုင်း၏ တာဝန်ပင် မဟုတ်ပါလော။
မိမိ၏ ကမျောက်ကချောက်ဆောင်းပါးအတွက် သြ၀ါဒများကို တိုက်ရိုက်ခေါင်းစဉ်တပ်ပြီး လိုရာဆွဲရေးရန် မ၀ံ့ရဲလှပါသောကြောင့် ကိုယ်ပိုင်ခေါင်းစဉ်ဖြင့်သာ တင်ပြပါတော့မည်။
ဇာတ်လမ်း၊ ဇာတ်ကွက်များ၊ လှည့်ကွက်များဖြင့် တန်ဆာဆင်အပ်သော ၀တ္တုရေးခြင်းအပိုင်းကို ဆိုလိုခြင်းမဟုတ်ပဲ ကျွန်ုပ် ၀ါသနာပါရာ ဆောင်းပါးရေးသားခြင်းအကြောင်းကိုသာ သိသလောက်မျှဝေပါမည်။ လိုအပ်သည်၊ လက်ခံထိုက်သည်ဟု ယူဆသူများအဖို့ အနည်းငယ်မျှ အကျိုးရှိလျှင် ရေးသားရကျိုးနပ်ပါပြီ။
အဖူး
မိမိအနေနှင့်မည်သည့်အကြောင်းအရာ ကိုပဲရေးရေး တတ်နိုင်သလောက်သိအောင်အားထုတ်ရပါမည်။ သင်သည် ပန်းသီသမားဖြစ်သည်ဆိုပါစို့။ လက်ထဲတွင် ရည်မှန်းထားသလောက် ပန်းများမလုံသောက်သည့်အခါ ပန်းများကို အရင်စုဆောင်းရမည်မဟုတ်ပါလော။ ထိုသို့်မဟုတ်ပါက ပန်းများလျော့နည်း ကျိုးတို့ကျဲတဲဖြင့် မတင့်မတယ် မဖွယ်မရာဖြစ်ပြီး ပင်ပန်းခဲ့သလောက် အသိအမှတ်ပြုမခံရသည့်အပြင် အကဲ့ရဲ့ပါ ခံရနိုင်ပါသည်။ထိုအခါစိတ်ဓါတ်ကျပြီး တက်လုဆဲဆဲ စိတ်ဓါတ်ကို အညွန့် ချိုးလိုက်သလိုဖြစ်သွားနိုင်သည်။
လေးပစ်သမားသည် မိမိပစ်လိုသည့် ပစ်မှတ်မှ တပါး အာရုံမလွင့်အောင် ချိန်သကဲ့သို့ မိမိတင်ပြလိုသည့်အကြောင်းအရာကို မိမိကိုယ်တိုင် ခေါင်းထဲတွင် ရှင်းရှင်းပြတ်ပြတ်တွေးထားဖို့လိုအပ်လှသည်။
မိမိကိုယ်တိုင်မှ မပီဝိုးတ၀ါး ဖြစ်နေသော စာကို စာဖတ်သူအနေဖြင့် မည်သို့မျှ သဘောပေါက်ရန် အကြောင်းမရှိပါ။ ထို့ကြောင့် အရင်ဆုံး လေ့လာပါ။ စုဆောင်းပါ၊ တွေးပါ။
ရည်ရွယ်ချက်ကို မိမိကိုယ်တိုင် ပြတ်သားအောင်မြင်ပါစေ။ မြင်သည့်အတိုင်းစာဖတ်သူတို့လည်း မြင်နိုင်အောင် အာရုံစိုက်ထားပါ။ ဓူဝံကြယ်ကိုကြည့်ပြီး ခရီးသွားသော ယောင်္ကျားကဲ့သို့ မည်သည့်နေရာရောက်ရောက် ရည်ရွယ်ရာမှ သွေဖည်ခြင်းမရှိရအောင် လုံ့လသတိကြပ်ကြပ်ထားပြီး လိုရင်းကို ပြန်ပြန်ကောက်ပါ။ ဖတ်သူတိုင်းက လိုရင်းကိုရိပ်မိအောင် စာပရိယာယ်ဖြင့် မျက်စပစ်ထားပါ။ ပန်းငုံလေးတစ်ခုကိုတွေ့သည်နှင့် မည်သည့်ပန်းပွင့်လေမည်နည်းဟု တွေးတောကြသကဲ့သို့ စာဖတ်သူတို့၏ သိလိုစိတ်ကို အယောင်ပြမိတ်ဆက်ပြရပါမည်။
မိမိစာ၏ ဂုဏ်သိက္ခာသည် အစပျိုးလိုက်သော အကြောင်းအရာကောင်းလျှင်ကောင်းသလောက်တန်ဖိုး မြင့်တက်လာနိုင်စရာအကြောင်းရှိပြီး နောက်ပိုင်းဆက်လက်ရေးသားရန် စာချောပြီးသားလည်း ဖြစ်သွားနိုင်ပါသည်။ အစကောင်းမှ အနှောင်းသေချာနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် စာတစ်ပုဒ်၏ ဆွဲဆောင်မှုရှိမရှိသည် အစပိုင်းပေါ်တွင် မူတည်ပါသည်။ ဘယ်လောက်ကောင်းသော အကြောင်းအရာဖြစ်ပါစေ .. မိတ်ဆက်အပျိုးမကောင်းပါက စာဖတ်သူကို အဆုံးအထိဆွဲခေါ်သွားနိုင်စွမ်း မရှိပါ။ ထိုအပိုင်းသည် အကြောင်းအရာတစ်ခုလုံး၏ ငါးပုံတစ်ပုံခန့်၊ သို့မဟုတ် ထို့ထက် လျော့နည်းနိုင်ပါသည်။ များလွန်းသွားပါက ရှေ့ဆက်ဖတ်ရန် အီလည်လည်ဖြစ်သွားနိုင်ပါသည်။ လင်းကြက်ဖြင့်အတန်ဆော်ပြီ၊ အမောင်ဘယ်ဇာတ်မှန်း မသိဆိုသကဲ့သို့ ဖတ်သူခဏအတွင်း ငြီးငွေ့သွားနိုင်ပါသည်။ အပွင့်လေးဖြစ်လာမည့်အစဦး အဖူးလေး၏ ကျက်သရေရှိမှု၊ ပိုးပေါက်အနာကင်းမှုသည် ပွင့်လာမည့်ပန်းလေး၏ တန်ဖိုးကို ကြိုတင်ခန့်မှန်းနိုင်သကဲ့သို့တည်း။ အဖူးလေး ကောင်းကြပါစေ။
အငုံ
ပွင့်ရန်အားယူနေသော အငုံလေး၏ မချင့်မရဲဖြစ်စေမှုကို စာရှုသူတို့ခံစားဖူးပါလိမ့်မည်။ နေ့ပဲပွင့်တော့မလား၊ ညပဲပွင့်တော့မည်လား မျှော်တလင့်လင့် ရင်တထိတ်ထိတ်ဖြင့် တစိမ့်စိမ့်ကြည့်လို့မ၀၊ ရှုလို့မဆုံးဖြင့် ပွင့်ရန်အားတယူယူဖြစ်နေသော အငုံလေးကား ဆွဲဆောင်နိုင်စွမ်းပါဘိ။ ထိုကဲ့သို့ မိမိတို့တင်ပြမည့်အကြောင်းအရာတွင် ပျိုးလာသမျှကို ထပ်လောင်းပြီး ဆင့်ကဲအားဖြည့်ပေးမည့် အကိုးအကား များထည့်သုံးနိုင်ပါသည်။ ထိုအကိုးအကားနှင့် စာပရိယာယ်သည် အဖူးမှ အငုံကိုပေါင်းကူးပေးသော အကြောင်းဖြစ်သည်ကိုလည်း မေ့မထားသင့်ပါ။ အပျိုးပိုင်းမိတ်ဆက်စာမြည်းမှ တဆင့် တကယ့်အကြောင်းအရာကို ကူးတော့မည့် စပ်ကူးမတ်ကူးအနေအထားဖြစ်ပါသည်။ ထိုအနေအထားတွင် လှပသောဖွဲ့စည်းမှုဖြင့် ညင်သာစွာ ဆွဲခေါ်နိုင်ရပေမည်။ ပြေးလမ်းမှတရှိန်ထိုးပြေးလာသော လေယာဉ်ကြီးသည် ဝေဟင်သို့ ငြိမ့်ကနဲ့တက်သွားသကဲ့သို့တည်း။ ဖတ်သူတို့၏ အာရုံမပျံ့လွင့်စေပဲ အပျိုးပိုင်းကို လှပစွာ ဇာတ်သိမ်းပြီး အကြောင်း၏အစ (အငုံ) ပိုင်းကို ဖွင့်လှစ်စေရပါမည်။ ထို့ကြောင့် အဖူးမှ အငုံပိုင်းသည် ရင်ကြားစေ့ရုံမျှသာဖြစ်သဖြင့် အကြောင်းအရာ မကျယ်ဝန်းစေကာမူ အင်မတန်အရေးကြီးလှပါသည်။ အတက်ကြမ်းသောလေယာဉ်၊ ဂီယာအချိန်းမမှန်သော ဒရိုင်ဘာဖြင့် မည်သူခရီးသွားချင်ပါမည်နည်း။
အပွင့်
ထိုအပိုင်းတွင် မိမိပစ်မှတ်ကို တည့်တည့်ထိအောင် ရှိသမျှနည်းလမ်းမှန်သမျှကို သုံးရပေမည်။ ချော့တန်ချော့ရမည်။ ခြောက်တန်ခြောက်ရမည်။ မြှောက်တန်မြှောက်ရမည်။ စကား အလင်္ကာပိုင်းကို ဝေေ၀ဆာဆာ သုံးစွဲရမည်။ တတ်နိုင်သမျှ အကိုးအကားများကို ရှာကြံအသုံးပြုရမည်။ ဥပမာ၊ဥပမေယျများ ကြားညှပ်သုံးရမည်။ ပုံတိုပတ်စများဖြင့် စည်းရုံးရမည်။ ထိုအပိုင်းတွင် ဝေဖန်မှု၊ ကဲ့ရဲ့မှုမှန်သမျှကို ကြိုတင်ကာကွယ်မည့် ဒိုင်း၊ လွှား၊ ကာများ ခင်းကျင်းရမည်။ ထိုးစစ်၊ တိုက်စစ်အတွက် ခံစစ်များတူးထားရမည်။ ဗျူဟာမြောက်စွာဖြင့် ကျစ်လျစ်သိပ်သည်းရမည်။ ဖြန့်ဝေဖောက်ထွက်ရမည်။ အငြင်းပွားစရာ၊ စကားတင်းကဲ့ရဲ့ဆိုစရာအဖြစ်မျိုး၊ အကြောင်းမျိုးဖြစ်နေလျှင်တောင်မှ နောက်မဆုတ်ပဲ ရဲရဲဝံ့ဝံ့ မိမိတင်ပြလိုသည့် အကြောင်းအရာကို အရှိန်မလျော့စေပဲ ရှေ့သို့သာ တိုးပြရမည်။
ဇာတ်ပွဲတွင် အရှိန်အမြင့်ဆုံးအပိုင်းတည်း။
ဘီလူးရော၊ ရသေ့ပါထွက်ခန်းတည်း။
မင်းသား အစွမ်းပြခန်း၊ မင်းသမီးလွမ်းခန်းတည်း။
ထိုနေရာသည် အကြောင်းအရာကျယ်ဝန်းသလောက် ချဲ့ရင်ချဲ့သလို ရနိုင်ပေသည်။ သို့သော် အချိုးကျမှ လှသကဲ့သို့ မလိုအပ်သော စာကိုးများ၊ ဖောင်းပွသောစကားလုံးများဖြင့် တန်ဆာဆင်ခြင်းမျိုးကိုကားရှောင်အပ်လှပေသည်။ အပွင့်ပိုင်းတွင်မှ ဇတ်မနာလျှင် ဇာတ်ခါပေမည်။ ဇာတ်ကိုမစီးနိုင်လျှင် ဇာတ်လန်နိုင်သည့်အတွက် လိုအပ်သည့် သုတ၊ စာဂများဖြင့် ကြံ့ခိုင်ထားကြပါကုန်။
အညိုး
အရှိန်တင်လှသမျှ ဝေဟင်မှ လေယဉ်ကြီးဆင်းတော့မည်ဖြစ်သည်။ မိမိတင်ပြခဲ့သမျှ၏ အာဘော်ကို တချက်လောက်ခြုံငုံသုံးသပ်ပြလိုက်ပါ။ ဇာတ်ရှိန်တွင် မိမိနှင့်အတူလိုက်ပါစီးမျောလာသူတို့အား ကျောသပ်၊ ရင်သပ်ဖြင့် ချော့စရာရှိတာချော့လိုက်ပါ။ အထင်လွဲမည်၊ နားလည်မှုလွဲသွားနိုင်မည်ထင်သော အပိုင်းကို ကျကျနန ရှင်းလင်းပါ။ မိမိဆိုလိုချက်ကိုအဆုံးသတ်ရန် အစထုတ်ထားပါ။ ဇာတ်ကို ဖြေလျှော့သောအချိန်တည်း။ ဇာတ်ပေါင်းခန်းရောက်ရန် မျက်ရည်သိမ်းသောအခန်းတည်း။ ထိုနေရာမှာ အကွဲ၊ အညား၊ အလွမ်း စသည်ဖြင့် ရည်ရွယ်ရာရောက်အောင် ဇာတ်ကြောင်း၏အဆုံး၊ နိဂုံးပိုင်း၏အပျိုးဖြစ်သောကြောင့် သိမ်မွေ့စွာ အရှိန်သတ်ဖို့လိုပါသည်။ ပန်းလေးညိုးလေပြီ။
အကြွေ
နိဂုံးပိုင်းဖြစ်ပါသည်။ အစပိုင်းမှ အပျိုးပိုင်းကို ပြန်ကောက်ရန်မမေ့ပါသင့်လှပေ။ အကြောင်းအရာကြီးတစ်ခုလုံး၏ စလယ်ဆုံးသုံးပါးလုံးညီညွှတ်ရန် အထူးကြိုးစားသင့်သည်။ ပျိုးလာခဲ့သမျှ ဇာတ်သိမ်းပိုင်း၊ အချုပ်ပိုင်းမကောင်းလျှင် ဇာတ်ရှော်ကြီးဖြစ်သွားနိုင်ပါသည်။ အဖူး၊ အငုံ၊ အပွင့်ပိုင်းမှ ဆက်စပ်သမျှကို အကြွေပိုင်းတွင် ဆစ်ကုံးထည့်သွင်းပြီး ခြုံမိအောင် ဆက်စပ်ပြနိုင်ရပေမည်။ ဥပမာ..ရှေ့ပိုင်းတွင် (-----------) ဟုပြောခဲ့သည့်အတိုင်း (------------------) ဖြင့်အဆုံးသတ်ပါတော့မည် စသဖြင့်။ နိဂုံး၏ထူးခြားချက်မှာ စာဖတ်သူအပေါ် နောက်ဆုံးသက်ရောက်စေလိုသော သြဇာ ဖြစ်သဖြင့် အပျိုးလောက်နီးနီး အလွန်အရေးကြီးလှပါသည်။
အိုဘယ့် ပန်းများ
သင်၏ပန်းသည် အနံ့ရှိသောပန်းလော၊ ရနံ့မဲ့သောပန်းလော။ ကြွေသမျှ ကောက်သိမ်းချင်စဖွယ်ကောင်းသော ကံ့ကော်လို၊ ခရေလိုပန်းမျိုးလော။ ဒါမှမဟုတ် အဆင်းသာရှိပြီး အနံ့မရှိသော စက္ကူပန်းလို ပန်းမျိုးလော၊ စက်ဆုပ်ဖွယ်ကောင်းသော လက်ခုပ်ပန်းလို ပန်းမျိုးလော။ ညအချိန်လူခြေတိတ်မှ တစိမ့်စိမ့်မွှေးသော ပန်းမျိုးလော။ သင်္ကြန်ကျသည့်အခါမှ သတိရ၊ အရေးတယူပြုခံရသော ပိတောက်လိုပန်းမျိုးလော။
ဒါမှမဟုတ် နန်းထိုက်တော်ဝင်ပန်းသဇင်လော။ အဆင်းလှသလောက် ရနံ့လည်းကောင်းသော်ငြား ကြာရှည်မခံသော နှင်းဆီလိုလော၊ စံပယ်လော။ နှစ်ရှည်လများ ကြည့်တိုင်းရွှင်လန်း ပီတီရွှမ်းသည် ပင့်မြင့်စံပျော် အလွန်ထင်ပေါ်သည့် သစ်ခွပန်းလေလော။ ပန်ရန်မသင့်တော်သော်လည်း ပင်မြင့်ပေါ်မှာ ရှုတိုင်းတင့်၊ လေသင့်တိုင်းမွေးသော ကောက်ယဉ်ပန်းမျိုးလော။
သင်ပျိုးသောပန်းသင်ပိုင်ပေသည် အိုဘယ့် ပန်းသီရှင်.. မည်သည့်ပန်းကို သင်ပျိုးမည်နည်း။ မည်သည့်ပန်းကို သီမည်နည်း။ အသင်ဖြေပါ့..သိချင်စွ။
(ယခုဆောင်းပါသည် မိမိထက် အသိပညာအားဖြင့် နုနုယ်သော ညီငယ်၊ ညီမငယ်များကို လှိုက်လှဲသောစေတနာဖြင့် သိသလောက်ဖြန့်ဝေချင်သော စိတ်ဖြင့် ရေးသားခြင်းဖြစ်ပါသည်။ မိမိထက် ပညာအဆင့်အတန်း၊ စာပေအဆင့်အတန်းမြင့်သော ပညာရှိများသည် အမှားအယွင်းပါခဲ့သည်ရှိသော် ကျွန်ုပ်အား ချီးမြှောက်သောအားဖြင့် ဆုံးမပဲ့ပြင်ပေးနိုင်ပါသည့်အကြောင်း မာန်ချသော ဂါရ၀ဖြင့် တိုက်တွန်းတောင်းပန်လိုက်ပါသည်။)
No comments:
Post a Comment