Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 April 2013

“တရား တဲ့ အားတွေ ထုတ်ပြီး နေ နည်း”


“တရား တဲ့ အားတွေ ထုတ်ပြီး နေ နည်း”

“တရားအားထုတ်တယ်”ဆိုတာ တကယ်တော့ “တရားတဲ့ အားတွေ ထုတ်တာပါ”ပဲ။ ကိုယ့်သန္တာန်မှာရှိတဲ့ “မတရားတဲ့အားတွေ အပြင်မထွက်အောင်, မတရားတဲ့အားတွေ မပေါ်အောင်” တရားတဲ့အားတွေနဲ့ အနိုင်ယူတာကို “တရားအားထုတ်တယ်”လို့ ဆိုတာပါ။ “မတရားတဲ့ အား”ဆိုတာ “လောဘ၊ ဒေါသ၊ မောဟ၊ မာန”စတဲ့ “ကိလေသာတရား”တွေကို ပြောတာပါ။
“ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော”- “ကိလေသာတွေ မပြတ်ဖြစ်နေတဲ့ အတွက်ကြောင့် ပုထုဇဉ်”လို့ ဆိုတဲ့အတိုင်း ပုထုဇဉ်များမှာ ကိလေသာတရားများ အမြဲမပြတ် တိုးတက်ဖြစ်ပွား နေတတ်ပါတယ်။ တစ်နေ့တစ်နေ့ ပြန်တွေးကြည့်လိုက်ရင် မတရားတဲ့ အားတွေဖြစ်တဲ့ ကိလေသာတွေနဲ့ပဲ အချိန်ကုန်နေတတ်တာကို တွေ့ရပါတယ်။

အချိန်မရွေး သူများကိုကြည့်ပြီး၊ သူများပိုင်ဆိုင်တာတွေကြည့်ပြီး လောဘဖြစ်လိုက်၊ အလိုမကျတာတွေနဲ့ တွေ့တဲ့အခါ ဒေါသဖြစ်လိုက်၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ မာနတွေဖြစ်လိုက်၊ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်တဲ့ မောဟဖြစ်လိုက် စသဖြင့် နေ့စဉ်မပြတ် တစ်မျိုးပြီးတစ်မျိုး အကုသိုလ် ကိလေသာတွေ ဖြစ်နေတဲ့အတွက် တရားတာတွေ ပျောက်ပျောက်နေပြီး မတရားတာတွေပဲ ရောက်ရောက်နေတတ်ပါတယ်။ ဒါဟာ ပုထုဇဉ်တွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် ဒီမတရားတဲ့ ကိလေသာတွေ မဖြစ်အောင်၊ မတရားတဲ့ အားတွေအဖြစ်နည်းအောင် တရားတဲ့အားတွေ ထုတ်ကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ တရားအားထုတ်တယ်လို့ ဆိုကြခြင်းပါ။
မှန်ပါတယ်။ ဒီလို မတရားတဲ့ အားတွေမဖြစ်အောင် “တရားအားထုတ်တာ”ကိုပဲ “ဘာဝနာ ပွားတယ်”လို့ ဆိုပါတယ်။ နောက်ပရိယာယ်တစ်မျိုးနဲ့ ပြောမယ်ဆိုရင် “ကမ္မဋ္ဌာန်းစီးဖြန်း”တယ်ပေါ့။ တကယ်တော့ ဘာဝနာပွားတယ်လို့ပဲ ပြောပြော,ကမ္မဋ္ဌာန်း စီးဖြန်းတယ်လို့ပဲ ဆိုဆို၊ လိုရင်းကတော့ မတရားတဲ့အားတွေ မဖြစ်အောင် တရားတဲ့အားတွေ ထုတ်ခြင်းပါပဲ။ တရားတဲ့အလုပ်နဲ့ နေခြင်းပါပဲ။
တရားအားထုတ်တဲ့ သူတွေဟာ များများအားထုတ်လေ မတရားတဲ့ အားတွေနည်းနည်းလာပြီး တရားတဲ့အားတွေ တိုးလေပဲ ဖြစ်ပါတယ်။ ကိုယ့်သန္တာန်မှာ “တရားတဲ့ အား”တွေတိုးနေတာဟာ “မတရားတဲ့ အားတွေနည်း”လာလို့ပဲ ဖြစ်ပါတယ်။ မတရားတဲ့ အားတွေနည်းပြီး တရားတာတွေနဲ့ နေနေကြတဲ့သူတွေဟာ ဒီဘ၀မှာလည်း ငြိမ်းနေပြီး နောင်ဘ၀ သံသရာအတွက်လည်း ငြိမ်းနေပါတော့တယ်။ ဒါဟာ တရားအားထုတ်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့်ပါပဲ။ ဒါကြောင့် မတရားတာတွေ မဖြစ်လိုတဲ့ သူတွေအနေနဲ့ တရားအားထုတ်ခြင်းဖြင့် မကောင်းတဲ့ အားတွေ၊ ကိလေသာတွေ မဖြစ်အောင် ကြိုးစားနိုင်ကြပါတယ်။

ဒီလို မတရားတာတွေ မပေါ်နိုင်အောင် တရားတဲ့အားတွေ ထုတ်တဲ့အခါမှာ နည်း(၂)နည်း ရှိပါတယ်။ “အခိုက်အတန့်အားဖြင့် မတရားတာတွေကို ပယ်ခွာထားနိုင်အောင် အားထုတ်တဲ့နည်း”နဲ့ ဒီမတရားတဲ့ “ကိလေသာ တရားများ ဘယ်တော့မှ ပေါ်မလာအောင် အကြွင်းမဲ့ ပယ်သတ်တဲ့ နည်း”ရယ်လို့ နှစ်မျိုးပါ။ စာလိုပြောရင်တော့ “သမထနည်း”နဲ့ “၀ိပဿနာနည်း”ပေါ့။
“သမထနည်း”ကတော့ အားထုတ်နေဆဲ အခိုက်အတန့်မှာ ကိလေသာများ မပေါ်ပေါက်စေဘဲ စိတ်အစဉ် တည်ကြည်ငြိမ်းအေးစေနိုင်ပြီး အားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့ သမာဓိအားအစွမ်းအပေါ် လိုက်ကာ မတရားတဲ့အားတွေကို ကြာကြာခွာထားနိုင်ပါတယ်။

“၀ိပဿနာနည်း”ကတော့ အားထုတ်ရင်းအားထုတ်ရင်းနဲ့ပဲ တိုးတက်ဖြစ်ထွန်းလာတဲ့ ဉာဏ်အဆင့်အတန်းကို လိုက်ကာ ကိလေသာများ နောက်ထပ်မပေါ်နိုင်အောင် အပြီးပယ်သတ်စေနိုင်ပြီး မတရားတဲ့အားတွေကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်ပါတယ်။
တစ်နည်းပြောရရင် “သမထနည်း”သည် “သမာဓိ”ကို လက်ကိုင်ထားတဲ့ နည်းဖြစ်ပြီး,”၀ိပဿနာနည်း”ကတော့ “ဉာဏ်”ကိုစွဲကိုင်ထားတဲ့ နည်းဖြစ်ပါတယ်။
နောက်တစ်နည်းဆိုသော် “သမထနည်း”သည် “ဧကဂ္ဂတစိတ္တ”လို့ဆိုတဲ့ “တစ်ခုတည်းသော အာရုံအပေါ်မှာသာ စူးစိုက်ပြီး ပွားများအားထုတ်တဲ့ နည်း”ဖြစ်ပြီး, “၀ိပဿနာ နည်း”ကတော့ “အမျိုးမျိုးသော ပေါ်လာသမျှ အာရုံတွေအပေါ်မှာ သတိကပ်ပြီး မလွတ်တမ်း အားထုတ်တဲ့ နည်း”ပဲဖြစ်ပါတယ်။

“သမထနည်း”ပဲ ဖြစ်ဖြစ်, “၀ိပဿနာနည်း”ပဲ ဖြစ်ဖြစ် ကြိုက်တဲ့နည်းကို အားထုတ်နေနိုင်ပါတယ်။ အဓိကကတော့ အားထုတ်ဖြစ်ဖို့ပါပဲ။ “ပရိတ်ပဋ္ဌာန်းရွတ်တာ၊” “မေတ္တာပို့တာ၊” “ဘုရားဂုဏ်၊” “တရားဂုဏ်၊” “သံဃာဂုဏ်၊” “သီလဂုဏ်”စတဲ့ ဂုဏ်တစ်ခုခုကို ပွားများတာ စသည်စသည်ဖြင့် ကိုယ်အားသန်ရာ တစ်ခုခုကို ပွားများအားထုတ် နေဖြစ်ဖို့လိုပါတယ်။ ဒီလိုနည်းအတိုင်း နေခြင်းကို “သမထနည်းနဲ့ နေခြင်း”လို့ဆိုနိုင်ပါတယ်။
ဒါမှမဟုတ် “သတိ”ကို အထူးပြုပြီး “ဉာဏ်”နဲ့ယှဉ်ကာ မှတ်ရှုပွားများရတဲ့ “သတိပဋ္ဌာန် ၀ိပဿနာနည်း” တစ်ခုခုကိုလည်း အားထုတ်နေနိုင်ပါတယ်။
“၀ိပဿနာနည်း”ကတော့ ပေါ်ရာ,ပေါ်ရာ ရှုမှတ်တာဖြစ်တဲ့အတွက် စိတ်မှာပဲပေါ်ပေါ်,ရုပ်မှာပဲ ပေါ်ပေါ် ပေါ်လာသမျှ အာရုံတွေကို မလွတ်တမ်း လိုက်ပြီးသိနေ၊ မှတ်နေပေးရင် ပြီးတာပါပဲ။ “ကာယာနုပဿနာ”လို့ခေါ်တဲ့ “ရုပ်တရားအပေါင်းမှာ ဆင်ခြင်ပြီး မှတ်နေတာ”ပဲဖြစ်ဖြစ်၊ “ဝေဒနာနုပဿနာ”ခေါ်တဲ့ “ခံစားမှု ဝေဒနာအပေါင်းမှာ ဆင်ခြင်ပြီး မှတ်နေတာ”ပဲဖြစ်ဖြစ်၊
“စိတ္တာနုပဿနာ”ခေါ် “ဖြစ်ပေါ်သမျှ စိတ်မှာဆင်ခြင်ပြီး မှတ်နေတာ”ပဲဖြစ်ဖြစ်၊
“ဓမ္မာနုပဿနာ”လို့ခေါ်တဲ့ “သဘောတရားမှာ ဆင်ခြင်ပြီး မှတ်နေတာ”ပဲဖြစ်ဖြစ်
ဒီ“သတိပဋ္ဌာန် လေးမျိုး”ထဲက ကိုယ်အားသန်ရာ တစ်မျိုးမျိုးကို ပွားများအားထုတ် နေဖြစ်ဖို့ပဲလိုပါတယ်။ ဒီနည်းကိုတော့ “၀ိပဿနာနည်းနဲ့ နေခြင်း”လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုနေနည်းကိုပဲ သမထနည်းနဲ့ ၀ိပဿနာနည်းလို့ ခေါ်တဲ့ ကမ္မဋ္ဌာန်း တစ်မျိုးမျိုးကို ပွားများရင်း ကိုယ့်သန္တာန်မှာ မတရားတဲ့ အားတွေ မဖြစ်အောင်နေတဲ့ “တရားတဲ့အားတွေ ထုတ်ပြီးနေနည်း” လို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတာကတော့ ဒီ“သမထ ,၀ိပဿနာ နည်း”တစ်မျိုးမျိုးကို အားထုတ်ပြီး နေတဲ့ပုဂ္ဂိုလ်တွေဟာ အားထုတ်နေတဲ့ အခိုက်အတန့်မှာ “ကိုယ့်သန္တာန်မှာ မတရားတဲ့ ကိလေသာအားတွေ မဖြစ်ဘဲ တရားတဲ့အားတွေပဲ ဖြစ်နေတယ်”ဆိုတဲ့ အချက်ပါပဲ။
ပိုပြီး ကျေနပ်စရာ ကောင်းတာက
တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အားထုတ်ရင်း အမှတ်တစ်မှတ်၊ (ဆိုကြပါစို့)
“၀င်လေထွက်လေ တစ်မှတ်မှတ်ကို မလွတ်တမ်း သတိနဲ့ အစအဆုံး မှတ်လိုက်မိတဲ့ အခိုက်ဟာ သူ့အတွက် မဂ္ဂင်ရှစ်ပါးအကုန်ဆိုက်ပြီး မစ္ဇျိမပဋိပဒါလို့ခေါ်တဲ့ အလယ်အလတ်လမ်း (တစ်နည်းအားဖြင်)့ မဂ္ဂသစ္စာလမ်းကို လျှောက်လှမ်းနေတယ်”ဆိုတဲ့ အချက်ပါပဲ။

“ပုထုဇဉ်”တွေအတွက် ကျန်တဲ့အချိန်တွေမှာ “အမြင်မှန်ဖို့၊ အတွေးမှန်ဖို့၊ အလုပ်မှန်ဖို့၊ အသက်မွေးမှု မှန်ဖို့၊ ကြိုးစားအားထုတ်မှု မှန်ဖို့၊ အောက်မေ့မှုသတိမှန်ဖို့၊ တည်ကြည်မှု သမာဓိမှန်”ဖို့ဆိုတာ မလွယ်လှပါဘူး။ တစ်ခြားအာရုံတွေက မပြတ်နှောက်ယှက်နေတဲ့အတွက် “မဂ္ဂင်ရှစ်ပါးလုံး” ညီညွတ်နေဖို့ မလွယ်လှပါဘူး။ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ တရားအားထုတ်တဲ့အခိုက်မှာ ဒီမဂ္ဂင်ရှစ်ပါး အကုန်ညီညွတ်နေပါတယ်။
ဒါကြောင့် “တရားအားထုတ်သူ အပေါင်း”ကို “မဂ္ဂင်ရှစ်ပါးနဲ့ ပြည့်စုံပြီး မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းနေကြတဲ့ သူတွေ၊ (တစ်နည်းအားဖြင့်) တရားတဲ့သူတွေ”လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ တရားအားထုတ်တဲ့သူများ “သတိပြုရမယ့်အချက်”က သမထနည်းပဲ ဖြစ်ဖြစ်၊ ၀ိပဿနာနည်းပဲ ဖြစ်ဖြစ် တစ်နည်းနည်းကို အားထုတ်နေရင် “တရားတဲ့အားတွေ ဖြစ်နေပြီး ကိလေသာတွေ ငြိမ်းနေတယ်”ဆိုပေမယ့်
“သမထနည်း”က ကြိုးစားရင် ကြိုးစားနိုင်တဲ့အလျှောက် “ကိလေသာတရားများကို အတော်ကြာကြာ ခွာထားနိုင်ရုံလောက်ပဲဖြစ်ပြီး တစ်ချိန်ချိန်မှာ ပေါ်လာတတ်တယ်”ဆိုတဲ့ အချက်နဲ့..
“၀ိပဿနာနည်း”ကတော့ “ဉာဏ်အဆင့်ဆင့် မြင့်သထက်မြင့်လာတာနဲ့အမျှ ကိလေသာတရားများကို နောက်ထပ်တစ်ခါ ပေါ်လာခွင့်မရအောင် အကြွင်းအကျန်မရှိ အကုန်ပယ်သတ်လိုက်တယ်”ဆိုတဲ့ အချက်ပါပဲ။

အရှင်းဆုံးပြောရရင် “ဒီဘ၀အခိုက်အတန့်ပဲ ငြိမ်းချမ်းချင်တယ်”ဆိုရင်တော့ “သမထနည်း”ကို အားထုတ်နိုင်ပြီး
“ဘ၀သံသရာ နိဗ္ဗာန်အထိ ငြိမ်းချမ်းချင်ရင်”တော့ “၀ိပဿနာနည်း”ကို အားထုတ်နိုင်ပါတယ် ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် အားထုတ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အားတွေရှိမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အပြင်အားကောင်းရင် အပြင်ရန်ကို ကာကွယ်နိုင်မှာဖြစ်ပြီး အတွင်းအားကောင်းရင်တော့ အတွင်းရန်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အတွင်းအပြင် ရန်တွေဖြစ်တဲ့ မကောင်းတဲ့အားတွေ မကျရောက်ရအောင် တရားတဲ့ အားတွေထုတ်ရင်း ကာကွယ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အစအဆုံး ပြန်ပြီးအနှစ်ချုပ် ပြောရရင် တရားအားထုတ်စေချင်တာပါပဲ။
“တရားအားထုတ်”မှသာ “အမြဲမပြတ်ဖြစ်ပေါ်တတ်တဲ့ မကောင်းတဲ့ အား”လို့ခေါ်တဲ့ “သတ္တ၀ါတွေကို အမြဲပူလောင်စေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရားများ” မပေါ်နိုင်မှာဖြစ်ပါတယ်။ များများအားထုတ်နိုင်လေ, အားတွေများများ ပွားလေ, အားတွေများလာလေလေ, အတွင်းအပြင်ရန်တွေကို ကာကွယ်တိုက်ထုတ်နိုင်လေလေ, ဖြစ်ပါတယ်။ “အတွင်းအပြင် ရန်”တွေမရှိဘဲ နေတဲ့သူတွေအတွက် နေရတဲ့အခိုက်ဟာ “စိုးရိမ်မှု၊ ပူဆွေးမှု၊ ကြောက်ရွံ့ထိတ်လန့်မှု” မရှိဘဲ ငြိမ်းချမ်းနေပါတော့တယ်။ ဒါကြောင့် ဒီဘ၀အခိုက်အတန့် ငြိမ်းချမ်းချင်သူပဲ ဖြစ်ဖြစ် ,သံသရာမှသည် နိဗ္ဗာန်အထိ ငြိမ်းချမ်းလိုသူပဲ ဖြစ်ဖြစ် ဘယ်လိုငြိမ်းချမ်းမှုကိုပဲ လိုချင်လိုချင် ,လိုချင်တဲ့ ငြိမ်းချမ်းမှုကို ရအောင် အချိန်ရှိတုန်း၊ အခွင့်သာတုန်းမှာ တရားကိုသာ ကြိုးကြိုးစားစား အားထုတ်လိုက်ကြပါလို့ တိုက်တွန်းစကားပြောကြားလိုက်ပါတယ်…။

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့