Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 14 April 2013

"ဘာကြောင့် အပါယ် မကျ ရတာလဲ"


"ဘာကြောင့် အပါယ် မကျ ရတာလဲ"

"ဒိဋ္ဌိပြုတ်ရင်၊သံဝေဇနိယလေးဌာနဖူးမြော်ရင်၊၀ါဆိုသင်္ကန်းလှူရင်၊အပါယ်ပိတ်ဘုရားဖူးရင်၊အပါယ်မကျဘူးဆိုတာမှန်သလား" ဟုမေးလေ့ရှိကြပါသည်။
    ထို့ထက်ပိုမို၍ ရှင်းလင်းအောင်တင်ပြရမည်ဆိုလျှင်-
    
ရုပ်နာမ်ကွဲ လို့ ဒိဋ္ဌိကွာလျှင် အပါယ်မကျ ဆိုသည်မှာ

"နာမ်၊ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ် က သက္ကာယဒိဋ္ဌိ ကိုပယ်တယ်။သောတပန်ဖြစ်ရင် သက္ကယဒိဋ္ဌိပြုတ်ပြီးအပါယ်တံခါးပိတ်တယ်လို့ဘုရားလည်းဟော၊ရဟန်းများလည်းဟောတယ်။တရားအားထုတ်တဲ့အခါ ရုပ်နာမ်ကွဲလို့ ဒိဋ္ဌိပြုတ်ရင် သောတပန်ဖြစ်ပြီး အပါယ်တံခါးပိတ်ပြီလား" ဟု ဆိုပါသည်။
    ရုပ်နာမ်ကွဲသဖြင့်ဒိဋ္ဌိပယ်သည်မှာမှန်ပါသည်။သောတပန်ဖြစ်သဖြင့်ဒိဋ္ဌိပယ်ခြင်းသည်လည်းမှန်ပါသည်။သို့သော်
"ရုပ်နာမ်ကွဲ၍ဒိဋ္ဌိပယ်ခြင်း"သည်သောတပန်မဖြစ်သေးပါ။အပါယ်တံခါးလည်းမပိတ်သေးပါ။သောတပန်ဖြစ်၍ဒိဋ္ဌိပယ်မှသာလျင် အပါယ်တံခါးပိတ်မည်ဖြစ်ပါသည်။
    ဆိုလိုသည်မှာ-ရုပ်နာမ်ကွဲ၍ ဒိဋ္ဌိပယ်ခြင်းသည် လောကီဝိပဿနာဖြင့် တဒင်္ဂ ခဏမျှသာ ပယ်ခြင်းဖြစ်ပါသည်။
လောကုတ္တရာမဂ်ဉာဏ်ဖြင့် ဒိဋ္ဌိပယ်ခြင်းသည်သာ အကြွင်းမဲ့ပယ်ခြင်းဖြစ်ပါသည်။ထိုကဲ့သို့ ပယ်ပုံခြင်း ကွာပါသည်။
ဥပမာအားဖြင့် သစ်ပင်တစ်ပင်အား အဖျားမှ ပယ် ခြင်းနှင့် အမြစ်ပါတူးပြီး ပယ်ခြင်း မတူသကဲ့သို့ဖြစ်ပါသည်။
ထို့ကြောင့် လောကုတ္တရာမဂ်ဖြင့် ဒိဋ္ဌိကိုအကြွင်းမဲ့ပယ်သတ်နိုင်၍ သောတပန်ဖြစ်မှသာလျင်အပါယ်တံခါးကို အကြွင်းမဲ့ပိတ်မည် ဖြစ်ပါသည်။

သံဝေဇနိယ လေးဌာန ဖူးမြှော်ပြီးလျှင် အပါယ်မကျ ဆိုသည်မှာ
"အာနန္ဒာ သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်ကုန်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်ကုန်သော ဌာနတို့သည် လေးပါးရှိကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ-
ဤ (လုမ္ဗိနီ) ဌာန၌ မြတ်စွာဘုရားသည် ဖွားတော်မူ၏။ အာနန္ဒာ ဤဌာနသည်လည်းသဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။
ဤ (မဟာဗောဓိ) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကိုရတော်မူ၏။ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။
ဤ(မိဂဒါဝုန်)ဌာန၌ မြတ်စွာဘုရားသည်အမြတ်ဆုံးဖြစ်သောဓမ္မစကြာတရားတော်ကို ဟောကြားလည်စေ
တော်မူ၏။
အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည်ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။
ဤ (ကုသိနာရုံ) ဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသနိဗ္ဗာနဓာတ ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။
အာနန္ဒာ သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနတို့သည် ဤလေးပါးတို့ပေတည်း။
အာနန္ဒာ သဒ္ဓါတရားရှိကုန်သော ရဟန်း၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့သည်
ဤ (လုမ္ဗိနီ) ဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏ဟူ၍လည်းကောင်း၊
ဤ (မဟာဗောဓိ) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏'' ဟူ၍လည်းကောင်း၊
ဤ (မိဂဒါဝုန်) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကို ဟောကြားတော်မူခဲ့၏ ဟူ၍လည်းကောင်း၊
ဤ (ကုသိနာရုံ) ဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏ဟူ၍လည်းကောင်း (အောက်မေ့လျက်) လာရောက်ကုန်လတ္တံ့။အာနန္ဒာ စေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည့်လည်သော သူတို့သည် ကြည်ညိုသော စိတ်ရှိလျက် သေကုန်ငြားအံ့။
ထိုသူအားလုံးတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက် ၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။
(ဒီယနိကာယ်၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်၊ (ဒီ၊ ၂၊ ၁၁၆)

အထက်ပါမြတ်ဗုဒ္ဓတရားတော်များကို ထောက်ဆကြည့်လျင် သံဝေဂတရားပွားများသူ၊သံဝေဂ တရားပွားများလျက် သေသောသူများသာ နတ်ပြည်သို့ ရောက်နိုင်ပါသည်။ သံဝေဇနိယ(၄)ဌာနသွားရုံ၊ ဘုရားစေတီများကို လှည့်လည်ကြည့်ရှု့မှတ်တမ်းတင်ရုံဖြင့် နတ်ပြည်ကို မရောက်နိုင်ပါ။ သံဝေဂဆိုသည်မှာ မြတ်ဗုဒ္ဓကိုကြည်ညိုတဲ့စိတ်ကို ဆိုလိုခြင်းဖြစ်ပါသည်။
"အော် မြတ်စွာဘုရားရှင် ဖွားမြင်ခဲ့တဲ့နေရာပါလား၊ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ရခဲ့တဲ့နေရာ ပါလား၊ မြတ်စွာဘုရား အစဦးဆုံး ဓမ္မစကြာတရား ဟောခဲ့တဲ့နေရာပါလား၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခဲ့တဲ့နေရာပါလား၊ ခုတော့ ဒါတွေဟာ မမြဲခြင်းအနိစ္စတရားတွေမို့ အကုန်ပျက်စီးနေပါရော့လား" စသည်ဖြင့် မြတ်ဗုဒ္ဓနှင့်ပတ်သတသည်များကိုကြည့်၍ မြတ်ဗုဒ္ဓကိုကြည်ညိုမှုဖြစ်ရမည်၊
ဒါတွေဟာ မမြဲခြင်းတရားတွေမို့ ခုတော့ အဲဒီ(၄)ခုလုံးဟာ ပျက်စီးသွားခဲ့ကြပြီဟုသံဝေဂရှု့မှတ်ရပါမည်။
ထို့ကြောင့် သံဝေဇနိယ(၄)ဌာနကို သွားမယ်ဆိုလျင် ကြိုတင်၍ သံဝေဂပွားများမည်ဟူသောစိတ်ရှိဖို့ လိုအပ်ပါသည်။ ရောက်လျင်လည်း သံဝေဂတရားများ ပွားများပြီးသကာလ မသေမချင်း ပွားများမိနေအောင် ပြုလုပ်နေဖို့ လိုပါသည်။သံဝေဂပွားများနိုင်မယ်ဆိုလျှင် အသုဘအလောင်းတစ်ခုကို သံဝေဂပွားများလျက်လည်းကောင်း၊ မိမိခန္ဓာကိုယ်ကို သံဝေဂပွားများလျက်လည်းကောင်း၊ အိုနာသေဘေးစတဲ့ သံဝေဂပွားများစရာတွေ၊ ကုသိုလ်တိုးပွားစရာတွေ အများကြီးထဲကနေ မိမိနဲ့သင့်လျော်မည့် မည်သည့်တရားမဆို သံဝေဂပွားများမယ်ဆို ပွားများနိုင်ပါသည်။
အဓိကမှာ မိမိသန္တာန်မှာ အမြဲတစေ ကုသိုလ်ဖြစ်စေမဲ့အရာများ ရှိနေဖို့ဖြစ်ပါသည်။
ထိုမှ သာ သေတဲ့အခါ သုဂတိဘုံကို ရောက်ပါလိမ့်မည်။ မိမိသန္တာန်မှာ ကုသိုလ်တရားလေးတွေ အမြဲတစေရှိဖို့ အရေးကြီးပါသဖြင့် ကုသိုလ်တရားများ နေ့စဉ်ရှိနေပြီး အာရုံပြုနေမိဖို့ လိုအပ်ပါသည်။

ဝါဆိုသင်္ကန်းလှူလျှင်အပါယ် မကျ ဆိုသည် မှာ
ဝါဆိုသင်္ကန်းလှူသဖြင့်ဒုတိယဘ၀စသည်မှာဂတိမြဲသည်။ကောင်းသောဘ၀တွင်ဖြစ်သည်။"သောတပန္နသဒိသ"
(သောတပန်နှင့်အလားသဏ္ဍာန်တူသည်) ဟု ကျမ်းဂန် ၌လာပါသည်။
"သောတပန် နှင့်အလားတူ"ဆိုသည်မှာ သောတပန်အစစ်ဖြစ်ခြင်းကိုဆိုလိုခြင်းမဟုတ်ပါ။သောတပန်ဖြစ်မှသာ အပါယ်လွတ်မည်ဖြစ်ပါသည်။
"သောတပန်နှင့်အလားသဏ္ဍာန်တူလို့ဒုတိယဘ၀စသည်မှာအပါယ်မကျဘဲ ကောင်းသောဂတိမြဲတယ်"ဟူ
သောစကားကို အဖျားဆွတ်မှတ်သား၍ "အပါယ်လုံးဝမကျတော့ဘူး""အပါယ်မကျရင် သောတပန်ဖြစ်ပြီ" ဟု အမှတ်မှားခြင်းသာဖြစ်ပါသည်။
ဒုတိယဘ၀ စသည်မှာ သောတပန်အလား အပါယ်မကျဘဲ ဂတိမြဲသော ကောင်းမှုကုသိုလ်များမှာ ၀ါဆိုသင်္ကန်း အပါအ၀င် (၇)မျိုးရှိပါသည်။
၁။ သရဏဂုံမြဲခြင်း။
၂။ ငါးပါးသီလမြဲခြင်း။
၃။ စာရေးတံမဲချပြီးလှူခြင်း။
၎။ (၁၅)ရက်တစ်ကြိမ် ဆွမ်းလှူခြင်း။
၅။ ၀ါဆိုသင်္ကန်း လှူခြင်း။
၆။ ကျောင်းလှူခြင်း။
၇။ ရေတွင်း၊ရေကန်လှူခြင်း တို့ဖြစ်ပါသည်။

ယင်း ကုသိုလ်(၇)မျိုးကို "ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး"မှ
"
တိသရဏ၊ငါးသီလ၊မဲချစာရေးတံ။
ဆယ့်ငါးရက်ဆွမ်း၊၀ါ သင်္ကန်း၊လှူဒါန်းကျောင်းရေကန်၊
သောတ လိုပဲ၊ဂတိမြဲ၊သူလည်း ပါယ် မပြန်"

ဟူ၍ မှတ်သားလွယ်ရန် လင်္ကာစီထားပါသည်။

အပါယ်ပိတ်ဘုရားဖူးလျှင် အပါယ် မကျ ဆိုသည် မှာ
အပါယ်ပိတ်ဘုရားဖူးလျှင်အပါယ်တံခါးမပိတ်ပါ။ကုသိုလ်တော့များစွာရပါသည်။ဗုဒ္ဓအားကိုယ်စားပြုပူဇော်ထား
သည့် စေတီ၊ဆင်းတုရုပ်ပွားတော်မဆိုထားဘိသက်ရှိထင်ရှားဗုဒ္ဓကိုဖူးတွေ့ရသော်လည်းတရားထူးမရဘဲအ
ပါယ်မပိတ်သည့်သူများများစွာရှိခဲ့ဖူးပါသည်။
ဥပမာအားဖြင့်ဗုဒ္ဓမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါငိုကြွေးကျန်ရစ်ခဲ့ရသည့်တရားထူးမရရှိသေး
သော ပုထုဇဉ်ရဟန်းများ၊ယသော်ဓရာ၏ဖခင်ဖြစ်သူ သုပ္ပဗုဒ္ဓ၊ဒေ၀ဒတ်၊စိဉ္စမာန စသည့်ပုဂ္ဂိုလ်များဖြစ်ပါသည်။
ဗုဒ္ဓသည်လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့စဉ်အတွင်းရဟန်းဘ၀ကို(၉)ကြိမ်သာရရှိခဲ့ပါသည်။ရဟန်းဘ၀၊ရသေ့ဘ၀၊လူ့ဘ၀များတွင်ထီးနန်း၊စီးပွားဥစ္စာများကိုစွန့်လွှတ်ပြီး ပြင်းပြင်းထန်ထန် နှင့်ကြိုးစားအားထုတ်ရပါသည်။
ဝိပဿနာဉာဏ်အဆင့်ဆင့် လည်းရရှိခဲ့ဖူးပါသည်။သို့သော် အချို့ဘ၀တွင် တိရိစ္ဆာန် စသော အပါယ်ဘုံ တွင်ဖြစ်ခဲ့ရသောသာဓကများစွာရှိခဲ့ပါသည်။
ဗုဒ္ဓဘုရားရှင်ကဲ့သို့ ပါရမီရှင်ကြီးသော်မှ အဘယ်ကြောင့် အပါယ်ဘေးကျရောက်ပါသလဲ ဟု ဆင်ခြင်ကြည့်သော်အပါယ်ဘေး ငြိမ်းစေနိုင်သော သောတပတ္တိမဂ်၊ဖိုလ် မရသေးသဖြင့်၊သောတပန် မဖြစ်သေးသဖြင့် ဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် အပါယ်တံခါးအစစ်ပိတ်စေနိုင်သော သောတပတ္တိမဂ်၊ဖိုလ်သို့ဆိုက်အောင်တရားကိုကြိုးစားအားထုတ်နိုင်ကြပါ
စေကြောင်း တင်ပြ လိုက်ပါသည်။

(“အရှင်ပဏ္ဍ၀(ရွှေမင်းဝံသာသနာ့ရိပ်သာ)”၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ်,တို့ကိုပူဇော်ကြည်ညိုသောအားဖြင့်ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကို,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့