လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 25 July 2013

ပွဲတော်လာလှည်းတို့ရဲ့ ကျက်သရေ

 ရွာဘုန်းကြီးကျောင်းဆောက်လုပ်ပြီးစီး ၍ အလှူထမြောက်မှုအဖြစ် တခမ်း တနားပြုလုပ်သောပွဲသို့ ရွာနီးချုပ်စပ်များကပါ လာရောက်၍ ကုသိုလ်ကောင်းမှုကို သာဓု ခေါ်ပွဲလာနွှဲကြသည့်ဓလေ့သည် မြန်မာတို့၏ ချစ်စရာကောင်းသောရွာဓလေ့ဖြစ်သည်။ ထိုပွဲ ကိုအကြောင်းပြု၍ မိတ်ဆွေသင်္ဂဟများ၊ ဆွေ မျိုးသားချင်းများလည်း ဆုံကြရသည်။ မိမိ တို့ဘဝများကို ကိုယ်စီကိုယ်ငရုန်းကန်နေရလေ တော့ မိတ်ဆွေများလည်း တကူးတကဆုံဖို့ ခက်သလို မျိုးဆွေများလည်း မဆုံနိုင်ဖြစ်နေကြ ရလေသည်။

ရွာဓလေ့အတိုင်း မိမိတို့ပိုင်သော နွားလှည်း များကိုကောက်ကာ ပွဲသွားကြသည်။ ဇာတ်ပွဲ ကြည့်ရင်း ဆုံကြ၊ တွေ့ကြ၊ စကားပြောကြ၊ ဆွေး နွေးကြရသည်။ နေ့ဘက်တွင် လှည်းတွေကို ရပ်ထားပြီး နွားတွေကို အရိပ်ရှိရာထားကာ လှည်းပေါင်းထဲ၊ လှည်းအောက်၊ လှည်းနံဘေး ချက်ပြုတ်စားသောက်ပြီး စကားဝိုင်းဖွဲ့ကြသည်။ တခိျု့ကလည်း အိပ်စက်အနားယူကြသည်။

''ပွဲက လုပ်ငန်းကိုင်ငန်းတွေနားတဲ့အချိန် ဆိုရင် ဒီလိုပဲ လှည်းတွေနဲ့ သွားကြတယ်။ ရွာခံ တွေကလဲ တကူးတက ဖိတ်ထားကြတော့ သူ တို့ရဲ့ အလှူပွဲကို အားပေးသာဓုခေါ်ရတာပေါ့ ဗျာ။ ဒီလိုအကြောင်းကိစ္စရှိမှလဲ ဆုံဖြစ်ကြတာ ကိုးဗျ။ မဟုတ်ရင် ကိုယ့်အလုပ်နဲ့ကိုယ် အားရ နားရတယ်လို့ကို မရှိဘူး။ ကျုပ်တို့တောင်သူ အလုပ်ဆိုတာကတော့ မလုပ်ရင်သာရှိမယ် အလုပ် ကတော့ အမြဲရှိနေတာပဲ''

ကျောင်းလွှတ်ပွဲကို သုံးရက်တိတိ ကျင်းပ ရာတွင် ဇာတ်ပွဲကလည်း သုံးရက်တောင် ထည့် ထားသဖြင့် ချက်ပြုတ်စားသောက်စရာတွေ လှည်း ဖြင့်တင်လာကာ ချက်ပြုတ်စားသောက်ပွဲ ကြည့် စကားဝိုင်းဖွဲ့ရင်း မိသားစုအရေး၊ လုပ်ငန်း ကိုင်ငန်း၊ သီးနှံဈေးကွက်အကြောင်းတွေ ဖလှယ် ကြ၊ စကားပြောကြရသည်။

ပွဲလာရင်း လှည်းဝိုင်းချကာ နားနားနေနေ ရှိတော့မှပဲ သားရေးသမီးရေး၊ မိသားစုအရေး တွေ ပြောဖြစ်ကြကာ လူမှုရေးပျက်ကွက်ခဲ့ရတာ တွေကိုလည်း တောင်းပန်ချေဖျက်ကြရသည်။ သီးနှံဈေးနှုန်းတွေကတော့ ဖုန်းတွေရှိလာသည့် ယခုလိုအချိန်တွင် ဖုန်းကလေးဆက်လိုက်ရုံဖြင့် သိရှိနိုင်ကြပြီဖြစ်သည်။ ဖုန်းတွေကိုင်လာနိုင် တာကလည်း ဈေးကွက်ကို ပို၍တိကျစွာ သိလာ ရသည်။ လက်တံလည်း တိုလာသည်။ တစ်နေရာ နှင့်တစ်နေရာ ဈေးကွက်အနေအထား၊ စိုက် ပျိုးရေးအခြေအနေတွေကိုလည်း သိလာကြရ ပြီဖြစ်သည်။

''ဖုန်းဆိုတာကလဲ ချက်ချင်းလှမ်းပြော၊ လှမ်းမေးလို့ရတာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဝိုင်းဖွဲ့စကားပြောသလိုတော့ အရသာမရှိဘူး လေ။ ဖုန်းက နှစ်ယောက်ပဲ ပြောလို့ရတာလေ။ သာကြောင်းမာကြောင်းလေးလောက်၊ ဈေး နှုန်းလေးလောက်၊ စိုက်ရေးပျိုးရေးအခြေအနေ လေးလောက် ပြောရတာကိုး။ ခုလိုဆုံကြတော့ ဝိုင်း ဖွဲ့စကားပြောလို့လဲ ရတယ်။ စကားကိုလဲ အေး အေးဆေးဆေး ပြောလို့ရတယ်။ ဖုန်းနဲ့ ပြော ရတာက နောက်က လူလိုက်လာသလိုပဲ တက် သုတ်ရိုက်နေရတာကိုး။''

တစ်ညလုံး မိုးအလင်းပွဲကြည့်ထား၍ ကလေးတွေကတော့ အိပ်နေကြသည်။ အမျိုး သမီးတွေက ချက်ပြုတ်နေကြသည်။ ယောကျာ်း တွေကတော့ ရေနွေးကြမ်းအိုးချပြီး စကားဝိုင်း ဖွဲ့နေကြသည်။ ယခုနှစ်စိုက်သည့် သီးနှံ၏အောင် မြင်ဖြစ်ထွန်းမှု၊ ပျက်စီးမှု၊ မိုးလေဝသ၊ ဓာတ်မြေ ဩဇာ၊ လုပ်ကိုင်ဆောင်ရွက်မှု၊ လုပ်သားကိစ္စ တွေကို ဖလှယ်ကြသည်။

နောက်ထပ်စိုက်ပျိုးမည့်ကိစ္စတွေကို ဆွေး နွေးကြသည်။ မျိုးကအစ ရေရရှိမှုအဆုံး ရင် ဆိုင်ဖြေရှင်းလုပ်ကိုင်ရမှုတွေကို စကားဝိုင်းဖွဲ့ရ သည်မှာ မိမိတို့၏အလုပ်အကြောင်းဖြစ်သဖြင့် စကားလမ်းကလည်း ဖြောင့်သည်။

အောင်မြင်တော့လည်း အောင်မြင်သည့် အလျောက်၊ ရှုံးတော့လည်း ရှုံးသည့်အလျောက် အတွေ့အကြုံတွေကို ဖလှယ်ရင်း သင်ခန်းစာ တွေလည်း ရကြသည်။ နည်းပညာတွေလည်း ရကြသည်။ ဖြေရှင်းပုံဖြေရှင်းနည်းတွေလည်း ရကြသည်။

''ကျုပ်တို့ပွဲတော်လာကြတာ စီးပွားရေး လဲပါတယ်။ ဟိုတုန်းကဆိုရင် ကိုယ့်ကုန်တွေ သယ်လာပြီး သူ့ကုန်နဲ့ ဖလှယ်တာ။ ရောင်းကြ ဝယ်ကြတာတွေ လုပ်ကြတယ်။ အဝယ်တော် တွေကတောင် ပွဲတော်လှည်းဝိုင်းကို လာကြ တာ။ ဘုရားဖူးရင်း လိပ်ဥတူးရင်းဆိုသလိုပဲ။ ကုသိုလ်လဲယူရင်း၊ ပွဲကြည့်အပန်းဖြေရင်း၊ မိသားစု တွေလဲ အလည်အပတ်သဘောဖြစ်သွားတာ ပေါ့။ ကိုယ့်တောင်သူအချင်းချင်း လုပ်ငန်းတူ တွေ အလုပ်ကိစ္စစကားပြောကြ၊ ရောင်းဝယ် ဖောက်ကားကြနဲ့ ပွဲတော်ကို လှည်းတွေနဲ့လာ ရင်း တစ်ချက်ခုတ်တာနဲ့ အချက်အများကြီး ပြတ်တာကိုး။''

တခိျု့လှည်းတွေက သစ်ပင်အရိပ်ကြီးကြီး အောက်တွင် နားကြပြီး တခိျု့ကတော့ ဇာတ် ပွဲကပြရာ ကွင်းထဲတွင် နားနေကြသည်ကို တွေ့ ရသည်။ ဇာတ်ပွဲတွေကို ကွင်းပြင်ကျယ်မှာပဲ ပြုလုပ်လေ့၊ ကပြလေ့ရှိသည်ကိုလည်း မြင်ရ သည်။ လှည်းဝိုင်း၊ လှည်းတန်းနှင့်အတူ ဈေး တန်းကလေးကိုလည်း တွေ့ရသည်။ မိမိတို့မှာ ပါလာသည့် ကုန်တွေကို ခင်းကျင်းရောင်းချ ကြသည်။ ဆယ့်နှစ်ပွဲဈေးသည်တွေကလည်း ခင်းကျင်းရောင်းချနေကြရာ လုံမပျိုတို့၊ လုလင် ပျိုတို့ ပွဲဈေးတန်းလျှောက်ရင်း ကြည့်ကြ၊ ငေးကြ၊ ရွေးကြ၊ စနောက်ကြနှင့် ဓလေ့သဘာဝအတိုင်း ပျော်ရွှင်နေကြသည်။

ညနေစောင်းလာသည်နှင့် လှည်းတန်း ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ပွဲဈေး တန်းကလည်း စုံလာသည်။ ကလေးတွေကလည်း ပြေးလွှားဆော့ကစားနေကြသည်။ ဇာတ်စင်နား မှာတော့ မင်းသား၊ မင်းသမီးတွေကို မြင်ရလို မြင်ရ ငြား သွားသွားချောင်းနေကြသည်။ မင်းသား၊ မင်းသမီးတွေကလည်း အိပ်ရာကနိုးလာကြပြီဖြစ်၍ ရွာထဲဝင်ကာ ဟိုအိမ်ဒီအိမ်တွေ သွားလည်ရင်း ကျွေးမွေးဧည့်ခံတာကို စားသောက်ပြီး ရေမိုး ချိုးကာ ညကပွဲအတွက် စတင်ပြင်ဆင်လာပြီ ဖြစ်သည်။

ဟိုရိပ်ဒီရိပ်ခိုကာ ဟိုအိမ်ဒီအိမ်သွားနား နေကြသော လှည်းတွေလည်း ဇာတ်ပွဲရှိရာ ပွဲခင်း ပြင်ထဲသို့ ပြန်လည်မောင်းနှင်ဝင်ရောက်လာ ကြပြီဖြစ်သည်။ ဇာတ်စင်၏ရှေ့တည့်တည့်တွင် ပွဲကြည့်ရန်အတွက် ဖျာတွေလာခင်းနေကြပြီ ဖြစ်သည်။ လှည်းတွေကတော့ ဘေးတစ်ဖက် တစ်ချက်တွင် နွားဖြုတ်ပြီး ရပ်ထားကြသည်။

လှည်းတန်းနှစ်တန်းသည် ဘေးတစ်ဖက်စီ ကနေ ခြံစည်းရိုးကာရံထားသလို စီရရီရှိနေလေ သည်။ လှည်းပေါ်ကနေ ဇာတ်စင်ကို အပေါ် စီးကနေ မြင်နေရသည်။ ရှေ့ကလူကွယ်မှာကို လည်းမပူရတော့။ တခိျု့ကတော့ ဇာတ်စင်နှင့် နီးနိုင်သမျှ နီးအောင် လှည်းတွေကို နေရာယူ ချထားကြသည်။ လှည်းပေါ်ကကြည့်၊ ငိုက်တော့ လည်း လှည်းပေါ်မှာပဲ အိပ်လိုက်ကြရုံဖြစ်သည်။

နေ့ခင်းပိုင်းတွင် နေပူ၍ အမိုးတပ်ထား သော လှည်းတွေလည်း အမိုးတွေဖြုတ်ကြသည်။ တခိျု့ကတော့ အမိုးကိုလည်းမဖြုတ်၊ လှည်း ပေါ်ကလည်းမကြည့်ဘဲ ဇာတ်စင်နှင့် နီးနိုင်သမျှ နီးအောင် နေရာယူဖျာခင်းကာ လှည်းစောင့် သာချန်ပြီး ကြည့်ကြသည်။ လှည်းရော၊ နွားပါ လူစောင့်ချထားကြသည်။

နေပျောက်၍ အမှောင်ကလည်း ရောက် လာလျှင် ဇာတ်စင်ကလည်း မီးတွေလင်းလာကာ အသံချဲ့စက်ကလည်း သီချင်းတွေဖွင့်လာသည်။ ရွာထဲက ပွဲကြည့်ကြမည့်သူတွေလည်း ဖြီးလိမ်း ပြင်ဆင်ကာ ပွဲသွားကြော့ကြော့အတွက် တက် ကြွနေကြပြီဖြစ်သည်။ တခိျု့ကတော့ စောစော စီးစီး ဇွဲခတ်ကာ ပွဲဈေးတန်းထဲရောက်ကာ ဆယ့် နှစ်ပွဲဈေးသည်တွေဆီ ခြေဦးလှည့်နေကြပြီဖြစ် သည်။

အလင်းဖျော့ဖျော့အောက်တွင် လှည်းတွေ လည်း ရိုးတိုးရိပ်တိပ်လောက်သာ တွေ့မြင်ရ တော့သည်။ လှည်းတွေ အိပ်စက်နေပြီလားဟု ပင် ထင်စရာဖြစ်သည်။ လှည်းဖြင့် လာသူတွေ လှုပ်ရှားနေချိန် လှည်းက တိတ်ဆိတ်စွာအနား ယူလျက်ရှိလေသည်။

''နံနက်ပိုင်းဆိုရင်တော့ ကျုပ်တို့လှည်း သမားတွေပဲ ကျန်တော့တာ။ ညကျတာနဲ့ လူ တွေက ကွင်းထဲရောက်လာပြီး တိုးဝှေ့စည်ကား နေတာ။ နံနက်ဇာတ်ပွဲလည်းသိမ်းရော လူတွေ လဲ ကွင်းထဲကနေ တဖြည်းဖြည်းပျောက်သွား ရော။ ကျုပ်တို့ရပ်ဝေးကလူတွေပဲ မိတ်ဖွဲ့စကား ပြောကြရတာပေါ့။ မိတ်ဆွေသစ်တွေလဲရတယ်။

မိတ်ဟောင်းတွေလဲ ပြန်တွေ့ရတယ်။ ပွဲတော် လာလှည်းတွေ ဆုံကြရတာ အကျိုးတွေ အများ ကြီးပဲ''

ပွဲတော်ရက်လည်းပြီး ဇာတ်စင်လည်းပြန် ဖျက်ရော ကွင်းထဲတွင် ပွဲတော်၏အကြွင်းအကျန် အမှိုက်များ၊ မီးဖိုရာများသာ ကျန်ရစ်တော့ သည်။ လှည်းတွေလည်း တအိအိနှင့် ကိုယ့်ရပ် ကိုယ့်ရွာ၊ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ကြလေပြီ။ ပွဲကိုက်၍ ငိုက်နေသော မျက်လုံးများဖြင့် တိတ် တိတ်ဆိတ်ဆိတ် လိုက်ပါလာကြသလို ညက ကြည့်ခဲ့ရသည့်ဇာတ်ပွဲအကြောင်း စမြုံ့ပြန်ရင်း စကားကောင်း ရယ်မောလိုက်ပါလာကြသူတွေ လည်း ရှိလေသည်။

ပွဲတော်လာလှည်းတွေ ပြန်ကြတော့ တောင်သူအလုပ်တွင်သုံးသည့် ကိရိယာပစ္စည်း တွေ လှည်းပေါ်ပါလာကြသည်။ မိမိတို့လိုအပ် တာလေးတွေ ဝယ်လာသမျှ လှည်းပေါ်ပါလာ ကြသည်။ ဇာတ်ပွဲကြည့်လိုက်ရသဖြင့် ကျေနပ် နှစ်သက်မှုတွေလည်း ပေါ်လာကြသည်။ စိုက် ရေးပျိုးတာ ဆွေးနွေးဖလှယ်ခဲ့တာတွေ လှည်း ပေါ်ပါလာကြသည်။ မိတ်ဟောင်းမိတ်သစ်ဆုံ စည်းမှုတွေ လှည်းပေါ်ပါလာကြသည်။

ပွဲတော်လာလှည်းသည် လူမှုစီးပွားဘဝ ကြောင်းရာများကို တင်ဆောင်ကာ တအိအိ ဖြင့် ခရီးဆက်နေလေသည်။ ပွဲတော်မှာ ဆုံခဲ့ ကြသည့် လှည်းတွေလည်း ကိုယ့်လမ်းကိုယ်သွား ကာ တကွဲတပြားစီ ဖြစ်သွားကြပြီဖြစ်သည်။ ထိုလှည်းများကိုယ်စီတွင် ဘဝတွေကိုယ်စီ စီးနင်း လိုက်ပါလာသည်။ ထိုဘဝကိုယ်စီကား ကိုယ့် လှည်းနှင့်ကိုယ်၊ ကိုယ့်ဘဝကိုယ်ကျောင်းကာ ကိုယ့်သိက္ခာနှင့်ကိုယ် ဂုဏ်ထည်လျက် အများ ကို မနှောင့်မယှက် ခရီးနှင်လျက်ရှိနေသည်မှာ ကျက်သရေရှိလှပါတော့သည်။  ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့