Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

တရုတ်သို့ရောင်းချမည့် ခွေးနှစ်ရာ ပြန်ရွေးရန်ငွေလို



မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံဘက် သို့ရောင်းချရန် ဖမ်းဆီးခံထားရသည့်
ခွေးနှစ်ရာကျော်ကို တရုတ်သို့တင်ပို့မည့် သူများလက်မှ ငွေချေ၍ ပြန်ရွေးယူရန် ငွေကြေးအခက်အခဲ ဖြစ်လျက်ရှိကြောင်း မန္တလေးမြို့တော်အခြေစိုက် ခွေးချစ်သူ များက တညီတညွတ်တည်း ပြောကြား သည်။

လက်ရှိ ခွေးအကောင် နှစ်ရာကျော် အနက် အကောင် ၆၀ ကို ငွေပေးရွေးနိုင် ခဲ့သော်လည်း ကျန်ရှိသည့်ခွေးများကို ကယ်တင်ရန် ငွေကြေးခက်ခဲလျက်ရှိသည် ဟု အဆိုပါခွေးများကို ကိုယ်တိုင်သွားရောက် ကယ်တင်ခဲ့ရသည့် ဒေါ်စောယုအေး က ဆိုသည်။
"ကျွန်မခွေးလေး ပျောက်သွားလို့ လိုက်ရှာတော့ မိတ်ဆွေတစ်ယောက်က ပလိပ်ဘက်မှာ တွေ့ခဲ့တယ်လို့ပြောတယ်။ပလိပ်ကိုသွားကြည့်တော့ ကျွန်မခွေး တွေ့တယ်။ ကျွန်မ ခွေးလေးကို သုံးထောင်နဲ့ ပြန်ရွေးခဲ့ရတယ်။ ကျန်တဲ့ခွေးတွေကို ကယ်ချင်တယ် ပြောတော့ စားစရိတ်နဲ့ သယ် စရိတ်အပါအဝင် ခုနစ်ထောင်နဲ့ ရွေးရမယ် ပြောလို့ အကောင် ၆၀ ပဲ ကယ်ထားနိုင် သေးတယ်" ဟု ဒေါ်စောယုအေးက ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်ပို့သည့် ခွေးဈေးကွက်ကြီး တစ်ခုဖြစ်ပြီး ခွေးအသေး တစ်ကောင်လျှင် ကျပ် တစ်သောင်းခွဲမှ ကျပ်နှစ်သောင်းခန့်ထိ ဈေးပေါက်လျက်ရှိပြီး ပြည်တွင်းခွေးဖမ်း သူများသည် ပြည်ပတင်ပို့မည့် သူများထံ ခွေးတစ်ကောင်လျှင် ကျပ်သုံးထောင်ဖြင့် ပြန်လည် ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် ခွေးချစ်သူများထံမှ သိရသည်။

"အဖမ်းခံထားရတဲ့ ခွေးတွေကို ကယ်တင်ဖို့အတွက် ခွေးဖမ်းတဲ့သူကို ပိုက်ဆံပေးပြီး ခွေးရွေးရတယ်။ ဒီလိုခွေး တွေဖမ်းပြီး ရောင်းစားနေတဲ့သူတွေ ရှိနေ သရွေ့ ခွေးတွေဟာ ပြန်ပေးဆွဲခံနေရသလို မျိုး ငွေပေးပြီး ရွေးနေရဦးမှာပဲ" ဟု မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များ အသင်းမှ တွဲဖက်အတွင်းရေးမှူး (၁) ဒေါက်တာကျော်ထင်က ဆိုသည်။

တရုတ်တင်ပို့မည့် သူများလက်တွင် ကျန်ရှိသည့် ခွေးများကိုလည်း ကယ်တင် မည်ဖြစ်ပြီး ယင်းကဲ့သို့ခွေးများ ဖမ်းဆီး ရောင်းချနေမှုများကို ပပျောက်ရန်အတွက် လည်း မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များ အသင်းနှင့် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖမ်းဆီးထားသည့် ခွေးများကယ်တင်ရာတွင် ပါဝင်ဆောင် ရွက်မည့် ရန်ကုန်မြို့တော်အခြေစိုက် ခွေးချစ်သူ တစ်ဦးဖြစ်သူ ဒေါ်မြတ်သက်မွန် က ပြောကြားသည်။

"ခွေးတွေဟာ လူတွေစားသုံးဖို့ မဟုတ်ပါဘူး။ ခွေးတွေကို စားသောက်ကုန် အနေနဲ့ ရောင်းစားနေတာကို ကျွန်မလုံးဝ ကြည့်မနေနိုင်ပါဘူး။ မန္တလေးမှာ တိရစ္ဆာန် နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပေမယ့် အခုဒီကိစ္စမှာ တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမှု မရှိတဲ့အတွက် မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များ အသင်းနဲ့ ပူးပေါင်းပြီးတော့ အခုလိုလုပ်ရပ်တွေ ပပျောက်အောင် ကြိုးစားသွားမှာပါ" ဟု ၄င်းကဆိုသည်။

လက်ရှိ ကယ်တင်ပြီးသည့် ခွေးများ ကို ပခုက္ကူခရိုင် ရေစကြိုမြို့ရှိ မေတ္တာစိမ့်စမ်း ဘေးမဲ့ခြံတွင် ထားရှိလျက်ရှိပြီး ကျန်ရှိသည့် ခွေးများကိုလည်း ကယ်တင်မည်ဖြစ်ရာ အဆိုပါခွေးများအတွက် အစားအစာနှင့် အဆောက်အအုံ ဆောက်လုပ်ရန် ငွေကြေး အခက်အခဲရှိသည့်အတွက် ခွေးချစ်သူများ အနေဖြင့် ငွေကြေးလှူဒါန်းလိုပါက ဒေါ်မြတ်သက်မွန် (ဝ၉-၅၁၈၉၁၉၈) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၄င်းက ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့