လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 22 July 2013

ဝေသာလီပြည်မှာ ဘီလူးတွေဝင်သောအခါ

 မှတ်မိသေးတယ်ဗျို့။ ကျုပ်တို့ ငယ်ငယ်တုန်းက ကိုယ်ကြိုက်တဲ့ ဟင်းကောင်းလေးများ မိဘကချက်ထားရင် တနင့်တပိုးစားပစ်တာကလား။

ဒါကို ကြည့်နေတဲ့ လူကြီးတွေက ပီတိနဲ့ပြုံးကြည့်ပြီး အခုလိုပြောတတ်တယ်။ “အောင်မလေးဟဲ့ကြည့်ပါဦး စားလိုက်ကြတာ ဝေသာလီပြည် ဘီလူးဝင်တာ ကျနေတာပဲ”တဲ့။

မိဘအနေနဲ့ ကိုယ့်သား၊ ကိုယ့်သမီးက ထမင်း၊ ဟင်းကို ဗိုက်ဆာဆာနဲ့ အားပါးတရစားတာတွေ့လို့ ကျေနပ်စိတ်နဲ့ပြောတာမျိုးဗျ။ ဒါမျိုး လူငယ်ဘ၀ကို ဖြတ်သန်းခဲ့သူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံကြမှာပါဗျာ။ ကျုပ်တို့ကလည်း အဲဒီလို လူကြီးမိဘတွေကပြောရင် ဘ၀င်ကျ နေတာပဲလေ။

ဟော အခုတော့ ခေတ်တွေကပဲ ပြောင်းလို့လား၊ အနေအထားတွေကပဲ ဖောက်လှဲဖောက်ပြန်ဖြစ်လို့ လားတော့မသိပါဘူး။ ဝေသာလီပြည် ဘီလူးဝင်တယ်လို့ပြောတာကို မနှစ်သက်တဲ့သူတွေ ပေါ်လာပြီခင်ဗျ။

လွှတ်တော်ထဲမှာ အမတ်မင်းအချို့ဟာပြီးခဲ့တဲ့ စစ်အာဏာရှင် ခေတ်တစ်လျှောက်လုံး တပ်မတော် အပါအ၀င် လုပ်ငန်းရှင်တွေ၊ ပိုင်ရာ၊ ဆိုင်ရာတွေက လယ်သမားကျောမွဲတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူတာနဲ့ပတ်သက်ပြီး မနေ့တစ်နေ့ကတင်ပဲ အပြန်အလှန်
“တွယ်” ခဲ့ကြတယ် မဟုတ်လား။

အဲသလိုဖြစ်တဲ့ထဲမှာ ဘယ်ဟာက ဘယ်လိုထပြီး “ငြိ” တယ်တော့ မသိဘူးဗျ။ အမတ်မင်းတစ်ယောက်က ဘယ်လိုထပြောသလဲဆိုတော့ အဲသလို အရင်အစိုးရလက်ထက်မှာ မြေသိမ်းတာတွေဟာ ဘယ်လောက်တောင်မှ ဆိုးရွားသလဲဆိုတော့ ဝေသာလီပြည် ဘီလူးဝင်သ လိုပဲတဲ့ဗျာ။ ကျွန်တော်ထင်ပါတယ်။ အဲဒီအမတ်မင်းလည်း ငယ်ငယ်တုန်းက ထမင်းကို တ၀တပြဲစားခဲ့ဖူးသူ ဖြစ်မှာပါ။

ကျုပ်တို့လူမျိုးက ဟာသကြွယ် တယ်ဗျ။ စကားလည်းကြွယ်တယ်။ စကားကြွယ်လွန်းတဲ့ လှတောသားဆိုတာတောင်မှ သတ်သတ်ရှိသေးမို့ လား။ စကားတွေ ပြောရင် ပုံတိုပတ်စတွေ၊ ဥပမာ၊ ဥပမေယျတွေ ညှပ်ညှပ်သုံးတာကလည်း ကျုပ်တို့လူမျိုးတွေရဲ့ စကားလုံးဝေါဟာရ ကြွယ်ဝ ပုံကိုပြတာပါပဲ။

အခုလည်း အမတ်မင်းက လွှတ်တော်ထဲမှာ မြေယာသိမ်းတာတွေဟာ ဘယ်လောက်တောင်မှ သောင်းကျန်းသလဲဆိုတော့ကာ ဝေ သာလီပြည် ဘီလူးဝင်သလိုပဲဆိုပြီး သုံးတာဟာ တမင်ရည်ရွယ်ချက်နဲ့ ပြောတာဟုတ်ချင်မှ ဟုတ်မှာပါ။ သူပြောလိုရင်း အဓိပ္ပာယ်ကို ပိုမိုထင် ရှားစေချင်လို့ အမှတ်တမဲ့သုံးနှုန်းလိုက်တဲ့ စကားလုံးလည်းဖြစ်နိုင်တာပဲ။

နို့ ဒါနဲ့ နေပါဦးဗျာ။ ဝေသာလီပြည် ဘီလူးဝင်တာ ဘယ်လိုတုံး။ ကျုပ်တော့ မှန်းဆမရဘူး။ သိချင်လို့ စာထဲဖတ်ကြည့်တော့လည်း ရှေး ရှေးတုန်းက ဝေသာလီမြို့တော်ကို ဘီလူးတွေဝင်ပြီး လူတွေကို သတ်ဖြတ်စားသောက်ကြတာ အရိုးအရင်းပဲ ကျန်တယ်ဆိုကိုး။

ဒီအပေါ်မှာ အခြေတည်ပြီးတော့ ကျုပ်မျက်လုံးထဲ မြင်ကြည့်မိတာ တစ်ခုတော့ရှိသဗျ။ ဒါကတော့ အဲဒီဘီလူးတွေဟာ အစာရေစာ ငတ်နေရမယ်ဗျ။ မဟုတ်ဘူးလား။ ငတ်နေလို့သာ ကလေးလူကြီး ဘာဘာညာညာမရွေးဘဲ တွေ့ကရာ ခြေနှစ်ချောင်း၊ ခြေလေးချောင်း သတ္တ၀ါ အကုန်စားမယ်ဆိုပြီး ဖြစ်တာနေမှာပေါ့။

တော်ရုံတန်ရုံ ဗိုက်ဆာရုံ လောက်နဲ့တော့ လုပ်ဟန်မတူဘူးဗျ။ အဲတော့ ဝေသာလီကို ရောက်သွားတဲ့ ဘီလူးတွေဟာငတ်နေတဲ့အကောင် တွေပဲ ဖြစ်နိုင်တယ်။ လက်တွေ့ကျ၊ မကျ သေချာချင်ရင် ကျုပ်တို့ငယ်ငယ်တုန်းက မိဘတွေပြောတဲ့ နင်တို့များစားလိုက်တာ ဝေသာလီပြည် ဘီလူးဝင်သလိုပဲလို့ဆိုရတဲ့ အခြေခံအကြောင်းရင်းကို စဉ်းစားကြည့်ဗျ။

တစ်နေကုန်ဆော့ပြီး ပြန်လာရာကနေ ညနေမှာ ဗိုက်ကလည်းဆာနေ၊ ကိုယ်ကြိုက်တတ်တဲ့ ဟင်းကောင်းကလေးကိုလည်း လူကြီးတွေက ချက်ပြုတ်ထားတာမျိုးနဲ့ ကြုံချိန်မှာ ကျုပ်တို့ တ၀တပြဲစားကြရဲ့ မဟုတ်လား။ ဒီအခါမှာ တချို့များ ထမင်းတစ်အိုးချက်လောက်တောင် ကုန်တဲ့အခါ ကုန်ရဲ့မဟုတ်လား။ ဒါကို မိဘတွေက ငါ့သားကလေး စားလိုက်တာ။ ငါ့သမီးကလေးစားလိုက်တာ ဝေသာလီပြည် ဘီလူးဝင်သလိုပဲလို့ ပြောတာပါ။

ကျုပ်တို့ကလည်း ဒီအခါမျိုးကျရင် ငါ့အဖေကတော့ဖြင့်၊ င့ါအမေကတော့ဖြင့်၊ ငါ့ဦးလေးတွေကတော့ဖြင့် ငါ့ကို ဘီလူးနဲ့နှိုင်းတာပဲဟဲ့။ ငါ့ကို မကောင်းဆိုးဝါးနဲ့ နှိုင်းတာပဲဟဲ့လို့ ငြိုငြင်ခြင်း၊ စိတ်ကွက်ခြင်း မရှိခဲ့ရိုးအမှန်ပါဗျာ။

ကိုယ့်ဟာကိုယ်တော့ ဗိုက်ဆာဆာနဲ့ ထမင်းစားလို့ ကျေနပ်နေမှ မင့်ဟာ။ ဘီလူးနဲ့နှိုင်းတာလည်း မခံနိုင်စရာ ဘာရှိတာမှတ်လို့။ ကိုယ်က လည်း အဲဒီလို စကားပုံနဲ့ နှိုင်းချင်စရာ ကောင်းလောက်အောင်ကို ၀ါးမြို (အဲ...) စားထားပြီးမှ မဟုတ်လားဗျ။

ကျုပ်တို့လည်း ဗိုက်ကလေးလက်နဲ့ပွတ်၊ နှုတ်ခမ်းလျှာနဲ့သပ်ပြီး ချောင်တစ်ချောင်မှာ အသာမှေးပြီး ၀က်မင်းစည်းစိမ်ခံစားပစ်လိုက်တာပဲ။ ဘီလူးသော၊ ၀က်သောဘာမှ ခံစားမနေအားပါဘူးဗျာ။

ဟော အခုကျတော့ လွှတ်တော်မှာ တပ်မတော်က မြေသိမ်း တာနဲ့ပတ်သက်ပြီး အမတ်မင်းတွေက ဝေသာလီပြည်ကို ဘီလူးဝင်သလိုပဲလို့ ပုံဆောင်သုံးနှုန်းလိုက်လို့တဲ့။ တပ်မတော်ကအရာရှိကြီးတစ်ဦးက စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ သူတို့တပ်မတော်ကို ဘီလူးနဲ့တင်စား ပြောတာဟာ တကယ်တမ်းတွေးကြည့်ရင်ဝမ်းနည်းစရာ ကောင်းပါတယ်လို့သူကပဲ ဆိုသွားသဗျ။

ခက်ရချည်သေးတော့ အရပ်ကတို့ရေ။ အခုတစ်လော လွှတ်တော်ထဲမလည်း ဘာတွေဖြစ်နေတယ်တော့ မသိဘူးဗျ။ လွှတ်တော်ဥက္ကဋ္ဌကြီးက တစ်လောတုန်းက လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သားအမတ်တွေကို သတိပေးလိုက်တယ်။ ဘာတဲ့ ပြောစရာရှိရင်လည်းပြော၊ ပြော စရာမရှိရင်လည်း မပြောနဲ့ဆိုလား။ ပြောမှာလိုလို၊ မပြောမှာလိုလို မလုပ်နဲ့ဆိုပြီး ကြိမ်းတယ်ဆိုလား ဘာလားသေချာမသိပါဘူးဗျာ။ သူများပြောတာ ကြားရတာပဲ။

ဟော နောက်ထပ်တစ်ခါ လွှတ်တော်ထဲမှာ အမေးအဖြေတွေ ရှိသမို့လား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများက မဲဆန္ဒရှင်များအ ကျိုးငှာ အစိုးရအဖွဲ့ဝင်လူကြီးများကို မေးစရာရှိတာ မေးကြတာမြင်ဖူးမှာ ပါ။ ဒီမှာလည်း အမတ်မင်းတွေ မေးတာနဲ့သက်ဆိုင်ရာ အစိုးရလူကြီးတွေ ပြန်ဖြေတာက လွဲချော်နေဆိုလား။

ဒါကို ဘ၀င်မကျတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးက အမေးနဲ့အဖြေတွေ ကိုက်ညီရမယ်လို့ဆိုသတဲ့။ နောင်ကို ဒီလိုမျိုးမဖြစ်စေရအောင် လုပ်ရ မယ်လို့ မိန့်သတဲ့။ ဒီအကြောင်း သ တင်းတွေထဲမှာဖတ်ရတော့ ကျုပ်လည်း စကားပုံတစ်ခု သွားသတိရ တယ်။

ဘာတဲ့။ “အမေးဘုရားလောင်း၊ အဖြေကျွဲကျောင်း” ဆိုလား။ ဒါပေသိ အခုလို အခြေအနေမျိုးမှာ တရားဝင်မပြောရဲဘူးဗျ။ ကိုယ်ကတော့ စကားပုံမို့ ရိုးရိုးသားသား သုံးလိုက်တာမှန်ပါရဲ့။ နို့ပေမယ့် သက်ဆိုင် ရာဖြေဆိုသူများက သူတို့ကို “ကျွဲ” နဲ့ နှိုင်းရပါ့မလားလို့ အတွေးပွားပြီး အ ရေးယူမယ့် စကားပြောလာရင် မခက်ပါလား။

ကျုပ်ဆိုလိုတာက ဒီ့နောက်ပိုင်းမှာ စကားပုံတွေ သုံးတာလည်း ဆင်ခြင်ရမယ်လို့ ပြောတာဗျ။ ကိုယ်ကနှုတ်ရေးကြွယ်လို့ ဆိုလိုက်ပေမယ့် အတွေးကြွယ်ကြွယ်နဲ့ တွေးတတ်သူ တွေကြားမှာ အဓိပ္ပာယ်ခြားနားချက်တွေ ရှိတယ်လို့ ဆိုချင်တာပါ ခင်ဗျာ။

စကားပုံတွေကို သုံးသာသုံးနေတာပါ။ အဓိပ္ပာယ်မည်မည်ရရ ကျုပ်က မသိတာများပါတယ်။ အခုပဲကြည့် ဝေသာလီပြည် ဘီလူးဝင် တယ်ဆိုတာ သူများသုံးလို့သာ ရောယောင်ပြီးသုံးနေတာ။ အဓိပ္ပာယ်ရည်ရွယ်ချက် တိတိကျကျ ရှင်းပြစမ်းပါဆိုရင် ကျုပ်ဖြင့် မရှင်းတတ် ရိုး အမှန်ပါရယ်။

ငယ်ငယ်က ကျုပ်တို့အစားကျူးလို့ မိဘတွေက ဝေသာလီပြည်ဘီလူးဝင်တယ်လို့ ပြောတယ်။ ကျုပ်က မှတ်ထားလိုက်တယ်။ သြော်.. ဝေသာလီပြည် ဘီလူးဝင်တာဟာဖြင့် ကျုပ်တို့ထမင်းကို အူယားဖားယားနဲ့ တနင့်တပိုးစားသလိုမျိုးပါလားလို့ပဲ မှတ်လိုက်တယ်။

ဘီလူးဆိုတာ ဘယ်လိုအကောင်မျိုးလဲ ကျုပ်မသိဘူး။ အစွယ်ကြီးတွေ နဲ့ ကြောက်စရာအသွင်ပုံဖော်ထားပေမယ့် ဒီလောကမှာ ဘီလူးကို မျက် မြင်ကိုယ်တွေ့ တွေ့ဖူးတဲ့လူရှိလို့ လား။ ဘီလူးဆိုတာ ကြောက်စရာကောင်းတယ်ဆိုတဲ့ အချက်တစ်ခုကို အခြေတည်ပြီး အနုပညာလက် ရာရှင်တွေက အစွယ်ငေါငေါ၊ ပါးစပ်ပြဲပြဲ၊ ကြောက်စရာအသွင်ကို ပုံ ဖော်လိုက်တာ ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့။

ဝေသာလီပြည်ကို ဘီလူးဝင်တော့ ဝေသာလီသားတွေမှာ ငိုကြီးချက်မနဲ့ ပြေးကြလွှားကြ ဖြစ်ကုန်မှာပေါ့။ အ၀တ်အစားကလေး၊ အတွင်းပစ္စည်းကလေးတွေတောင် သယ်သွားနိုင်မှ သယ်သွားနိုင်မှာဗျ။ ဘီလူးဆိုတဲ့ အကောင်ကလည်း ဘယ်နှကောင်လောက် မြို့ထဲကို ၀င်လာသလဲမှ မသိနိုင်တာပဲဗျာ။

ပြီးတော့ အဲဒီခေတ်က ဒုက္ခသည်စခန်းတို့ ဘာတို့လည်း ရှိမထင်ပါဘူးဗျာ။ ပြီးတော့ ဘီလူးတွေကြောင့် သူတို့ဒုက္ခရောက်ရပါတယ်ဆိုပြီး ဘီလူးတွေကို လမ်းပေါ်ထွက် ဆန္ဒပြခွင့်လည်း ရှိမှာမဟုတ်ဘူး။ ဘီလူးက သူ့ရှေ့မှာ ကိုးရိုးကားရား လာလုပ်လို့ကတော့ ၀ါးစားပစ်လိုက်မှာ။

အခုတော့ ဘီလူးနဲ့နှိုင်းတာ စိတ်ကောင်းဖြစ်သူတွေ ဖြစ်နေသတဲ့။ ကျုပ်တနင့်တပိုးစားခဲ့တုန်းက ကျုပ်ကိုယ်ကျုပ် ဘီလူးလို့ မထင်ပေါင်ဗျာ။ ဘီလူးဆိုတာ ဘာကောင်မှန်း ကျုပ်မှမသိတာပဲဗျ။ ကျုပ်ကို ဘီလူးနဲ့ နှိုင်းလို့ ကျုပ်ကထပြီး စိတ်ဆိုးရင် ကျုပ်ဟာ ဘီလူးဖြစ်ကြောင်း ၀န်ခံရာ ရောက်သွားမှာပေါ့။ ဘီလူး မဟုတ်ရင် ဘီလူးလို့ အပြောခံရတာ နဲ့ ပတ်သက်ပြီး ဘာမှ စိတ်ဆိုးစရာ မရှိဘူးဗျ။

အဲ.. ဘာပဲဖြစ်ဖြစ်ပါဗျာ။ နောင်အခါမှာ ဘီလူးဆိုတာ ဘယ်လိုကောင်မျိုး၊ ဘယ်လိုစရိုက်မျိုးရှိတယ်ဆိုတာ သိချင်လို့ ကျုပ်တို့ရဲ့ နောက်မျိုးဆက်တွေက မေးလာခဲ့ရင် ကျုပ်မယ် လက်ညှိုးထိုးပြစရာ နောက်ထပ် ဘီလူးရုပ်တစ်ရုပ်တိုးလာတယ်ပေါ့ဗျာ။ တော်ကြာ သူတို့ က “ဘီလူးဆိုတာ ယူနီဖောင်းကြီးနဲ့ ပါလားဗျ”လို့များ မှတ်ချက်ပေးလာ ခဲ့မယ်ဆိုရင်တော့....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့