Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

ထိုင်းအမျိုးသားများ ဝိုင်းရိုက်နှက်မှုကြောင့် ဗမာလူငယ်တစ်ဦး သေဆုံး

သေဆုံးသွားသူ ကိုအာကာစိုး။ သေဆုံးသွားသူ ကိုအာကာစိုး။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချိုင် ခရုံဖု ရပ်ကွက်တွင်ရှိသော ထိုင်းလူစီ ငါးသေတ္တာစက်ရုံမှ လွန်ခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့က ထိုင်းအမျိုးသား ၃ ဦး၏ ဝိုင်းရိုက်နှက်မှုကြောင့် ဗမာလူငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ၏ အမည်မှာ မောင်အာကာစိုး (အသက် ၁၉ နှစ်) ဖြစ်ပြီး Thai United လမ်းရှိ ခုန်ဖူးလမ်း တန်းလျားတွင် နေထိုင်ကြောင်း၊ သူ၏ ဇာတိမှာ တနင်္သာရီတိုင်း၊ ပလောမြို့နယ်၊ ခန္တီရွာမှ အဘ ဦးချစ်စု (ကွယ်လွန်)နှင့် အမေ ဒေါ်အေးမိုးတို့၏ သားဖြစ်ကြောင်း ဦးလေး ၀မ်းကွဲတော်စပ်သူ ဦးဇော်ဝင်းက ပြောသည်။

သူအသတ်မခံရမီ ၅ ရက်ခန့်က စက်ရုံတွင် အတူလုပ်နေထိုင်သော ထိုင်းအဘွားကြီးနဲ့ စကားအပြန်အလှန်များခဲ့သောကြောင့် ထိုင်းအဘွားကြီး၏ သားဖြစ်သူမှ လူငှါးကာ လုပ်ကြံခိုင်းခြင်းဖြစ်နိုင်ကြောင်းကို ဦးဇော်ဝင်းက ယခုလိုပြောသည်။

" သူအသတ်မခံရခင် ၅ ရက်အလိုလောက်က စက်ရုံထဲတွင် အတူတူလုပ်နေတဲ့ ထိုင်းအဘွားကြီး တစ်ယောက်နဲ့ အပြန်အလှန်စကားများကြတယ်။ အဲဒါနဲ့ ထိုင်းအဘွားကြီးက အဲဒီစက်ရုံမှာ လုပ်နေတဲ့ သူ့သားကို သွားတိုင်တယ်။ သူ့သားက ကောင်လေးကို သုံးကြိမ်လောက် မကျေနပ်တဲ့ မျက်လုံးနဲ့ လာပြီးကြည့်သွားတယ်။ ကောင်လေးကလည်း သတိတော့ ရှိတာပေါ့။ ဒီလောက်စကားများတာလောက်နဲ့ ဒီလိုဖြစ်မယ်လို့ မတွေးမိဘူးပေါ့။ ကောင်လေးက အသက်ကလည်း ငယ်တယ်။ အရပ်ကလည်း တိုတယ်လေ။ သူနဲ့အတူလုပ်နေတဲ့ သူငယ်ချင်းတွေက ပြောတယ်။ အသတ်ခံရတဲ့နေ့က ကောင်လေးက နေ့ဆိုင်းဆိုတော့ မနက်အစောကြီး ၅ နာရီခွဲလောက် စက်ရုံကိုသွားတာ စက်ရုံကိုမရောက်ခင် ကိုက် ၁၀၀ လောက်မှာ ထိုင်းအမျိုးသား ၃ ယောက်က စောင့်နေတယ်လို့ ပြောတယ်။ ကောင်းလေးရဲ့ သူငယ်ချင်းတွေက ရှေ့ကသွားနေတယ်လို့ ပြောပါတယ်။ အဲဒီထိုင်းအမျိုးသားတွေက အရပ်ရှည်တဲ့သူတွေဆိုရင် ဘာမှမပြောဘူး။ အရပ်ပုတဲ့ သူတွေကိုကျတော့ လက်သီးနဲ့ထိုးတယ်။ ကောင်လေးရဲ့ ရှေ့ကသွားတဲ့ အရပ်ပုတဲ့ ကောင်လေးနှစ်ယောက်လည်း အထိုးခံရတယ်လို့ ပြောတယ်။ စက်ရုံကပေးထားတဲ့ ကဒ်နံပါတ်တွေကိုလိုက်ကြည့်တယ်။ ကျွန်တော်ထင်တာက ထိုင်းအဘွားကြီးသားက သူတို့ကို ပြောထားမယ်ထင်တယ်။ ကောင်လေးရဲ့ ကဒ်နံပါတ်က ဘယ်လောက်ဆိုပြီး တော့ပေါ့။ အရပ်က ဘယ်လိုနေတယ်ဆိုပြီး ပြောထားတဲ့ ပုံပေါ်နေတယ်။ ထိုင်းအဘွားကြီးရဲ့သားက အဲဒီ ၃ ယောက်ကို သတ်ခိုင်းတယ်လို့ ထင်တယ်။ " ဟု ပြောသည်။

မောင်အာကာစိုး သေဆုံးချိန်တွင် ညာဖက်ရင်အုံတွင် ဓါးဒဏ်ရာ ၆ ချက်၊ ရင်ညွန့်အောက်တွင် ၂ ချက် ဖြစ်ကြောင်း သိရပြီး သူသေဆုံးကြောင်းကို အခင်းဖြစ်ပွားရာအနီးတွင် ဈေးရောင်းနေသော ထိုင်းတစ်ယောက်ကလည်း မောင်အာကာစိုး အသတ်ခံရပုံကို သူ့ကို ယခုလိုပြောကြောင်း ဦးဇော်ဝင်းမှ ပြောသည်။

" ကျွန်တော်တို့ ကြားတာကတော့ ထိုင်းလူစီလမ်းမှာ ဓါးထိုးမှုဖြစ်လို့ ဗမာကောင်လေး တစ်ယောက် သေသွားတယ်လို့ ကြားတယ်။ ကျွန်တော့်တူမှန်းတော့ မသိသေးပါဘူး။ ကျွန်တော်တို့ သိရတာက ည ၅ နာရီခွဲလောက်မှ သူ့သူငယ်ချင်းတွေက အာကာစိုးတစ်ယောက် အလုပ်မဆင်းဘူးလို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်နဲ့ သူ့ဦးလေးအရင်းနဲ့ ညနေ ၆ နာရီလောက် အဲဒီနေရာကို သွားကြည့်ကြတယ်။ အဲဒီကိုရောက်တော့ အဲဒီနားမှာ ဈေးရောင်းနေတဲ့ ထိုင်းတယောက်က ဗမာကောင်လေးတယောက် ထီးလေးဆောင်းပြီးတော့ လာတယ်။ ထိုင်းယောက်ျားတယောက်က သူ့ကိုထိုးတယ်။ ကောင်လေးက ထွက်ပြေးတယ်။ ကျန်တဲ့နှစ်ယောက်က ကောင်လေးနောက်က လိုက်ပြီးတော့ ကန်တယ်။ ပြီးတော့ သူ့မှာ ပါလာတဲ့ ဆွဲကဒ်ကို လုပြီးပြေးတယ်။ ကျန်တဲ့တစ်ယောက်က ဓါးနဲ့ လေးငါးခြောက်ချက်လောက် ထိုးသေးတယ်။ သေသွားတယ်လို့တော့ ထင်တာပဲလို့ ပြောပါတယ်။ သူက မဟာချိုင် ပုလိပ်ရုံးမှာ သွားပြီးစုံစမ်းလို့ ပြောလိုက်ပါတယ်။ ထိုင်း taxi သမားတစ်ယောက်လည်း အဲလိုပြောပါတယ်။ " ဟု ပြောသည်။

သေဆုံးသူ မောင်အာကာစိုး အလောင်းမှာ ဘန်ကောက်ဆေးရုံသို့ ရောက်သွားခဲ့ပြီး ပုလိပ်ရုံးတွင် သူ၏ပတ်စ်ပို့ မိတ္တူဖြင့် သေဆုံးကြောင်း အတည်ပြုချက်ကို စစ်ဆေးချက်ယူပြီး အလောင်းအား သြဂုတ်လ ၁ ရက်နေ့ ညနေ ၂ နာရီကျော်တွင် ဦးလေးဖြစ်သူက သွားရောက် ယူဆောင်ခဲ့ကြောင်း သူက ဆက်ပြောသည်။

" အလောင်းက ဘန်ကောက်ကို ဘယ်လိုရောက်သွားသလဲဆိုတော့ ကျွန်တော်တို့လည်း မသိပါဘူး။ အလောင်းက သြဂုတ် ၁ ရက်နေ့ ညနေ ၂ နာရီကျော်မှ ရောက်ပါတယ်။ သူ့ဦးလေးရယ်၊ ကျွန်တော်ရယ်၊ သူ့စက်ရုံက မန်နေဂျာရယ် သွားပြီး ယူကြတာပါ။ သူဌေးကတော့ လျော်ကြေးဘယ်လောက် ပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ မန်နေဂျာပြောတာကတော့ ဒီလိုအသတ်ခံရရင် ထိုင်းလူမျိုးဆိုရင် ဘတ် ၅ သောင်း၊ မြန်မာဆိုရင်တော့ ဘယ်လောက် ရမယ်ဆိုတာတော့ မသိသေးဘူးလို့ ပြောပါတယ်။ ကျွန်တော် ကြားဖူးတာကတော့ ဒီလိုမျိုးအသတ်ခံရင် လျော်ကြေးအဖြစ် ဘတ် ၃ သိန်း ရမယ်လို့ စက်ရုံတွေမှာ ကြေညာထားတယ်လို့ ကြားဖူးပါတယ်။ " ဟု ပြောသည်။

သေဆုံးသူ မောင်အာကာစိုးကို ယနေ့ ညနေ ၅ နာရီ မဟာချိုင် ဝပ်ဟော် သင်္ချိုင်းတွင် သင်္ဂြိုလ်ခဲ့ပြီး သူဌေးက လောလောဆယ် ကုန်ကျစရိတ်များကို ကျခံပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မကြာခဏဆိုသလို မြန်မာနိုင်ငံသားများ အသတ်ခံရလေ့ရှိနေပြီး ထိုင်းနိုင်ငံတွင်ရှိသော မြန်မာသံရုံးများအနေဖြင့် လာရောက်စစ်ဆေးမေးမြန်း၍ နောင်ယခုလိုမဖြစ်ရအောင် အရေးယူပေးလျှင် အဆင်ပြေနိုင်ကြောင်း ကိုဇော်ဝင်းမှ ဆက်ပြောသည်။

" အရင်ကလည်း ကျွန်တော်တို့ နေတဲ့နေရာမှာ ဒီလိုမျိုး ထိုင်းလူမျိုးတွေ သတ်လို့သေတဲ့ မြန်မာတွေ အများကြီး ရှိတယ်လို့ ကြားဖူးတယ်။ ဒီလိုမျိုးလုပ်နေတာတွေက ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို အနိုင်ကျင့်သလို ဖြစ်နေတဲ့အတွက် စိတ်မှာ အရမ်းခံရခက်တယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေကိုလည်း ကျွန်တော်တို့ ရွေ့ပြောင်းအလုပ်သမားတွေအတွက် ကိုယ့်လူမျိုးတွေ အနိုင်ကျင့်ခံနေရတာတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။ ဘယ်လို အရေးယူပေးစေချင်လဲဆိုတော့ အဲဒီလို ဖြစ်တဲ့စက်ရုံကို လာပြီးစုံစမ်းမေးမြန်းမယ်။ ကျွန်တော်တို့ ပြောတဲ့ အချက်အလက်တွေက မှန်သလား၊ မှားသလား၊ ဟုတ်လား မဟုတ်ဘူးလားပေါ့။ ဒီမှာ လုပ်နေကြတဲ့ စကားပြန်တွေက မြန်မာတွေ အများကြီးရှိတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးတော့ နောက်ဒီလို မဖြစ်ရအောင် လုပ်ရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ " ဟု ပြောသည်။

ထိုင်းနိုင်ငံအနှံ့အပြားတွင် အလုပ်လုပ်နေသော မြန်မာရွေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိကြောင်း ရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများ၏ ပြောပြချက်အရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့