Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

နံပါတ် ၃၊ လပေါင်း ၃၀ နှင့် သူရဦးရွှေမန်း

 အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စုလွှတ်တော် နာယက အဆောင်အယောင်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ လွှဲပြောင်းပေးလိုက်ခြင်းဖြင့် လက်ကျန် ပြည်ထောင်စုလွှတ်တော်သက်တမ်း လပေါင်း၃၀အတွက် သူရဦးရွှေမန်းက နာယကတာဝန် ယူတော့မည်ဖြစ်သည်။

"ပြည်သူလူထုအတွက် အကျိုးရှိ မယ့် ကိစ္စတွေကို ကျွန်တော်လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးနဲ့ပေါင်းပြီး ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်" ဟု ပြည်ထောင်စု လွှတ်တော်နာယက နေရာကို ပူပူနွေးနွေး လက်ခံရယူလိုက်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှုတ်ခွန်းဆက်လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေပြုရေး၏ အပြီးသတ် အဆုံးအဖြတ် ရယူရမည့် အဖွဲ့အစည်း ဖြစ်ရာ ဥပဒေပြုရေး၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းလည်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သဘောကွဲလွဲသည့် ဥပဒေများကို အပြီးသတ် အဆုံးအဖြတ်ယူရာ လွှတ်တော်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်း တင်သွင်းခွင့် ရရှိထားသည့် လွှတ်တော်လည်းဖြစ်သည်။

ယင်းအပြင် ပြည်ထောင်စုနှင့် သက်ဆိုင်သည့် ပြည်ထောင်စု ဥပဒေများ ပြဋ္ဌာန်းရန် အတွက်လည်း ဆောင်ရွက်ခွင့်ရှိသည့် တစ်ခုတည်းသော လွှတ်တော်လည်း ဖြစ်သည်။
ဥပဒေပြုရေး၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု လွှတ်တော်၏ အထူးအစည်းအဝေး၊ အရေးပေါ် အစည်းအဝေးများကို ခေါ်ယူရန်အတွက်မူ ပြည်ထောင်စုလွှတ်တော် နာယက၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံက တောင်းဆိုမှု မှသာလျှင် ခေါ်ယူခွင့်ရှိကြောင်း ကန့်သတ်ထားသည်။

ယင်းအကြောင်းရင်း များကြောင့် ပြည်ထောင်စုလွှတ်တော် နာယက၏ လုပ်ပိုင်ခွင့် မှာလည်း ယနေ့မြန်မာ့နိုင်ငံရေးပြဿနာ များ ပြေလည်စေရေးအတွက် များစွာ သက်ရောက်မှုပေးနိုင်ကြောင်း တွေ့ရသည်။

ပြည်တွင်းငြိမ်းချမ်းရေး

မြန်မာ့နိုင်ငံရေး ဟုဆိုလျှင် ပြည်တွင်း ငြိမ်းချမ်းရေးမှာ အရေးအကြီးဆုံးနှင့် ဖြေရှင်းရအခက်ဆုံး ပြဿနာတစ်ရပ် အဖြစ် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အကဲခတ်များ အားလုံးက လက်ခံထားကြသည်။
နှစ်ပေါင်း ၆၀ကျော်ကြာ သက်တမ်းရင့် ပြဿနာတစ်ရပ် ဖြစ်သော ပြည်တွင်း စစ်မီးကို ငြှိမ်းသတ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီတို့ လုပ်ဆောင်မှု များကြောင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ပြီးစီး လုပြီဖြစ်ရာ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများမှာ လွှတ်တော်၏ အခန်းကဏ္ဍမှာ များစွာအရေးပါလာသည်။

တိုင်းရင်းသားအများစု တောင်းဆို နေသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ အရင်းအမြစ်များ ခွဲဝေမှု၊ တန်းတူညီမျှ ဖွံ့ဖြိုးရေးစသည်တို့မှာ လွှတ်တော်တွင် ဥပဒေများ ပြဋ္ဌာန်းလုပ်ဆောင်ရမည့် အချက်များဖြစ်သကဲ့သို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး နှင့်လည်း များစွာ သက်ဆိုင်နေပေရာ ရှေ့ဆက်ရမည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ လွှတ်တော်က အဓိကနေရာတွင် ရှိနေပြီဖြစ်သည်။

"ကျွန်တော်တို့လွှတ်တော်က နေပြီး ပဋိပက္ခတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အတွက် လက်တွေ့ကျပြီး ထိထိရောက်ရောက် ဖြစ်မယ့် မူဝါဒတွေရေးဆွဲ ပေးပြီးခိုင်မာတဲ့ ပြည်ထောင်စုစနစ် ဖြစ်အောင် တည်ဆောက် သွားဖို့ပါပဲ" ဟု သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် လက်ခံသည့် အခမ်းအနားတွင် ပြောကြားချက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် လွှတ်တော်၏ အရေးပါပုံကို သိရှိကြောင်း ပြသလိုက်သကဲ့သို့ပင်။

ယင်းအပေါ် နိုင်ငံရေး လေ့လာသူ အချို့က အုပ်ချုပ်ရေးပိုင်းက တည်ဆောက် ထားသည့် ရလဒ်ကောင်းကို လွှတ်တော်က ရယူသွားခြင်းကြောင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး တို့အကြား ပွတ်တိုက်မှုများ ပိုမို ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်လာကြသည်။

သို့သော် နိုင်ငံရေး လေ့လာသူ အများစုကမူ လုပ်ငန်းစဉ်အရ လွှတ်တော် က လုပ်ဆောင်ရမည့်အပိုင်း ဖြစ်သဖြင့် လွှတ်တော်က လုပ်ဆောင်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းနှင့် ပွတ်တိုက်မှု အနည်း အများမှာ လွှတ်တော်၏ ပါးနပ်မှုနှင့်သာ သက်ဆိုင်မည် ထင်ကြောင်း၊ အုပ်ချုပ်ရေး ပိုင်း၏ ချို့ယွင်းချက်များကို နင်းကာ နာမည်ကောင်း ယူသည်မျိုး မဖြစ်ရန် လိုကြောင်း သုံးသပ်ကြသည်။

"နိုင်ငံတော်သမ္မတ ကလည်း ခဏခဏပြောထားတယ်၊ ငြိမ်းချမ်းရေး ကိစ္စတွေက တစ်ယောက်တည်း လုပ်လို့မရဘူး။ အဲဒီတော့လွှတ်တော်လည်း ပါရမှာပေါ့။ နောက်ပိုင်းမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ အရေးပါလာမယ်။ အားလုံးပါမှ ရမှာပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေက တစ်ယောက်တည်း တစ်ဖွဲ့တည်းလုပ်လို့ မရဘူး" ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြံပေး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေး တို့နှင့် စပ်လျဉ်းသည့် ကြေညာချက်တစ်စောင် ကို သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်ပြီးပြီးချင်း ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး အမှန်တကယ်ရရှိရန် သက်ဆိုင်သူများသည် စိတ်ကောင်း စေတနာမှန်များ ထားရှိဆောင်ရွက်ရေး၊ အချင်းအချင်း အပြန်အလှန် နားလည်စာနာ ရေး၊ ယုံကြည်မှုရှိရေးတို့ကို အလေးအနက် ထားဆောင်ရွက်ရန် ယင်းထုတ်ပြန်ချက် တွင် ဖော်ပြ တိုက်တွန်းထားသည်။

ယင်းအပြင် အပစ်အခတ် အပြည့်အဝ ရပ်စဲရေးအတွက် တာဝန်ရှိသူများက တရား နည်းလမ်းတကျ မျှမျှတတ ဆောင်ရွက် ကြပါရန်လည်း ထည့်သွင်းဖော်ပြထားသည်။
"ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ဖြစ်စဉ်မှာ လွှတ်တော်က အပေါ်ရောက် တယ်။ အစိုးရက အပေါ်ရောက်တယ် ဆိုတာမျိုး မရှိပါဘူး။ အားလုံးပေါင်းမှ အောင်မြင်မှာပါ" ဟု ဦးအောင်နိုင်ဦးကဆိုသည်။

ကြီးနှစ်ကြီး ညီညွတ်ရေး

မြန်မာနိုင်ငံ၏ လွှတ်တော်သက်တမ်း မှာ လပေါင်း ၃၀ ရှိလာပြီဖြစ်ရာ ဥပဒေပြုရေး အပိုင်းတွင် အတွေ့အကြုံများ ရှိလာပြီ ဖြစ်၍ လက်ကျန်လပေါင်း ၃၀တွင် ဥပဒေပြုရေးကဏ္ဍ ပိုမိုသွက်လက်လာမည်ဟု နိုင်ငံရေး လေ့လာသူများက ခန့်မှန်းကြသည်။

သို့သော် လက်ကျန်လွှတ်တော် သက်တမ်းလပေါင်း ၃၀ တွင် လွှတ်တော်ကိုယ်စားလှယ် များအနေနှင့် တိုင်းပြည်အတွက် အရေးပါသည့် ဥပဒေများ ပြဋ္ဌာန်းရမည် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကဲ့သို့ အရေးကြီးသည့် လုပ်ငန်းများလည်း များစွာရှိနေသည်။
ယင်းသို့သော အနေအထားမျိုးတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအကြား တင်းမာမှုများ ဖြစ်ပေါ်စေမည့် ကိစ္စရပ် များကို နားလည်မှုရှိရှိ အပြန်အလှန် ညှိနှိုင်းကြရန် လိုအပ်ကြောင်း နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။

လက်ရှိအစိုးရမှာ အာဏာရှင်အစိုးရ အဖြစ်မှ ပြောင်းလာသည့် အစိုးရဖြစ်ခြင်း၊ လူထုမှာလည်း နှစ်ပေါင်း ၅၀ကျော် အာဏာရှင်စနစ် အောက်တွင် နေထိုင်ခဲ့ ရခြင်း တို့ကြောင် ဒီမိုကရေစီ ကျင့်စဉ်နှင့် မယဉ်ပါးသည်ကို ထည့်တွက် သင့်ကြောင်း၊ ဒီမိုကရေစီ သဘောအရ အပြန်အလှန် ထိန်းကျောင်းမှုရှိရမည် ဆိုသော်လည်း အလေ့အကျင့် မရှိသေးသည့်အချိန်တွင် အပြန်အလှန် ထိန်းကျောင်းမှု လွန်ကဲသွား ပါက တိုင်းပြည်အတွက် မကောင်းကြောင်း ၄င်းတို့ကဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားသည် လွှတ်တော်နှင့် အစိုးရတို့ ပူးပေါင်းမှု ပိုမိုမြင့်တင်ရန် လိုအပ်ကြောင်း ယင်းသို့ မြှင့်တင်ရာတွင် ပြည်ထောင်စုလွှတ်တော် နာယက တစ်ဦးတည်းအပေါ် မူတည်ခြင်း မရှိဘဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြီးခဲ့သည့် လွှတ်တော်သက်တမ်း လပေါင်း ၃၀ အတွင်း အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ပြည်သူ့လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့ အကြား တင်းမာမှုများ ပိုမိုပေါ်ပေါက်ခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းပြည်ထောင်စု လွှတ်တော် နာယကဖြစ်လာပါက အားပြိုင်မှုများ ပိုမိုပေါ်ပေါက်လာမည် ဆိုသည့် သုံးသပ် ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"လွှတ်တော်နဲ့ အစိုးရ ပိုမိုပူးပေါင်း မှ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ တော်တော်များများ ပြေလည်မယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ

လပေါင်း ၃၀ အလွန် ၂၀၁၅ ခုနှစ် တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ အပြီးတွင် ရွေးချယ်တင်မြှောက်မည့် နိုင်ငံတော်သမ္မတနေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူလိုကြောင်း ပြောကြား ထားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အောက် အသက်၂နှစ်ငယ်သော သူရဦးရွှေမန်း ကလည်း ထိုနည်းနှင်နှင် ပြောဆိုထားသည်။

အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ အရွေးချယ်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော်သားများ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည့် သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတ ကို ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။

ယင်းကြောင့် လွှတ်တော်မဲဆန္ဒနယ် များတွင် ကိုယ်စားလှယ်အများဆုံး ရရှိသည့် နိုင်ငံရေးပါတီက ရွေးချယ် တင်မြှောက်လိုသည့် သူသာ နိုင်ငံတော်သမ္မတ ဖြစ်ရန် အခွင့်အလမ်းရှိသည့် သဘောဖြစ်သည်။

သို့ကြောင့် သူရဦးရွှေမန်း၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစုတွင်အနိုင်ရပါက သမ္မတအဖြစ် ရွေးချယ်ခံရနိုင်ခြေရှိသော်လည်း သမ္မတ ယှဉ်ပြိုင်ဘက်ဖြစ်လာမည့် ဒေါ်အောင်ဆန်း စုကြည်အတွက်မူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် အများစုတွင် အနိုင် ရရှိပါကလည်း သမ္မတအဖြစ် အရွေးချယ်ခံရန် ကန့်သတ်ချက်များ ရှိနေသည်။

ယင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတတာဝန် ရယူရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် သမ္မတ နှင့် ဒုတိယသမ္မတများ၏ အရည်အချင်း ပြဋ္ဌာန်းချက်ကို ပြင်ရမည်ဖြစ်သည်။

နိုင်ငံတကာက အလေးထား စောင့်ကြည့်နေသည့် ၂၀၁၅ရွေးကောက်ပွဲ တရားမျှတရေး ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ကန့်သတ်ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာလည်း အရေးပါသည့် အချက်တစ်ရပ်ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပြက်ရယ်ပြု စရာဟုပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌက မှတ်ချက်ပြုခဲ့သည်။

ဖွဲ့စည်းပုံဥပဒေပြင်ရေး

"သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော်နာယကတစ်ဦး အနေနဲ့ မြန်မာ့နိုင်ငံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားရေးရာ ကိစ္စတွေကို နိုင်ငံတကာ လက်ခံနိုင်အောင် ဆောင်ရွက်ဖို့ အခြေခံဥပဒေကို မဖြစ်မနေပြင်ဖို့ လုပ်သင့်တယ်" ဟု ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီက သုံးသပ် ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တိုင်းရင်းသားများ တောင်းဆိုထားသည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေး၊ သဘာဝ အရင်းအမြစ်များ ခွဲဝေမှုမျှတရေး၊ တန်းတူ ညီမျှဖြစ်စေရေးစသည် တို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တိုက်ရိုက်သက်ဆိုင်နေ ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးမှာ နာယက သူရဦးရွှေမန်း ဦးဆောင်သည့်ပြည်ထောင်စု လွှတ်တော်အတွက် အရေးကြီးသည့် တာဝန်တစ်ရပ် ဖြစ်လာသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်ထောင်စုလွှတ်တော် နာယက တစ်ဦးတည်း လုပ်နိုင်မည်ဟု မမြင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
"အဆင့်ဆင့်သွားရတာကို တစ်ယောက်တည်း အာမခံဖို့ကတော့ မဖြစ်နိုင်ပါဘူး။ မမြင်နိုင်တဲ့ ပြဿနာတွေ တားဆီး မှုတွေ ပိတ်ပင်မှုတွေ အများကြီးရှိတယ်" ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်တွင်း ဆောင်ရွက်ဖွယ်ရှိသည့် ကိစ္စရပ်များကို အားကောင်းမောင်းသန်ဖြင့် လုပ်နိုင်မည်ဟု ယူဆရကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးတွင် သူရဦးရွှေမန်း၏ တာဝန် တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းကဆိုသည်။

နံပါတ် ၃အတွက် လပေါင်း ၃၀

ယခင်အစိုးရ လက်ထက်တွင် နံပါတ်သုံးအဖြစ် တာဝန်ယူထားသည့် သူရဦးရွှေမန်း ကို အစိုးရအဖွဲ့သစ်တွင် နိုင်ငံတော်သမ္မတ ဖြစ်လာမည်ဟု ခန့်မှန်းမှုများ ရှိသော်လည်း လက်တွေ့တွင် ယခင်အစိုးရ အဖွဲ့တွင် နံပါတ် ၄ နေရာမှ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ ဖြစ်လာသည်။

အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကြောင့် ကျန်ခဲ့သည့် လပေါင်း၃၀ အတွင်း နိုင်ငံတကာနှင့် မြန်မာပြည်သူလူထု၏ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သိသိသာသာ ရရှိလာသည်။
သို့သော် ကျန်သည့်လပေါင်း ၃၀ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး စသဖြင့် အဓိကကျသည့် နိုင်ငံရေးဖြစ်စဉ် များကို လွှတ်တော်က တာဝန်ယူ လုပ်ဆောင် ခွင့်ရမည်ဖြစ်သည်။

လက်ကျန် လ ၃၀ တွင် လွှတ်တော်၏အရေးကြီးသည့် လုပ်ငန်းစဉ်များ လုပ်ရန်ရှိ နေကြောင်းကို "ပြည်ထောင်စု လွှတ်တော်ရဲ့ အနာဂတ်လုပ်ငန်းတွေမှာ ပိုမိုလေးနက် ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ ရှိပါတယ်။ ပြည်သူ့ဆန္ဒပြည်သူ့မျှော်လင့်ချက် တွေနဲ့အညီ အောင်မြင်စွာဆောင်ရွက် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော် နာယက လွှဲပြောင်းမှု မတိုင်မီ နာယကဦးခင်အောင်မြင့်၏ ပြောကြားချက်က သက်သေပြနေသည်။

ယင်းကာလတွင် လွှတ်တော်ကို အကောင်းဆုံး ထိန်ကျောင်းပုံဖော်နိုင်သည် ဟု အသိအမှတ်ပြု ခံထားရသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာ ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တာဝန်ယူမည် ဖြစ်ရာ နိုင်ငံရေးလှုပ်ရှားသူ များအကြား အလေးထား စောင့်ကြည့်လာရသည်။

"ကျွန်တော်တို့ ၈၈ နဲ့ ဆက်ဆံဖူးသလောက် ကျွန်တော်မြင်တာကတော့ သူလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဦးဂျင်မီက ပြည်ထောင်စု လွှတ်တော်နာယကနှင့် ပတ်သက်ပြီး ၄င်း၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် မျှော်လင့်ချက်ကို ပြောပြသည်။

ယခင် အစိုးရလက်ထက် နံပါတ် ၃ သူရဦးရွှေမန်း အတွက်မူ ဥပဒေပြုရေး မဏ္ဍိုင်က အရေးကြီးသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည့် လပေါင်း ၃၀ တွင် ဥပဒေပြုရေး မဏ္ဍိုင်၏ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သော ပြည်ထောင်စုလွှတ်တော်၌ နာယကတာဝန် ထမ်းဆောင်ရမည်ဖြစ်ရာ ယင်းကို နာမည်ကောင်း တည်ဆောက်လိုပါက အချိန်ကောင်းအဖြစ် နိုင်ငံရေးလေ့လာ သူများက ရှုမြင်နေကြသည်။

နိုင်ငံရေး သုံးသပ်ဆောင်းပါးများ ရေးသားသူ နေသန်မောင်က "ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးရော၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေ အတွက်ပါ သူရ ဦးရွှေမန်းက စောင့်ကြည့်ရမယ့်သူ တစ်ယောက် ဖြစ်လာတယ်။ အဲဒါတွေ အကုန်လုံး သူလုပ်နိုင်ရင် ကြံ့ခိုင်ရေးပါတီရဲ့ ပုံရိပ်ရော၊ ဗိုလ်ချုပ်ဟောင်း သူရရွှေမန်း ဆိုတဲ့ ပုံရိပ်ရော၊ ပြည်သူတွေအမြင်မှာ အများကြီး ပြောင်းသွားနိုင်တယ်" ဟု မှတ်ချက်ပေးသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့