Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 March 2012

အိပ်မက်ခရီး...။

အိပ်မက်ခရီး...။





တမျှော်တခေါ်ရှည်လျားလှသည့် လူတန်းကြီး၏နောက်တွင် ကျွန်တော်ဝင်၍ တန်းစီလိုက်ပါသည်...။ ကျွန်တော့်၏ ရောက်ရာ အရပ်၌ ပါတ်ဝန်းကျင်စူးစမ်းလေ့လာတတ်သော ပင်ကိုဗီဇအကျင့် အတိုင်း ကျွန်တော် ရောက်ရှိနေရာ နေရာ၏ ဘေးဘီဝဲယာဝန်းကျင်ကို စူးစမ်းသမှု ပြုလိုက်လေ၏..။


ကျွန်တော်ရပ်နေရာ ဘေးတစ်ဖက်တစ်ချက်သည် မဲမှောင်နေကာ အထက်ကောင်းကင်ယံတွင်လည်း လရောင်မြင်ရဖို့ လ မပြောနှင့်ကြယ်တစ်လုံးမျှတောင်မရှိပါ...။


ကျွန်တော့်နောက်ဖက် ကားမှတ်တိုင်တစ်တိုင်စာ အကွာအဝေးတွင်တော့ မြစ်ကမ်းပါးတစ်ခုရှိနေသည်ကို ကျွန်တော်တန်းစီနေရာ လူတန်းကြီး၏ အရှေ့ဘက်မှ မီးတောက်အလင်းရောင်များကြောင့် မြင်နေရပါသည်...။ ကျွန်တော် အနောက်အရပ်မြစ်ကမ်းဘက်သို့ စူးစမ်းပြီး ကြည့်နေစဉ်မှာပင် ...... လူ(၂၀၀)ခန့် တင်ဆောင်လာသော ကူးတို့လှေတစ်စင်း မြစ်ကမ်းပါးသို့ ဆိုက်ကပ်လာသည်ကို တွေ့လိုက်ရပါသည်..။ ထိုနောက်တွင်တော့ လှေပေါ်တွင်ပါလာသူများသည် ကျွန်တော့်နည်းအတိုင်းနှင့် ကျွန်တော့်၏နောက်ဘက် တွင် ၀င်ရောက်တန်းစီနေရာယူကြပါသည်...။



တစ်ခုထူးခြားနေသည်မှာ ကျွန်တော့်၏ရှေ့၌ တင်ကြို၍ တန်းစီနေသောလူများနှင့် ကျွန်တော့်နောက်တွင် ထပ်မံရောက်ရှိလာသော လူများကိုကြည့်ရသည်မှာ သူတို့၏မျက်နှာအမူအရာနှင့် ကိုယ်ခန္တာလှုပ်ရှားမှု ပုံစံများသည် ရွှင်ပြစိုပြေ လန်းဆန်တက်ကြွနေသည့် ပုံ မရှိဘဲ.....အားလုံးမှိုင်မှိုင်တွေတွေ ငေးငေးငိုင်ငိုင် ဖြစ်နေကြပါသည်...။


ဘာကြောင့် ဤလူများ မရွှင်လန်းသည့် မျက်နှာအမူအရာမျိုးဖြင့် သည်နေရာကို ရောက်နေကြပါသနည်း....။ ကျွန်တော်ကကော အဘယ့်ကြောင့် အိမ်တွင်အိပ်ပျှော်နေရာမှ ဒီနေရာသို့ ဘယ်ကဲ့သို့ ရောက်လာခဲ့ရပါသနည်း....။ ကျွန်တော် ဝေခွဲနိုင်လောက်အောင် အဖြေမရှိသော ဤနေရာသည် အဘယ်သို့သော် နေရာတစ်ခု ဖြစ်ပါသနည်း...။ ကျွန်တော့် ဦးနှောက်သာ ပူထူပွက်လော ရိုက်သွားခဲ့ပါ သည် ကျွန်တော်လိုချင်သော အဖြေကတော့မရပါ...။



ထိုစဉ်...။


ကျွန်တော်ဝင်ရောက်တန်းစီနေသော လူတန်းကြီး၏ ရှေ့ဆုံးမှာရှိနေသော ဧရာမတံခါးကြီးတစ်ချပ်က ပွင့်လို့လာခဲ့ပါတော့၏ ။ ကျွန်တော့်အထင် ထိုတံခါးကြီး၏ အရွယ်အစားသည် ကျွန်တော်ကြည့်ခဲ့ဖူးသော ရောမဇတ်ကားများထဲမှ မြို့ရိုးတံခါးကြီး၏ ပုံနှင့်တူပါ သည်..။ တစ်ခုအမြင်ဆန်းနေသည်မှာ ထိုတံခါးကြီးဖွင့်လိုက်သည်နှင့် ထိုတံခါးမှထွက်လာသော အလင်းရောင်များသည် ကျွန်တော်တို့ နံဘေးဝန်းကျင်ပါတ်လည် နေရာဒေသတစ်ခုလုံး နေ့ခင်းဘက်ကြီးအလား လင်းထိန်သွားခြင်း ဖြစ်ပါသည်..။



ထိုအခါကြမှ ကျွန်တော် ပါတ်ဝန်းကျင်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ခွင့်ရသွားပါတော့သည်..။ ကျွန်တော်၏ ဘေးနှစ်ဘက်တွင် အလွန်တရာနက်သော ချောက်ကမ်ပါးကြီးရှိနေပါသည်...။ကျွန်တော်တို့ တန်းစီထားသောနေရာ သည် ချောက်ကမ္ဘားနှစ်ခုကြားမှ လမ်းသွယ်လေးတစ်ခုပေါ်တွင် ဖြစ်ပါသည်...။


ကျွန်တော်ထိုကဲ့သို့ တောင်မြောက်လေးပါးကို စူးစမ်းကြည့်နေစဉ်မှာ တိတ်ဆိတ်ငြိမ်သက်နေသော ၀န်းကျင်ပါတ်လည်ကို မောင်း ထုသံကြီးတစ်ခုက မြည်ဟည်း လွမ်းမိုးသွားပါလေတော့သည်..။



"ဒူ........ဟူ.....ဟူ....."



ယင်း မောင်းထုသံကြီးသည် ကျွန်တော့်သက်တန်းတစ်လျှောက် ကြားခဲ့ဖူးသော မောင်းထုသံများထဲတွင် အလွန်တရာ နားဝင်ဆိုး လှသော မောင်းထုသံကြီး ဖြစ်ပါသည်..။ စူးရှအက်ကွဲကာ ကြားရသူအပေါင်း အသွေးအသားနှင့် ကျောရိုးထဲထိ စိမ့်ဝင်သွားလောက်စေ သည်အထိ ထိုမောင်းထုသံကြီးက စွမ်းဆောင်ပါသည်....။



ထိုကဲ့သို့ မောင်းထုသံကြီးကြားရပြီး မရှေ့မနှောင်းတွင် ကွန်တော့်ရှေ့မှ လူတန်းကြီးသည် တအိအိနှင်စတင်လှုပ်ရှားလာပါတော့ ၏..။ ကျွန်တော့်၏ ရှေ့မှလူနောက် ကျွန်တော်လည်းလိုက်လျှောက်နေရင်းနှင့် ကျွန်တော်ပါ ဧရာမတံခါးကြီးအ၀နားသို့ ရောက်ရှိ လာပါ လေတော့သည်..။



ကျွန်တော်တံခါးဝသို့ရောက်သည်ဆိုလျှင်ပဲ မြင်လိုက်ရသော မြင်ကွင်းသည် အလျှံငြီးငြီးတောင်လောင်နေသောမီးတို့နှင့်ပြည့်နေ

သော အလွန်တရာကျယ်ဝန်းသည့် အဆုံးအစမရှိသော လွင်ပြင်ကြီးတစ်ခု ဖြစ်နေပါသည်...။ ကွင်းပြင်ထဲတွင်လည်း လူများသည် သူ့အုပ်စုနှင့်သူ သူတို့သက်ဆိုင်ရာနေရာများကို သွားနေကြပါသည်...။ ဧရာမတံခါးကြီး၏ အတွင်းပိုင်းဝင်ရောက်ရာနေရာ အစတွင် အလွန်တရာကြီးမားလှသော အဆောက်အအုံကြီးတစ်ခု ရှိနေပါသည်...။ ကျွန်တော်တို့သည် ဌင်းအဆောက်အဦးကြီးကို ဖြတ်ပြီးမှ လှမ်း မြင်နေရသော လွင်ပြင်ကျယ်ကြီးကို ရောက်ရှိပါလိမ့်မည်...။

သို့ပေမယ့် တန်းစီနေကြသော လူအားလုံးတော့ထိုအဆောက် အဦး ကြီးထဲ ၀င်ရသည်မဟုတ်ပါ...။ လူတန်းထဲမှ လူတစ်ချို့ကို အရပ်(၁၀)ပေခန့်ရှိသော ဗလထောင်ထောင်မောင်းမောင်း နှင့် လူကြီးများက ဒါရိုက်ဆွဲ ခေါ်ကာ လွင်ပြင်သွားရာလမ်းသို့ပို့နေပါသည်...။




မည်ကဲ့သို့ အကြောင်းများကြောင့် ထိုသို့ပြုလုပ်ကြသည်တော့ ကျွန်တော်လည်းမသိနိုင်ပါ...။ တစစနှင့် ကျွန်တော် အဆောက်အဦး ကြီး၏ အ၀သို့ရောက်ရှိလာခဲ့ပါသည်..။ အဆောက်အဦးအ၀င်ပေါက်၏ တံခါးအ၀တွင် အလွန်သန်မာထွားကြိုင်းသော လူကြီးလေးဦးက မတ်တပ်ရပ်၍ လက်ထဲတွင်လည်း ကျွန်တော်မမြင်ဖူးသော လက်နက်များကို ကိုင်ဆောင်ထားကြပါသည်...။


တစ်ဦးမှာတော့ ထိုင်နေကာ သူ၏ရှေ့ခုံပေါ်မှာတင်ထားသည့် စာအုပ်ကြီးကိုကြည့်ပြီး သူ့ခုံရှေ့ရောက်လာသောသူများကို ကိန်းဂဏ္ဍန်းများရေးထားသော ဆွဲကြိုး သဏ္ဍန်အပြားကြီးကို ပေးနေ၏..။ ပြီးနောက် ဌင်းပေးသော အရာကြီးကို လည်ပင်းတွင် ဆွဲစေ ကာ အဆောက်အဦးအတွင်းသို့ ၀င်ခိုင်းလေသည်..။



ဤသို့နှင့် ကျွန်တော်ပါ ထိုခုံရှေ့သို့ ရောက်သွားပါတော့သည် ။ ကျွန်တော်က ဌင်းခုံရှေ့တွင် ဌင်းအားမျက်နှာချင်းဆိုင်မှ ရပ်နေ ရပါသည်..။ ထိုလူကြီးသည် ကျွန်တော်၏ မျက်နှာကို တစ်ချက်စိုက်ကြည့်ကာ သူ၏စာအုပ်ကြီးအတွင်း၌ တစ်စုံတစ်ခုကို ရှာလေ၏..။


သို့သော် အတန်ကြာအောင် သူရှာနေသော်လည်း စာအုပ်ကြီးအတွင်း၌ သူလိုချင်သောအရာကို ရှာမတွေ့ဟန်ပေါ်နေပါသည်..။ သူရှာမတွေ့သည့်အဆုံး ကျွန်တော်မျက်နှာကိုတစ်ချက်စေ့စေ့ပြန်ကြည့်ကာ သူက....



"မင်းနာမည်က ကကြီး... အသက်(၃၃) နှစ်နော်...... နေတာက မြန်မာပြည်..."



ဟု မေးမြန်းလိုက်ပါသည်...။ သူ၏အမေးစကားကို ကျွန်တော် မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်...။



"ဟုတ်ပါတယ်..." ... ကကြီးပါ အသက်က(၃၃) နေရပ်က ရန်ကုန် .. မြန်မာပြည်... ""



ထိုလူကြီး ကျွန်တော်ကို တစ်ချက်ပြန်စိုက်ကြည့်ကာ......



"အင်း.... ဒါဆို ခဏ မင်းစောင့်နေဦး... ဒီမှာ ဘာမှားနေလဲမသိဘူး ....မင်းနာမည် မတွေ့ဘူး..."



ဟု ကျွှန်တော့်အား စကားပြန်ဆိုကာ ဌင်း၏ စာအုပ်အထူကြီးကိုကိုင်၍ အဆောက်အဦးအတွင်းသို့ ၀င်ရောက်သွားလေတော့ သည်။ (၁၅) မိနစ် မိနစ်(၂၀) ခန့်အကြာတွင် ဌင်းသည် အဆောက်အဦးအတွင်းမှ ပြန်ထွက်လာ၍ သူ၏ခုံတွင် ပြန်ဝင်ထိုင်လိုက်ပြီး.....



"မင်း နာမည်တော့.. မပါသေးဘူး ဒါပေမယ့် မင်း ဒီကို လာရမှာ သိပ်မကြာတော့ဘူး အဲတော့ ခုကိစ္စကို ငါလည်း မဆုံးဖြတ်....


တတ်ဘူး....ဒီတော့က မင်း ငါတို့အထက်လူကြီးနဲ့သာ ၀င်တွေ့ပေတော့ ".... ""ရော့ ဒီမှာ လည်ဆွဲကဒ်ပြား မင်းဆွဲပြီး အထဲကိုသာ ၀င်သွားပေရော...... ""



ကျွန်တော် ၄င်းပေးသော လည်ဆွဲကတ်ပြားမှ နံပါတ်ကိုကြည့်လိုက်တော့ ကျွန်တော့်လည်ပင်းတွင် ဆွဲရမည်ဖြစ်သော အမှတ်စဉ် ကဏ္ဍန်းနံပါတ်သည် ...(၁၃) ဖြစ်လေ၏.. ""




ကျွန်တော် အဆောက်အဦးအခန်းတံခါးမှ ထိုအဆောက်အဦးကြီးထဲသို့ ၀င်လိုက်သည်ဆိုလျှင်ဘဲ အပ်ကျသံမျှလောက်.... မကြားရလောက်အောင် တိတ်ဆိတ်နေသော အခန်းကြီး၏ သွင်ပြင်လက္ခဏာကို သတိထားမိလိုက်သည်..။ ထို့အတူပဲ အရိုးတွေ ကွဲ ထွက်သွားမတတ်လောက်အောင် အေးသောခံစားမှုကိုလည်း ကျွန်တော့်ခန္တာကိုယ်မှာ တစ်ပြိုင်နက်တည်း ခံစားမိလိုက်ရပါသည်..။



အခန်း၏ အဖြူ အမဲကွက်များနှင့် အစီအရီခင်းထားသော အခန်းကြမ်းပြင်ပေါ်တွင် ကျွန်တော်မတ်တပ်ရပ်ကာ အူကြောင်ကြောင် ဖြစ်နေခိုက်တွင် အလွန်ပီသထင်ရှား၍ သြဇာတိက္ကိမ ကြီးမားသောအသံကြီးကို ကြားလိုက်ရပါသည်..။




""မောင်ကကြီး.....အသက်(၃၃)နှစ်...နေရပ် ရန်ကုန်...... မြန်မာ... လူပြည် "" ""ဟုတ်သလား... ""



"ဟုတ်ပါတယ်.. ခင်ဗျာ"



ကျွန်တော် ရိုသေကျိုးနွံစွာဖြင့် ပြန်ဖြေလိုက်ပါ၏ ။ ကျွန်တော့်၏ စိတ်တွင် မည်သို့ဖြစ်မှန်းမသိပါ.... ထိုအသံရှင်ကြီးကို ကြောက်ရွံ့ နေမိပါသည်..။



"မင်း" ဒီနေရာကို ရောက်လာရတဲ့ အကြောင်းအရင်းနဲ့ ဒီနေရာဟာ ဘာလဲဆိုတာ မင်းသိလား ကကြီး...???????? ""



"မသိ............မသိပါဘူး ခင်ဗျာ...."



""အေးဒါဆို ပြောပြမယ်..... ဒီနေရာဟာ ငရဲပြည်လို့ခေါ်တယ်.....မင်းခုရောက်နေတဲ့နေရာဟာ....မင်းတို့လူသားတွေရဲ့ အပြစ်တွေ စစ်မေးရာ..... မင်းတို့ပြုခဲ့တဲ့ ကောင်းမှုတွေကို ပြန်သတိရအောင် အစဖေါ်ပေးရာ ငရဲပြည်တရားစစ်ခန်းလို့ခေါ်တယ်...


"" .... ""ခုပြောနေတဲ့ ငါဟာ....သိဉ္စိုး၊ ကာလသုတ်၊ သံဃာတ ၊ရောရုဝ၊ မဟာရောရုဝ ၊တာပန္န ၊မဟာတာပန္န ၊အ၀ီစိလို့ခေါ်တဲ့....


ငရဲကြီးရှစ်ထပ်ကို အုပ်ချူပ်တဲ့ ငရဲမင်းကြီးပဲ ဖြစ်တယ်.... ""




ကျွှန်တော် တစ်ကိုယ်လုံးထူပူသွားကာ အလွန်တရာကြောက်ရွံ့တုန်လှုပ်သွားမိပါသည်...။ ဒူးခေါင်းတွေ တဆတ်ဆတ် ရိုက်ပြီး မေး ဖျားတစ်ခုလုံး ဇတ်ဇတ်ခါကာ အပေါ်သွားနှင့်အောက်သွား တဂတ်ဂတ်ရိုက်နေပါသည်..။ ကျွန်တော်အိပ်ပျှော်နေရာမှ ယခု ရောက်ရှိ လာသော နေရာသည် အဘယ့်သို့ကြောင့် ငရဲပြည်ဖြစ်နေရပါသလဲ..။ ငရဲပြည်ရောက်ရသည် ဆိုရင်လည်း ဘယ်လိုမကောင်းမှုများ ကျွန်တော် ပြုလုပ်ခဲ့ဖူးပါလို့လဲ...။





"ကကြီး.... မင်းကိုခုကစပြီး ငါမေးခွန်းသုံးခုမေးမယ်....." ..... "" မင်းသေချာစဉ်းစားပြီးဖြေပါ....ဒါဟာ မင်းငရဲက လွတ်မြောက်နိုင်မယ့် မေးခွန်းတွေဖြစ်တယ်....""




ကျွန်တော်ကြောက်ရွံ့လွန်၍ စကားပြန်ပြောခြင်းအမှုတောင် မပြုနိုင်တော့ပါ..။ ဦးခေါင်းကိုသာတဆတ်ဆတ်ငြိမ့်ပြလိုက်ပါသည်..။



"" ကဲ မေးပြီ..... နားစိုက်ထောင်ပါ.. သေသေချာချာ မမေ့မလျော့ အသိတရားနဲ့ ပြန် ဖြေဆိုပါ မေးခွန်း နံပါတ်(၁)......


မင်းလူ့ဘ၀မှာနေခဲ့တုန်းက ဘာတွေကို မကောင်းမှုအနေနဲ့ ပြုခဲ့သလဲ...""




ကျွန်တော် ရုတ်တရက်အပြေးအလွှား စဉ်းစားရပါတော့၏..။ ပြန်ဖြေနိုင်ရန် ခွန်းအားများ ခန္တာကိုယ်ထဲတွင် မရှိနေသော်လည်း... ကျွန်တော် ပြန်မဖြေ၍ မဖြစ်ပါ..။ ကျွန်တော် သေလဲမသေချင်ပါ..။ ကျွန်တော် ငရဲမှာလဲ ကျမခံနိုင်ပါ..။



"" ကျွန်တော် ငယ်ငယ်က ကျောင်းကမုန့်ဈေးတန်းမှာ မုန့်ခိုးဖြုတ်စားဖူးပါတယ်... ပြီးတော့ လူပျိုပေါက်အရွယ်မှာ လူငယ်တွေ ထုံး


စံအတိုင်း သူများအိမ်က ကြက်တွေ..... ဘဲတွေ ခိုးပြီး သတ်စားဖူးပါတယ်...."" ""နောက် ငှက်တွေ ရှောက်ပြစ်ပြီးလည်း ကြော်စားဖူး


ပါတယ်.....ငါးတွေလဲ ကိုယ်မစားပဲ အပျှော်အနေနဲ့ လိုက်မျှားခဲ့ဖူးပါတယ်....."" ""နောက်ပြီး မိန်းကလေး လှလှမြင်ရင်လည်း လူပျိုဘဝ


ထုံးစံအတိုင်း စိတ်ထဲက ပြစ်မှား ဖူးပါတယ်....တစ်ခါတစ်ရံ အရက်လဲ သောက်ပါတယ်...""



ကျွန်တော် ကြောက်ကြောက်ရွံ့ရွံ့နဲ့ ခပ်သွက်သွက် ပြန်ဖြေသံအဆုံးမှာ.......




"" ဒါတင်လားကွ..... မင်းစဉ်းစားပါဦး... မင်းပါးစပ်ကပြောတာကို ပဲ ငါကကြားချင်တာ...ငါမပြောပြချင်ဘူး... ငါမသိဘူး မထင်


နဲ့ ... မင်းရဲ့မျက်နှာမှာ မင်းပြုထားသမျှ ကံတွေက အတိုင်းသား ပေါ်နေတယ်.... "" ..... ထပ်ပြောဦး... မင်းလူပြည့်မှာနေတုန်းက မင်း


လုပ်တဲ့ အလုပ်အကိုင်နဲ့ မင်းမကောင်းမှု ပြုခဲ့တာတွေ ရှိသေးတယ်...""



ကျွန်တော် အပြေးအလွှားထပ်ခါ အမြန်စဉ်းစား ရပါတော့၏..။ ဟုတ်ပါသည်.။ ကျွန်တော့်၏ အဓိက မိသားစုအသက်မွေးဝမ်းကျောင်း အလုပ်သည် ဆောက်လုပ်ရေး လုပ်ငန်းထဲမှ ဆေးကန်ထရိုက်ဆွဲကာ ဆေးသုတ်ခြင်းနှင့် အိမ်မီးများ တပ်ဆင်ခြင်း ဖြစ်ပါသည်..။ ကျွန် တော်တွေးရင်းနှင့် ကျွန်တော်ပြုခဲ့မိသော မကောင်းမှုများကို ထပ်မံ မြင်တွေ့ရပါတော့၏..။


ထို့ကြောင့်..။



""ဟုတ်ပါတယ် ခင်ဗျာ..... ကျွန်တော့်အလုပ်က ဆောက်လုပ်ရေး လုပ်ငန်းက ဆေးလိုင်းနဲ့မီးလိုင်း ကန်ထရိုက်လေးပါ...ကျွန်တော်


ကန်ထရိုက်ဆွဲပြီး လုပ်သမျှ အလုပ်တွေမှာ အိမ်ရှင်တွေကိုပစ္စည်းတွေပိုဝယ်ခိုင်းပြီး.... ပိုတာတွေအကုန် ကျွန်တော်ယူပါတယ်၊ဒါကလည်း


ကျွန်တော်လုပ်အားခကို လျှော့ပေးပြီး...... တစ်ဖက်က ပြန်ယူတဲ့ ဘဘောပါ.... အမှန်ဆိုရင်တော့ ကိုယ့်လုပ်အားခကို တစ်ဖက်က...


လှည့်ယူတာပါပဲ ခင်ဗျာ...""



""ဒါဟာ.... အဒိန္နာဒါနကံပြုပြီး သူ့ပစ္စည်းကိုခိုးတာပဲ.... သူတစ်ပါးပစ္စည်းခိုးတာ ဆိုတာကို မင်းဗုဒ္ဓဘာသာလူမျိုးဖြစ်ပြီး နားမလည် ဘူးလား....မင်းမတိုင်ခင် ရှေ့တစ်ယောက်ကလည်း ကုမ္မဏီမှာယဉ်မောင်းအလုပ်လုပ်ပြီး...ကားထဲက ဆီခိုးထုတ်ရောင်းတာကို...သူရပိုင်


ခွင့်ရှိတဲ့ အောက်ဆိုက်လုပ်အားခပါလို့ ပြောတယ်...... နောက်တစ်ယောက်ကြပြန်တော့လည်း မင်းတို့လူ့ပြည်က ဘဏ္ဍာရေးနဲ့အခွန်


ဝန်ကြီးဌာနမှာ လုပ်ပြီး....နိုင်ငံတော်ကိုပေးရမယ့် ပြည့်သူ့ အခွန်ဘဏ္ဍာကို စာရင်းလိမ်ပြီးယူတာကို... ...သူဟာ လခစားဝန်ထမ်း လေးမို့


မိသားစု စားဝတ်နေရေး ပြေလည်အောင် အောက်စိုက်ရှာတာလို့ ပြောတယ်....... ဘာဘဲဖြစ်ဖြစ် ဒါတွေဟာ သူတစ်ပါးမသိအောင် သူ


တစ်ပါးမပေးတာကို ယူတာမို့ ခိုးတာပဲကွ... မင်းမှတ်ထားကကြီး... သူတစ်ပါးမကြည်မဖြူနဲ့ ပေးတာကို ယူမိတာလဲ အဒိန္နာဒါနကံမြောက်


တဲ့ ခိုးခြင်းတစ်မျိုးပဲ.... မင်းတို့လူပြည်မှာ မင်းစဉ်းစားကြည့်ရင် ဘယ်လိုလူတွေဟာ အဲ့လို လူစားတွေလဲဆိုတာ ပေါ်လာမှာပါ...""



"" ဒါကြောင့်လည်း..... ....... ငါပြောခဲ့တဲ့ သူတို့ဟာ သူတို့နဲ့ ထိုက်တန်တဲ့ ငရဲကို သက်ဆိုင်ရာ ငရဲထိမ်းတွေ ခေါ်ဆောင်


ရာ ပါသွားကြပြီ...""



""မင်းမှာ နောက်တစ်ခုမကောင်းမှုရှိသေးတယ်...မင်းဟာ.....မင်းရဲ့မွေးသမိခင် နဲ့ဖခင်အပေါ်မှာ.. .မွေးကျေးဇူးတော့ နိုင်သလောက် ဆပ် ပေမယ့်... မင်းရင်ထဲမှာ တစ်ခါတစ်ခါ ငြူစူတယ်... ဒီမှာ ကကြီး လောကမှာ မိနဲ့ဘ ဆိုတာ လောကမှာ အနှိုင်းမဲ့.... မေတ္တာရှင်တွေ ပဲကွ......မင်းကိုရေကြည်ကာလအစ ၀မ်းကြာတိုက်မှာကတည်းက ပြုစုယုယပြီး.... အသက်ရင်း မွေးဖွားပေးခဲ့ ကြတာပဲ....မင်းလည်းသိတာပဲ.....ဗုဒ္ဓဘာသာရဲ့ ကောင်းမှုပြုခြင်း ဆိုတာမှာ... ကာယကံ၊ ၀စီကံ ၊ မနောကံ ဆိုပြီး... ကံသုံးပါးရှိတာကို ,,,,,,,, မင်း..အဲ့ကံသုံးပါးပြည့်စုံအောင်လုပ်တဲ့ လုပ်ရပ်မျိုးမှ မင်းကောင်းမှုပြုတာ အထမြောက်တယ်လို့ ခေါ်တယ်ကွ..... တစ်ပါးပါး မကောင်းမှုဘက်ဖောက်ရင်မင်းပြုသမျှ ကုသိုလ်တွေက အရာမရောက် ပပျောက်တာပဲ....""



ကျွန်တော် တစ်ချက် တွေခနဲ ... ဖြစ်သွားခဲ့ပါသည်...။ ဟုတ်ပါပေ၏..။ ကျွန်တော် ထိုကဲ့သို့ ပြုမိခဲ့ပါသည်...။ကျွန်တော်ပြုမိခဲ့ သမျှသော ကိစ္စရပ်တိုင်းကို ကျွန်တော်ပင် စေ့စေ့ငင မမှတ်မိသော်ငြားလည်း ငရဲမင်းကြီးကတော့ အကုန်အစင် အူမချေးခါးမကျန် သိနေပါသည်...။



"" နောက်မင်းဟာ...... မြောက်မြားစွာသော မကောင်းမှုတွေလည်း ပြုခဲ့ဖူးသေးတယ်....ဒါပေမယ့် အခုတော့ ငါဆက်မပြောပဲ


ရပ်ထားပေးလိုက်မယ်.... ကဲ.... မင်းကို ဆက်မေးမယ်...""




""မေးခွန်းနံပါတ်(၂)....""


"မင်း လူ့လောကမှာ ဘာတွေကောင်းမှု ပြုခဲ့သလဲ...."



ကျွန်တော်စဉ်းစားရပြန်ပါပြီ ....။ စောနက လွယ်လွယ်နှင့် ကျွန်တော့် မကောင်းမှုပြုခဲ့သည်များကို အမှတ်ရသည်များ ... များ ခဲ့ သော်လည်း ယခု ကောင်းမှုပြုခဲ့သည်များ စဉ်းစားတော့ စဉ်းစားမရ ဖြစ်နေ၏..။



""ကဲ.... ဒါကိုပဲကြည့် မင်းတို့လူသားတွေမှာ...မကောင်းမှုပြုခဲ့ရာတွေ.....ဘယ်လောက်များပြီး ကောင်းမှုပြုခဲ့တာတွေ ဘယ်


လောက်နည်းနေသလဲ ဆိုတာ... ခု မင်းလက်တွေ့ပဲ မဟုတ်လား....မင်းစဉ်းစားလို့မရတော့ဘူး မဟုတ်လား.... ""ဒါပဲကွ.... မင်းတို့


လူတွေက နီးတာကို မမြင်ကြဘူး.... မင်းတို့နဲ့ ဝေးရာတွေကိုတော့ မြင်တတ်ကြတယ်..... မင်းတို့ လူ့ပြည်မှာ ရပ်တည်နေကြစဉ်မှာ


တစ်ရက်လောက် ထမင်းစားစရာ မရှိ..... လ္ဘက်ရည် သောက်စရာမရှိ.... သုံးစရာမရှိ ဖြစ်နေတာကို.... ဖြည်းဆည်းပေးလိုက်ရင် အဲ့ဒီ့


ဖြည်းဆည်းပေးတဲ့ သူကို မင်းတို့ဘ၀တစ်လျှောက် မမေ့မပျောက်ဘဲနဲ့ ကျေးဇူးရှင်ကြီးတွေလို မြင်ကြ ထင်ကြပြီး.... ကျေးဇူးတင် တတ်ကြတယ်...... မင်းတို့ကို မွေးကတည်းက အခုအရွယ်အထိ လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်လာကြတဲ့ မိဘတွေရဲ့


ကျွေးမွေးစောင့်ရှောက်မှုတွေကြတော့ မမြင်ကြဘူး...ကျေးဇူးမတင်ကြ ဘူး... ဘယ်မြင်မလဲ ဒီကျေးဇူးတွေက မင်းတို့နဲ့ နီးနေတာကို


..... ဥပမာ ကွာ.... မင်းတို့ မျက်လုံးက မျက်တောင်မွှေးကို မျက်လုံးနားနီးနေတာကိုတောင် မမြင်ရသလိုပေါ့ ...."" ""ခုလည်း မင်းတို့


ပြုခဲ့တဲ့ မကောင်းမှုတွေက မင်းတို့အနားမှာ နီးနေလွန်းလို့ မင်းတို့ ရှာမတွေ့ ကြတော့ဘူးမှတ်လား.... နီးလွန်းနေတော့ မင်းလည်း


မမြင်ရတော့ ဘူးလေ..... ရှာမတွေ့တော့ ဘူးလေ.....""




ကျွန်တော် ဖျစ်ညှစ်ပြီး စဉ်းစားပါသည်..။ ကျွန်တော့်ဦးနှောက်ကြီး ပေါက်ထွက်မတတ် စဉ်းစားပါသည်....ကျွန်တော် လုံးဝ စဉ်းစားလို့


မရတော့ပါ....ကျွန်တော့်၏ ရင်ထဲမှာ လှိုက်လှိုက်တက်လောက်အောင် ၀မ်းနည်းလာပါတော့သည်..။ ကျွန်တော့်မျက်ဝန်းမှ မျက်ရည်တို့


ပါးပေါ်သို့ တလဟော လိမ့်ဆင်းကာ စီးကျလာပါတော့၏....။



ကျွန်တော် အမှားကြီးမှားခဲ့ပါပေပြီ..။ ကျွန်တော် အတ္တနဲ့တဏှာကြားမှာ အချိန်တွေ အတော်များများ ဖြုန်းခဲ့မိပါပြီ...။




"" ကကြီး ငါတို့ဟာ ....မင်းတို့ ငရဲမကျခင်မှာ မင်းတို့ကို ခုလို ခေါ်စစ်တာကို မင်းတို့ကတော့ တစ်မျိုးမြင်ရင် မြင်ကြလိမ့်မယ်... ဒါပေမယ့် .....မင်းတို့ထင်သလို မဟုတ်ဘူးကွ.....ငါတို့ဟာ မင်းတို့ရဲ့ မကောင်းမှုကံတွေ လျော့နည်းစေ ပြီး. မင်းတို့ရဲ့ ကောင်းမှု ကံတွေမြင့်တက်ပြီး မြင်ယောင်လာစေချင်လို့..... ခုလို ငရဲတံခါးဝကနေ ကယ်နေ ရတာပဲ... .တကယ်တော့ ငါတို့က ကယ်နေတာပါ ကွာ....""



""ကဲ ကဲ...... ငါပြောပြမယ်....မင်းရဲ့ လူ့ဘ၀မှာ ပြုခဲ့တဲ့ကောင်းမှုတွေကို ,,,, မင်းဟာ.... ငယ်စဉ်ကတည်းက သရဏဂုံ (၃) ပါးကို ယနေ့အထိ တစ်ရက်မပြတ် ဆောက်တည်ခဲ့တယ် ......နောက် မင်းခန္တာကိုယ်ထဲက သွေးတွေကို (ရ) ရက်သားသမီးတွေ ကို နှမျော

တွန့်တိုမှု မရှိပဲ ပေးလှူခဲ့တယ်....မင်း မျက်ကြည်လွှာကိုလည်း လှူထားပြီးပြီ....နောက်ဆုံး မင်းရဲ့ အဓိကကျတဲ့ အရေးအကြီးဆုံး
မင်းပြုနေတဲ့ ကောင်းမှုကို ပြောပြမယ် ..... ဒါဟာ တစ်ခြားမဟုတ်ဘူး မင်းဟာ...(ရ)ရက်သားသမီးတွေကို ကောင်းမွန်တဲ့ အတွေးနဲ့
အသိတရားတွေကို တွေ့ရှိလာအောင် စာရေးခြင်အတတ်နဲ့ ကူညီနေတာပဲ.... ဒီတစ်ခုက မင်းအတွက် အကောင်းဆုံးသော ကောင်းမှု ကံတစ်ခုပဲ.....""



ငရဲမင်းကြီး ပြောပြလိုက်မှပင် ကျွန်တော့်၏ မရှိမဲ့ ရှိမဲ့ ကောင်းမှုကုသိုလ်လေး ပေါ်လာပါတော့သည်..။ ကျွန်တော်လည်း ငရဲမင်းကြီးက ထိုကဲ့သို့ ထောက်မပြောပေးလိုက်သောကြောင့် စိတ်တွင်းချောက်ချားတုန်လှုပ်နေသော ခံစားမှုအဟုန်သည် အနည်း ငယ်သက်သာရာ ရသွားပါတော့၏..။



""အင်း..... ဒီတော့ မင်းကို တတိယမြောက်ဖြစ်တဲ့ နောက်ဆုံးမေးခွန်း မေးမယ်...."" ""မင်းသာ..... ခုကနေ ဒီနေရာက လွတ်မြောက်ပြီး လူ့ဘ၀ကိုပြန်ရောက်မယ်ဆိုရင် ...... မင်းဘာတွေလုပ်မလဲ......""




ကျွန်တော် ဒီတစ်ခါတော့ နှုတ်မတွန့်တော့ပါ....။ အငမ်းမရ ဒရောသောပါးနှင့် ကျွန်တော်ပြန်ဖြေမိပါတော့သည်...။



"" ကျွန်တော်...... ကျွန်တော်သာ အသက်ပြန်ရှင်ပြီး လူ့လောကမှာ ပြန်နေခွင့် ရမယ်ဆိုရင် ....... ကျွန်တော် တဏှာတွေကြားကနေ


ရုန်းထွက်ပြီး ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သစ္စာလေးပါးတရားကို နှလုံးသွင်းကျင့်ကြံပါတော့မယ်...."" ""နောက် ကျွန်တော် လူမှု


ပရဟိတ လုပ်ငန်းတွေကို အတ္တမဖက်ဘဲ ပြုလုပ်ပါတော့မယ် ....... ကိုယ်ချင်းစာတရားထားပြီး ကိုယ့်ထက်နိမ့်ပါးသူဖြစ်ဖြစ်......ကိုယ့်


ထက်မြင့်မားသူ ဖြစ်ဖြစ်.....ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမထားတဲ့အတိုင်း စေတနာ၊မေတ္တာ၊ဂရုဏာ၊မုဒိတာ ဆိုတဲ့ သူတော်ကောင်း


တို့ ပြုကျင့်အပ်တဲ့ တရားလေးပါးနဲ့အညီ ပေါင်းသင်းဆက်ဆံနေထိုင်ပါ့မယ်... ""




"" နောက်တော့.....""


"" နောက်တော့.....နောက်..... နောက်.....""



.................


............................




""ဟေ့ရောင်.... ဟေ့ကောင် ငါ့လခီး.... မင်းငါအဲ့ဒါပြောတာပေါ့....ညမအိပ်ခင်သရဲကားတွေကြည့် ..... ညသန်းခေါင်ကြီး ထအော် ....ငါ့လခီးလိုမှပဲ..... အိပ်ရေးကိုပျက်တယ်....""





ကျွန်တော့်၏ ဦးလေးဖြစ်သူ ဦးထွန်းက ကျွန်တော်နှင့်အတူအိပ်နေရာမှ ကျွန်တော့်ဖင်ကို ပိတ်ကန်ကာ ပြောလိုက်သောစကားသံ ကြောင့် ကျွန်တော်မျက်လုံးကို ပြူးပြဲဖွင့်ကြည့်လိုက်မိပါသည်..။ ကျွန်တော်ဘုရားစင်အောက်ရှိ ဦးထွန်း၏ကုတင်ဘေးတွင် ခြင်ထောင် မထောင် စောင်မခြုံပဲ အိပ်ပျှော်နေခဲ့ကာ အိမ်မက်မက်နေခြင်း ဖြစ်ပါသည်...။ မည်သို့ပင်ဖြစ်စေ ကျွန်တော် အလွန်ပျှော်သွားပါသည်..။




ကျွန်တော် အိမ်မက်ထဲမှာ ငရဲရောက်နေခဲ့သည် ဖြစ်စေ....တကယ်အပြင်မှာ ရောက်သွားခဲ့သည် ဖြစ်စေ.. ကျွန်တော့်ကိုယ် ကျွန်တော်တော့ တကယ့်ငရဲမှ လွတ်မြောက်လာသလို ခံစားမိပါသည်...။ ထို့ကြောင့် ကျွန်တော်အိပ်နေရာမှထပြီး....အိမ်တံခါးမကြီး ဖွင့်ကာ အိမ်ရှေ့လမ်းမပေါ်သို့ ထွက်လာခဲ့ပါတော့၏....။



လမ်းမပေါ် ကျွန်တော်ရောက်သည် ဆိုလျှင်ပဲ...... ကျွန်တော့်မျက်ဝန်းမှာခိုနေသော မျက်ရည်များကို လက်ခုံနှင့် ဆွဲဖယ်သုတ် လိုက်ပြီး...... လမ်းတစ်ဖက်အမှောင်ထဲသို့ ကျွန်တော့်၏ မျက်လုံးအကြည့်ကို ပိုလွှတ်လိုက်ကာ.. နှုတ်မှ ကျွန်တော်နှင့်ဆုံတွေ့ခဲ့ရသော ငရဲမင်းကြီးကို ရည်ရွယ်ပြီး ဂတိပေးစကားတစ်ခွန်းကို ဆိုလိုက်ပါတော့သည်..။




"" ငရဲမင်းကြီးခင်ဗျာ..... ကျွန်တော်ငရဲမင်းကြီးကို ပြောခဲ့တဲ့ စကားအတိုင်း ကျွန်တော်ဒီနေ့ကစလို့ ကျင့်သုံးနေထိုင်ပါတော့မယ်...


ကျွန်တော် လေးလေးစားစားကို ငရဲမင်းကြီးကို ဂတိပေးလိုက်ပါတယ်...""



ကျွန်တော့်၏ တီးတိုးညည်းတွားသံအဆုံးမှာ...... အရှေ့ဘက်မိုးကုတ်စက်ဝိုင်းတွင် နေ့သစ်တစ်နေ့အတွက် စတင်အလင်းပေးရန် တာစူနေသော သူရိယ နေမင်းကြီး၏ ဥဒါန်းကျူး အလင်းရောင်များသည်... လှပသောပုံဆောင်မှုများဖွဲ့၍ ကျွှန်တော်နေထိုင်ရာ လောက ကမ္ဘာမြေကြီးပေါ်သို့ ထွန်းလင်းလာပါတော့၏...။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့