Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 March 2012

တုန့် ပြန်မူ့ ကိုမျှော်လင့်သူ..အမေ.....


တုန့်ပြန်မှုကိုမျှော်လင့်သူ..အမေ

ချစ်လှစွာသော သမီးငယ်… ချစ်သူမွေးနေ့အတွက် ဒီနေ့ ကျောင်းစောစောဆင်းပြီး လက်ဆောင် သွားဝယ်မယ်လို့ သမီးငယ် ပြောခဲ့တယ်နော်။ အမေ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ဘာလို့ မေ့ခဲ့သလဲလို့ အမေမေးတော့ သမီးငယ်က စိတ်တိုတယ်။
“တစ်ခြားလူတွေရဲ့ မေမေက ဘယ်တော့မှ သားသမီးဆီက လက်ဆောင်ကို မမျှော်လင့်ကြဘူး။ အမေလို မကျေနပ် တာတွေ တတွတ်တွတ် ရွတ်ဖို့ ဝေးလို့ သူတို့ မေမေက သူတို့ကို ချစ်လို့တောင် မဝကြဘူး။ ချစ်သူနဲ့ မိသားစု နှိုင်းလို့ ဘယ်ရမလဲ”

သမီးငယ်… ဒီအချိန်မှာ ဒါတွေကို သမီးငယ် နားလည်သေးမှာ မဟုတ်ဘူး။ မိခင်တစ်ဦးဟာ တော်ရုံ စိတ်ဆင်းရဲမှုမျိုးကို မဖွင့်ဟတတ်ဘူး။ တစ်ယောက်တည်းပဲ ကျိတ်မှိတ်ခံတယ်။ သားသမီးတွေရဲ့ အပြုံးမျက်နှာပေါ်မှာ သူ့အပူအပင်တွေကို မလောင်းရက်ခဲ့ဘူး။ သမီးငယ်ပြောလို မေမေဟာ တစ်ခြား မိခင်တွေလို မြင့်မြတ်ရမယ်၊ ကိုယ်ချင်းစာတရား ရှိရမယ် ဆိုတဲ့ ဝေါဟာရကို မေမေ တာဝန်မယူရဲဘူး သမီး။

ဘုရားသခင်က မေမေကို “မိခင်” ဆိုတဲ့ အမည် ပေးလိုက်တာနဲ့ အမြဲတမ်း၊ အချိန်တိုင်း သတ္တိရှိရမယ်၊ ရဲရင့်ရမယ်၊ မြင့်မြတ်ရမယ်၊ ပေးဆပ်ရမယ်၊ နောင်တမဲ့ရမယ်လို့ မေမေ့ကို မတောင်းဆိုထားဘူး။ ဘုရားသခင်က မေမေကို အမျိုးသမီးတိုင်းမှာ ရှိတဲ့ အားငယ်တာ၊ ထိခိုက်လွယ်တာ၊ မာန်တက်တာ၊ တစ်ကိုယ်ကောင်း ဆန်တာတွေပါ ပေးခဲ့တယ်။ ဒါကြောင့် သမီးဖက်က ပေးဆပ်သင့်တာတွေ မပေးဘဲ မေမေဖက်ကချည်း အတိုင်းဆမဲ့ ပေးဆပ်ရမယ်လို့ သမီး မတောင်းဆိုသင့်ဘူး........
အားရက်တိုင်းမှာ သမီးငယ်က ကိုယ့်အတွက်နဲ့ အလုပ်များခဲ့တယ်။ “အချစ်” က သမီးဘဝ ဖြစ်ခဲ့တယ်။ ချစ်သူနဲ့ ပြောခဲ့တဲ့ စကားတိုင်းကို သမီးစွဲမြဲ မှတ်ထားပြီး တစ်ခါတလေမှာ အဲဒီစကားတွေနဲ့ အပူတွေကို သမီးရှာခဲ့တယ်။ သမီး စိတ်ထိခိုက်လို့ ပြောလိုက်တဲ့ စကားတွေက အမေ့ကိုလည်း စိတ်မချမ်းမြေ့ စေဘူးဆိုတာ သမီး မေ့ခဲ့ပြီလား?
ကျောင်းပြေးပြီး ချစ်သူနဲ့သမီး လျှောက်လည်တယ်။ ပြောမကုန်တဲ့ စကားတွေ ပြောတယ်။ ဒါပေမယ့် ဒီလိုအားရက် တိုလေးမှာ မေမေလည်း သမီး အဖော်ပြုတာကို လိုချင်တယ် ဆိုတာကို သမီးတစ်ခါမှ မတွေးခဲ့ဘူးနော်။ အင်တာနက် တက်မယ်၊ ချစ်သူနဲ့ ဖုန်းပြောမယ်၊ သူငယ်ချင်းအိမ် သွားမယ်နဲ့ မေမေ့အတွက် သမီးရဲ့ အချိန်တွေ ဘယ်လောက် ခွဲပေးခဲ့ပြီလဲ?
တစ်လကို ဖုန်းကြေး ဘယ်လောက် ဆိုပြီး အမေကို မကျေမနပ်နဲ့ သမီး ရွတ်ပြတတ် သေးတယ်။ အမေလည်း မကျေမနပ် ပြောရရင် အမေအတွက် သမီး ဘယ်လောက် ကုန်ကျခဲ့ဖူးလဲ? ဖုန်းနဲ့ ရယ်ရွှင်စရာ စာတိုလေးတွေ ပို့ပြီး ချစ်သူကို ပျော်ရွှင်အောင် သမီးလုပ်ခဲ့တယ်။ သမီးကို လွမ်းနေမယ့် အမေအတွက် နှစ်သိမ့်တဲ့ စာတိုလေး တစ်ကြောင်း ရေးပို့ဖို့ သမီး သတိရခဲ့ရဲ့လား?
သမီးက ငယ်ငယ်လေးတည်းက အမေ့ကို အစောကြီး ထမင်းထချက်ခိုင်းပြီး၊ ဟင်းမကောင်းလို့ ထမင်းမစားဘဲ ငြင်းဆန်ခဲ့တဲ့ တစ်ကိုယ်ကောင်း ဆန်သူပါ။ ကျောင်းဆင်းချိန် အမေကို လာကြိုဖို့ပြောပြီး သူငယ်ချင်းတွေနဲ့ နေဝင်မိုးချုပ်ထိ လျှောက်လည် ခဲ့တယ်။ ညအမှောင် လမ်းကြိုလမ်းကြား မကျန် သမီးနာမည်ကို တကြော်ကြော် အော်ပြီး အမေ လိုက်ရှာခဲ့တာကို သမီးသိလား?
ညအိပ်ရာမဝင်ခင် နွားနို့ပူပူလေး တစ်ခွက်ကို သမီးသောက်နေချိန်မှာ မေမေရဲ့ အကြင်နာတွေကို သမီး သတိရရဲ့လား? နွားနို့ထည့်ပေးဖို့ မေမေ မေ့သွားတဲ့ညက မေမေ့ကို သမီးစကား မပြောခဲ့ဘူးနော်။
စာမေးပွဲ မဖြေခင်မှာလည်း မေမေ့ကို မစာနာဘဲ ပြောသေးတယ်။
“ဒီတစ်ခေါက် သိပ်ဖြေနိုင်မှာ မဟုတ်ဘူး။ ကျွန်မအပေါ် မျှော်လင့်ချက် သိပ်မထားနဲ့” တဲ့။

ဒါပေမယ့် သမီးရယ်… သမီးအတွက် ဘယ်အရာမဆို အမေ တာဝန်ယူရမယ်လို့ သမီး တောင်းဆိုခဲ့သလို သမီးကလည်း အမေကို အမှတ်ကောင်းလေးနဲ့ မတုန့်ပြန် သင့်ဘူးလား?
အချစ်မှာ နှစ်ဦးနှစ်ဖက် ညီမျှတဲ့ ပေးဆပ်ခြင်းတွေ ရှိရမယ်လို့ ချစ်သူကို သမီးပြောခဲ့သလို တစ်သက်လုံး မခွဲမခွါတဲ့ မိသားစုမှာရော စိတ်တူညီမျှ ပေးဆပ်ခြင်းတွေ မရှိသင့်ဘူးလား သမီးငယ်..?

ချစ်သူအပေါ် ထားတဲ့ သမီးရဲ့ ချစ်ခြင်းတွေ၊ ရူးသွပ်မှုတွေကို မေမေ သဝန်တိုလို့ မဟုတ်ဘူးနော် သမီး။ ချစ်ခြင်း ဆိုတာကလည်း ခံစားမှု အတွေ့အကြုံနဲ့ စိတ်အာဟာရ တစ်မျိုးဆိုတာ မေမေသိတယ်။ မေမေ မျှော်လင့်တာက ချစ်သူနဲ့ သမီး အပြန်အလှန် ပေးဆပ်သလိုမျိုး ၂၂နှစ်ကြာ သမီးအပေါ် ပေးဆပ်ခဲ့တဲ့ အမေရဲ့သွေး၊ ချွေးတွေကိုလည်း သမီး သတိရ စေချင်တယ်။ ချစ်သူကပေးတဲ့ ချစ်သက်တမ်း တစ်နှစ်ကို တစ်သက်လုံးနဲ့ လဲချင်ခဲ့တဲ့သမီး၊ သမီးအပေါ် မလျော့တဲ့ အချစ်နဲ့ တစ်သက်လုံး ချစ်ခဲ့တဲ့ အမေ့ကို သမီးရဲ့ တစ်နှစ်ဆိုတဲ့ ဂရုစိုက်ပြုစုမှုတွေ ပြန်မပေး သင့်ဘူးလားကွယ် ? ခုတော့ သမီးဆီက ရလိုက်တဲ့ အရာတွေက မေမေ ပေးဆပ်ခဲ့တာနဲ့ မတန်ခဲ့ပေမယ့် မေမေ ကျေနပ် ခဲ့ပါတယ်။
မေမေ့မွေးနေ့မှာ သမီးဆီက ဘာလက်ဆောင်မှ မရခဲ့လည်း ဖုန်းဆက်ပြီး အဝေးက သမီးအသံကို အမေကြားပါရစေ။ မေမေစိတ်ပူပြီး ညည အိပ်မပျော်လည်း ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ့် အကြောင်း ဖုန်းဆက်ပြီး မေမေ့ကို အကြောင်းကြားပေးပါ။ စာထဲ သမီး စိတ်မဝင်စားခဲ့လည်း စာမေးပွဲကြေး သွင်းတဲ့အခါ မေမေ့ကို တောင်းပန်စကား တစ်ခွန်းပြောဖို့ သတိရပေးပါ။ လုပ်အားခ ပိုက်ဆံတွေကို ချစ်သူအတွက် လက်ဆောင် ဝယ်ပေးခဲ့လည်း ပိုက်ဆံတစ်ပြား တစ်ချပ် ရှာရတာ အင်မတန် ပင်ပန်းကြောင်း အမေ့ကို စာတိုလေး တစ်ကြောင်းပို့ဖို့ မမေ့ပါနဲ့။
ဒီလို ပေးဆပ်မှုမျိုးက ဘယ်မိခင်မဆို လိုအပ်ပါတယ်။ စိတ်ထိခိုက် လှုပ်ရှားလွယ်တဲ့ မေမေကတော့ တစ်ခြား မိခင်တွေထက် ပိုခဲ့တယ်။ သားသမီးတိုင်းကို မိခင်ရဲ့ ကောင်းကွက်တွေကို မှတ်ပြီး အမြဲတစေ ပေးဆပ်စေတာက ကြမ်းတမ်းတဲ့ လုပ်ရပ်မှန်း မေမေသိတယ်။ သမီးအိမ်ထောင်ပြုပြီး သားသမီးရတဲ့ အချိန် အဲဒီ သားသမီးတွေရဲ့ အေးစက်စက် တုန့်ပြန်မှုနဲ့ လျစ်လျူရှူမှုကို ခံရတဲ့အချိန်၊ ချွေးထက်မက မျက်ရည်တွေ ကျမိချိန်မှ မေမေပြောတာတွေကို သမီး နားလည်လာမှာပါ သမီး။
မိခင်တွေ လိုချင်တဲ့ သားသမီးတွေရဲ့ တုန့်ပြန်မှုဟာ သေးသိမ် လွန်းလှပါတယ်။ ဒီလိုနှိမ့်ချပြီး တောင်းဆိုတဲ့ မိခင်တစ်ဦးကို သမီးက စာအုပ်ထဲက မိခင်လောက် မမြင့်မြတ်ဘူး၊ တစ်ကိုယ်ကောင်း ဆန်တယ်လို့ သမီး ထင်ခဲ့တယ်။ ဒီလိုဆိုရင် သမီးငယ်.. ကိုယ်တိုင်ကရော ဘယ်လိုတွေ ပေးဆပ် တုန့်ပြန်ခဲ့သလဲကွယ်?

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့