Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 March 2012

အသက်ပေးရသည့် စကားများ(၁)

ကျည်းစိုးနှင့် စုက္ကတေးတို့သည် ကွမ်းဆော်၊ကြောင်းဖြူမင်းကို
ရဟန်းပြုစေပြီး ဘုန်းကြီးကျောင်းမှာ နေစေသည်။
ကြောင်းဖြူမင်းသည် ရဟန်းဟုဆိုသော်လည်း
သားတော် အနော်ရထာစောနှင့် မိဖုရားမြောက်ပြင်သည်နှင့် အတူနေဟန်တူသည်။
ထေရ၀ါဒရဟန်း ဟုတ်ဟန်မတူ။
မဟာယာန ဗုဒ္ဓဘာသာရဟန်း ဖြစ်ဟန်ရှိသည်။
အနော်ရထာစောသည် ဖခင်နှင့်အတူ ဘုန်းကြီးကျောင်းမှာလည်းနေသည်
စုက္ကတေး၏ နန်းတော်အတွင်းမှာလည်း ၀င်ရောက်ခစားရသည်။
"ညီသားနောင်မယ်" ဟု အနော်ရထာကို စုက္ကတေးကခေါ်လိုက်သည်။
အနော်ရထာသည် သူ့ကို နောင်တော်က "ညီသားနောင်မယ်" ဟု
ခေါ်သည့်အဓိပ္ပာယ်ကို နားမလည်ခဲ့ပါ။
ထိုစကား၏ အဓိပ္ပာယ်ကို အထပ်ထပ်အခါခါ စဉ်းစားနေမိသည်။
"ဖခင်ကြီးဘုရား၊ သားတော်ကို နောင်တော်စုက္ကတေးမင်းက
ညီသားနောင်မယ်ဟု ခေါ်ဝေါ်သုံးစွဲလိုက်ပါတယ်ဘုရား၊
ထိုစကား၏ အဓိပ္ပာယ်ကို သားတော် နားမလည်သဖြင့် ရှင်းပြပေးစေလိုပါသည်ဘုရား"ဟု
အနော်ရထာစောက ဖခင်အိုကြီး ကြောင်းဖြူမင်း(ယခုရဟန်းကြီး)ကို မေးမြန်းပါပြီ။
"ညီသားနောင်မယ်" ဆိုတာက
ငါ့သားကို စုက္ကတေးမင်းက
ညီလည်းတော်စပ်သည်၊ သားလည်းတော်စပ်သည်ဟု ဆိုလိုပေသည်။
ဤအဓိပ္ပာယ်ဆိုလိုရခြင်းမှာ
မင်း၏မယ်တော် မြောက်ပြင်သည်ကို သူသိမ်းယူမည်ဟု ဆိုလိုသည်။
အနော်ရထာသည် သူ့ဖခင်ရှင်းပြသောစကားကိုကြားကာ
ဒေါသအမျက် ခြောင်းခြောင်းထွက်တော့သည်။
အမှန်တော့ ငါ၏မယ်တော်သည် အသက်အားဖြင့် ကြီးလှပြီ။
ငါအနော်ရထာ၏အသက်သည် (၃၃) နှစ် ရှိလေပြီ။
မယ်တော်၏အသက်မှာ (၅၀)နှစ် ကျော်လေပြီ။
အမျိုးစပ်လျှင် စုက္ကတေး၏မယ်တော်သည် ငါ၏မိခင်နှင့် ညီမအရင်းဖြစ်တော့သည်။
စုက္ကတေးသည် သူ၏အဒေါ်အရင်း ငါ၏မိခင် အသက်(၅၀)ကျော်ကို မိဖုရားမြောက်မည်ဆိုသည်မှာ
ငါ့အဖို့ ရှက်ဖွယ်လိလိ ဖြစ်တော့သည်။
ငါ့ကို အရှက်ခွဲ စော်ကားလိုခြင်းသာ ဖြစ်လိမ့်မည်...ဟု စဉ်းစားမိတိုင်း ဒေါသဖြစ်လေသည်။
စုက္ကတေးကိုသတ်ရန် ဆုံးဖြတ်လိုက်သည်။
ဖခင်ကြောင်းဖြူမင်း သိမ်းဆည်းထားသော အရိန္ဒမာလှံ၊ သီလ၀ံသဓား၊ ပတ္တမြားလက်စွပ်၊
ပတ္တမြားဥသျှောင်နှင့် မြင်းတို့ကို တောင်းခံလေသည်။
ကြောင်းဖြူမင်းလည်း သိကြားမင်းဆက်သခဲ့သော ထိုပစ္စည်းတို့ကို
သားတော်အနော်ရထာအား ထုတ်ပေးလေသည်။
မြင်းမှာမူကား ကြောင်းဖြူမင်းနန်းကျသည်မှစ၍ လွှတ်ထားလေသည်။
ဤပတ္တမြားလက်စွပ်ကိုပြပြီးဖမ်းလျှင် လာလိမ့်မည်ဟု မှာလိုက်လေသည်။
သို့သော် ငါ့သားသည် စုက္ကတေးမင်းကို ချက်ချင်းမလုပ်ကြံလေနှင့်။
ပုပ္ပားအရပ်သို့ တိမ်းရှောင်သွားပြီး စစ်ရေး၊ဓားရေး၊လှံရေးတို့ကို လေ့ကျင့်ပါ။
လူသူစစ်သား စုဆောင်းပါ။
အားလုံးပြည့်စုံမှသာ စုက္ကတေးမင်းကို တော်လှန်ပါဟု မှာလိုက်လေသည်။
အနော်ရထာလည်း ဖခင်ကြောင်းဖြူမင်း မှာလိုက်သည့်အတိုင်း လိုက်နာလုပ်ဆောင်သည်။
အနော်ရထာသည် စစ်သည်အင်အား အလုံးအရင်းဖြင့်
ပုပ္ပားအရပ်မှ ပုဂံသို့ ချီတက်လာသည်။
"နောင်တော် စုက္ကတေးမင်း ထီးနန်းကိုအပ်မည်လော၊ စစ်ကိဲုပုမည်လော"
အကြောင်းပြန်ရန် အနော်ရထာက စေလိုက်သည်။
စုက္ကတေးသည် ဒေါသဖြစ်လျှက် "နင်နှင့်ငါ တစ်ဦးချင်းစီးချင်းထိုးမည်၊ လာခဲ့" ဟု
အကြောင်းပြန်လေသည်။ အနော်ရထာလည်း ၀မ်းမြောက်တော်မူသည်။
ချိန်းဆိုသောရက်၊ အချိန်ရောက်လေသော်
ချိန်းဆိုသောနေရာ သစ်မထီးချောင်းဒေသသို့ အရောက်သွားသည်။
စုက္ကတေးမင်းနှင့် ရင်ဆိုင်တွေ့လေပြီ။
"နောင်တော်က အကြီးဖြစ်သည်။ နောင်တော်က အရင်ထိုးလေ" ဟု အနော်ရထာက ဆိုသည်။
စုက္ကတေးသည် မြင်းကို အရှိန်ပြင်းစွာစီး၍ လှံဖြင့် အနော်ရထာကို ချိန်ရွယ်၍ ထိုးလိုက်သည်။
အနော်ရထာသည် အရိန္ဒမာလှံဖြင့် ကာကွယ်လိုက်သည်။
စုက္ကတေး၏လှံသည် အနော်ရထာကိုမထိ၊ မြင်းကုန်းနှီးကိုသာ ထိလေသည်။
"နောင်တော်အလှည့်ကုန်လေပြီ၊ ညီတော်အလှည့်သို့ရောက်ပြီ၊ နောင်တော် ခံနိုင်လျှင် ခံပေရော့"။
စုက္ကတေးသည် သေရတော့မည်ကိုသိ၍ ကြောက်ရွံ့၍ နေတော့သည်။
အနော်ရထာလည်း နောင်တော်စုက္ကတေးကိုချိန်ရွယ်လျက် အရိန္ဒမာလှံဖြင့် ထိုးလိုက်သည်။
စုက္ကတေး၏ ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်သွားလေသည်။
ထိုအရပ်ဒေသသည် ယခု မြင်းကပါအရပ်ဖြစ်သည်။
စုက္ကတေးမင်း နတ်ရွာစံ ကံတော်ကုန်ရလေပြီ။
အိမ်နိမ့်(၂၈)နှစ် (စည်းစိမ် ၂၅၊ သက်တော် ၅၃ နှစ်)တွင် "ညီသားနောင်မယ်"ဟူသော စကားတစ်လုံးသည်
စုက္ကတေးအတွက်တော့ဖြင့် အသက်နှင့်အညီ တန်ဖိုးဖြတ်ရမည့် စကားတစ်လုံး ဖြစ်လေတော့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့