အို... သူတော်ကောင်းတို့ မေတ္တသုတ်ပရိတ်တော်၏ အာနုဘော်ကြောင့် နတ်အများတို့သည်
ကြောက်မက်ဖွယ် အာရုံမျိုးကို မပြနိုင်ဘဲ ရှိကြရသည်။
ထိုမေတ္တာသုတ်ပရိတ်တော်၌ နေ့ညမပြတ် ထပ်တလဲလဲ စွဲမြဲရွတ်ပွား
ကြိုးစားအားထုတ်သူသည် ချမ်းချမ်းသာသာအိပ်စက်ရ၏။
အိပ်ပျော်သည်ရှိသော် မကောင်းသောအိပ်မက်မျိုးလည်း မမြင်မက်ရပေ။
ဤသို့စသော အကြိုးအာနိသင်နှင့် ပြည့်စုံ သော မေတ္တာသုတ်ပရိတ်တော်ကို
ငါတို့ ရွတ်ကြကုန်စို့။
ငြိမ်သက်အေးချမ်းသောနိဗ္ဗာန်ကို ဖောက်ထွင်းသိမြင်၍နေလိုသော အကျိုးစီးပွား၌ လိမ္မာသူသည်
ပြုကျင့်ရမည့် သိက္ခာသုံးပါး အကျင့်များကို ပြုကျင့်ရမည်။
ထိုသူကား စွမ်းနိုင်ရမည်၊ ဖြောင့်မတ်ရမည်၊ အလွန်ဖြောင့်မတ်ရမည်၊
ဆိုဆုံးမလွယ်ရမည်၊ နူးညံ့ပျော့ပျောင်းရမည်၊ မာနမကြီးရ၊ ရောင့်ရဲလွယ်ရမည်၊
အမွေးအမြူလွယ်ရမည်၊ ကိစ္စနည်းပါးရမည်၊ ပေါ့ပါးသောအဖြစ်မျိုး ရှိရမည်၊
ငြိမ်သက်သော ဣနြေ္ဒရှိရမည်၊ ရင့်ကျက်သောပညာရှိရမည်၊
မကြမ်းတမ်း မရိုင်းပြ ယဉ်ကျေးသူဖြစ်ရမည်၊
လူတို့၌ တွယ်တာမက်မောခြင်း မရှိရ။
ပညာရှိအများ သူတစ်ပါးတို့ ကဲ့ရဲ့ပြစ်တင်မည့် ဒုစရိုက်စု ယုတ်ညံ့သောအမှုမျိုးကို
အသေးအဖွဲ အနည်းငယ်မျှပင်ဖြစ်စေ မပြုကျင့်ပါလေနှင့်၊
(ထို့နောက် မေတ္တာပွားရမည်မှာ)
သတ္တ၀ါမှန်သမျှ ကိုယ်ချမ်းသာကြပါစေ,
ဘေးရန်ကင်းဝေး အေးချမ်းသာယာကြပါစေ,
စိတ်လည်း ချမ်းသာကြပါစေ။
အလုံးစုံသော ထိတ်လန့်တတ်သော ပုထုဇဉ်သေက္ခများ, မထိတ်လန့်တတ်သော ရဟန္တာပုဂ္ဂိုလ်များ,
ကိုယ်ခန္ဓာရှည်လျားသော သတ္တ၀ါများ, ကိုယ်ခန္ဓာကြီးမားသော သတ္တ၀ါများ,
ကိုယ်ခန္ဓာအလတ်စား သတ္တ၀ါများ, ပုကွနှိမ့်တို ကိုယ်ရှိသော သတ္တ၀ါများ,
သေးငယ်မှုန်မွှားသော သတ္တ၀ါများ, ဆူဖြိုးဝိုင်းဝန်းသော သတ္တ၀ါများ,
မြင်ဖူးသော သတ္တ၀ါများ, မမြင်ဖူးသော သတ္တ၀ါများ,
အဝေး၌နေသော သတ္တ၀ါများ, အနီး၌နေသော သတ္တ၀ါများ,
နောင်မဖြစ်ကြမည့် ဖြစ်ပြီးဖြစ်ကြသော ရဟန္တာများ,
နောင်ဘ၀သစ် ရှာမှီးတတ်သော သေက္ခပုထုဇဉ်များ,
လောကရှိ ဤသတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြစေ။
သူတစ်ယောက်သည် အခြားသူတစ်ယောက်ကို စဉ်းလဲလှည့်ပတ်မှု မပြုပါစေလင့်။
ဘယ်အရပ်မှာမဆို ဘယ်ပုဂ္ဂိုလ် တစ်ယောက်ယောက်ကိုမျှ မထီမဲ့မြင် မပြုပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် ထိပါးနှိပ်စက်ခြင်းဖြင့်လည်းကောင်း, ဒေါသစိတ်ဖြင့်လည်းကောင်း,
အချင်းချင်း တစ်ယောက်သည် တစ်ယောက်၏ ဆင်းရဲမှုကို အလိုမရှိပါစေလင့်။
မွေးမိခင်သည် မိမိ၏ရင်သွေးဖြစ်သော တစ်ဦးတည်းသောသားကို
မိမိအသက်နှင့်လဲ၍ပင် အစဉ်ကာကွယ်စောင့်ရှောက်ဘိသကဲ့သို့
ထို့အတူ သတ္တ၀ါ အလုံးစုံတို့၌
အတိုင်းအတာ ပမာဏမရှိသော မေတ္တာစိတ်ကို ပွားများပါလေ။
အထက် အရူပဘ၀, အောက်ကာမဘ၀, အလယ်ရူပဘ၀ အလုံးစုံသော လောက၌
ပိုင်းခြားကန့်သတ်ချက်မရှိသော မေတ္တာစိတ်ကို အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်းမရှိအောင်,
ဒေါသဟူသော အတွင်းရန်မရှိအောင်, အပရန်သူလည်းမရှိအောင် ပွားများပါလေ။
ရပ်လျက်ဖြစ်စေ, သွားလျက်ဖြစ်စေ, ထိုင်လျက်ဖြစ်စေ,
အိပ်လျက်ဖြစ်စေ ငိုက်မျဉ်းခြင်း ကင်းနေသောအချိန်မှာ
မေတ္တာဈာန်သတိကို စွဲမြဲစွာ ဆောက်တည်ရာ၏။
ဤဘုရားရှင်သာသနာတော်၌ ဤမေတ္တာဈာန်သတိဖြင့်နေခြင်းကို
ဗြဟ္မ၀ိဟာရ(=ထူးမြတ်သောနေခြင်းမျိုး)ဟူ၍ ဘုရားရှင်များ ဟောကြားတော်မူခဲ့သည်။
ထိုမေတ္တာဈာန်ရပြီးသောယောဂီသည် အတ္တဒိဋ္ဌိအစွဲမရှိအောင်ပြု၍
သီလရှိသော သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသူဖြစ်လျက်
ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ကိလေသာဖြင့်တွယ်တာခြင်းကို အရှင်းပယ်ဖြတ်ပြီးသော်
အမှန်ပင် နောက်တစ်ဖန် ပဋိသန္ဓေ မနေရတော့ပေ။
No comments:
Post a Comment