Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 March 2012

“မြို့ကလေး” (ယနေ့ ကဗျာကဏ္ဍ)

နင်နဲ့ငါဟာအဝေးကြီးဝေးခဲ့ကြတာ
ဆယ်နှစ်ဆိုတဲ့အချိန်တခုကိုရောက်ရတော့မယ်

ငါနင့်ကိုထားရစ်ခဲ့တာမဟုတ်သလို

ကျောခိုင်းခဲ့တာလည်းမဟုတ်ရပါဘူး

စွန့်ခွာပစ်ခဲ့တဲ့သူလို့

စိမ်းစိမ်းကားကားမပြောလိုက်နဲ့နော်

နင်ဆိုတဲ့ရပ်ဝန်းတခုမှာပဲ

အေးမြတဲ့လေထုကိုစတင်ရှုရှိုက်ဖူးသလို

လေပူတချို့ကိုလည်းမှုတ်ထုတ်ခဲ့ဖူးတယ်

နင်ဆိုတဲ့ရပ်ဝန်းတခုမှာပဲ

နွေးထွေးမှုတွေရဖူးသလို

အေးစက်မှုတွေနဲ့လည်းကြုံခဲ့ဖူးတယ်

နင်ဆိုတဲ့ရပ်ဝန်းတခုမှာပဲ

အားပေးချီးမြှောက်မှုတွေရဖူးသလို

အားငယ်မှုတွေနဲ့လည်းငါကျရှုံးခဲ့ဖူးတယ်

နင်ဆိုတဲ့ရပ်ဝန်းတခုမှာပဲ

အားရပါးရရယ်မောဖူးသလို

မျက်ရည်မဲ့ငိုကြွေးခြင်းတွေများခဲ့ဖူးတယ်

နင်ဆိုတဲ့ရပ်ဝန်းတခုာပဲ

ဘဝဆိုတာကိုစတင်ကြည့်ဖို့ခြေလှမ်းတွေစဖူးခဲ့သလို

နာကျည်းမှုတွေနဲ့ဘဝကိုမုန်းခဲ့ဖူးတယ်

နင်ဆိုတဲ့ရပ်ဝန်းတခုမှာပဲ

သက်ပြင်းတွေလည်းချဖူးသလို

ပင့်သက်ရှိုက်သံတွေလည်းအကြိမ်ကြိမ်ငါကြားခဲ့ဖူးတယ်

ပြောပြလို့မဖြစ်နိုင်တဲ့အကြောင်းအရာတွေကြောင့်

နင်နဲ့ငါဝေးသွားရတယ်

တကယ်တော့

နင်နဲ့ငါဟာရောထွေးမနေသလို

တသားတည်းပဲကျနေတတ်ပြန်တယ်

နင်....ကတည်ငြိမ်တယ်

နင်....ကအေးဆေးတယ်

နင်....ကရင့်ကျက်တယ်

နင်....ကဂုဏ်သိက္ခာနဲ့အစဉ်အလာကြီးတယ်

နင်ဟာ....နင်ပဲလေ

ငါဆိုတာကလည်း....ငါပါပဲ

ငါပျာလောင်ခတ်ပြီးနေပေမယ့်

နင့်ကိုအန်တုဖို့မကြိုးစားဘူး

နင့်အပေါ်ခြေချခွင့်ရခဲ့သလို

နင့်ဆီကထမင်းကိုစား

နင့်ဆီကရေကိုအဝသောက်ခဲ့တယ်

နင်ဟာ...င့ါအတွက်မြတ်နိုးမှုထဲကတခု

ငါ့မှာ..နင့်ကိုချစ်တဲ့နှလုံးသားခုထိရှိနေဆဲ

မသိသလိုနေတတ်တဲ့နင်နဲ့

ငါ့အကြား...

ဘယ်နေရာရောက်ရောက်

ဘယ်အချိန်ဖြစ်ဖြစ်

ငါသတိရနေတာကိုတော့ယုံပေးပါလား

တနေ့..နင်ဆိုတဲ့ရပ်ဝန်းမှာပဲ

အေးချမ်းမှုနဲ့နေချင်တယ်ဆိုရင်

နင်လက်ကမ်းလို့ကြိုမှာလား

တနေ့..နင့်ရင်ခွင်ထဲမှာပဲ

ငြိမ်းချမ်းစွာခေါင်းချလို့

ထာဝရမှေးစက်ချင်တယ်ဆိုရင်ကော

နင်လက်ခံပေးမှာလား

အဝေးကမြို့လေးရယ်။       ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့