Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 March 2012

မြန်မာ့စိတ်ထား မြတ်သလား


" ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့အစည်းတွင် ဒဏ်ရာဒဏ်ချက်များ ကြီးလှပါသည် ။ များလှပါသည် ။
လွတ်လပ်ရေးရချိန်မှ ယခုအချိန်အထိ သမိုင်းတလျှောက် နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပြည့်နှက်နေခဲ့သည် ။
ငြိမ်းချမ်းရေးကလည်း နီးနေသော်လည်း မရောက်သေးပေ ။ မဝေးလှသောသမိုင်းတွင် ကနောင်မင်းသားကြီး သည် မြန်မာအချင်းချင်းသတ်၍ ကွယ်လွန်ခဲ့ရသလို ၊ ဗိုလ်ချုပ်အောင်ဆန်းသည်
မြန်မာအချင်းချင်းသတ်၍ပင်ကျဆုံးခဲ့ရသည် ။ အင်္ဂလိပ်နယ်ချဲ့ သွေးထိုး၍ ဤသို့ဖြစ်ရပါသည်ဆိုလျှင် အင်္ဂလိပ်သည် မြန်မာပြည်သာမက နိုင်ငံအများအပြားကိုအုပ်စိုးခဲ့သည်ဖြစ်ပြီး အုပ်စိုးသည့်နိုင်ငံများတွင်လည်း
အလားတူ Policy များကိုသာ ကျင့်သုံးခဲ့သည်သာဖြစ်သည် ။ သို့သော် အင်္ဂလိပ်အုပ်စိုးခဲ့သော အာရှအိမ်နီးချင်းနိုင်ငံများမှာ မြန်မာနိုင်ငံနည်းတူ အဖြစ်ဆိုးများရှိခဲ့ဖူးသော်လည်း ယခုအခါလွန်မြောက်ခဲ့ပြီး ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေကြပြီးဖြစ်သည် ။ ကျွန်တော်တို့ မြန်မာပြည်ကတော့ ယခုအချိန်အထိ
ငြင်းကြခုံကြတုန်း ၊ မည်သည့်အရာကိုမျှ အကောင်းဘက်သို့ ရဲရဲမတွေးရဲ ။ "


" အမှန်ပင် မြန်မာ့လူ့အဖွဲ့အစည်းသည် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်အများအပြား ရှိနေပါသည် ။
မြန်မာ့လူ့ အဖွဲ့အစည်းတွင် စိတ်ဓါတ်မှန်သော သူရဲကောင်းတို့သည် ကြာရှည်မခံတတ် ။
သူရဲကောင်းကိုမ၀န်းရံတတ်သော ၊ ၀န်းရံရန်မ၀ံ့ရဲသော လူ့အဖွဲ့အစည်းဖြစ်သည် ။ သာရာစည်းသူများသာ ၊ မျက်နှာကြီးရာဟင်းဖတ်ပါသူများ လွှမ်းမိုးသောလူ့အဖွဲ့အစည်းဖြစ်သည် ။ ယုံလွယ်သူများသောလူ့အဖွဲ့အစည်းဖြစ်သည် ။ နိုင်ငံများရှိလူ့အဖွဲ့အစည်းတိုင်းတွင် ဤသို့ရှိမြဲ ဖြစ်သော်လည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် ပိုပါ၏ဟုရေးလိုပါသည် ။
သို့ဖြစ်၍လည်း အရွေ့ တစ်ခုအတွက်ဤမျှကြာခဲ့ခြင်းဖြစ်သည် ။ "


" မှားနေတာကိုမှန်သယောင်ပြောသောသူများနှင့်ကြုံဖူးသလို ဤသို့မှန်သယောင်ပြောမှ မိမိနှင့် မိမိ မိသားစုဘဝ
လုံခြုံမည် ကြီးပွားမည်ဟု အထင်ရောက်ကာ မိမိဂုဏ်သိက္ခာအားရောင်းစားနေသောသူများကိုလည်းကြုံဖူးပါသည် ။ ဟိုဘက်ဒီဘက်မလိုက်ဘူးဟုဆိုကာ ခြံစည်းရိုးခွထိုင်၍ လူပါး လူနပ် ၊ လူပေါ် လူဇော် လုပ်လိုသူများနှင့်လည်း ကြုံဖူးပါသည် ။ ဤသို့ နေရာရ ရှေ့ရောက်နေသော လူပေါ် လူဇော် ၊ လူပါး လူနပ် များကို အမှန်ဟုထင်ကာ နောက်လူများက တုပကြသော် တိုင်းပြည်သည် နစ်သထက်နစ်၍ ရွံစရာလူ့အဖွဲ့အစည်းတရပ်ဖြစ်သွားတတ်ပါသည် ။ "


" မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဆိုသော်ငြားလည်း မြန်မာ့လူ့အဖွဲ့အစည်းသည် ၄င်းတို့၏ နိစ္စဓူဝကျင့်ကြံပြောဆိုပြုမှုများတွင်ဗုဒ္ဓအဆုံးအမများနှင့် များစွာအလှမ်းဝေးနေသေးသည်ဟုထင်မိပါသည် ။
ဘုန်းတော်ကြီးများရှေ့တွင် ဘုရားစင်များရှေ့တွင် ၊ တရားရိပ်သာများတွင်သာ စစ်မှန်သောငြိမ်းချမ်းမှု ရယူနိုင်ကြပြီး ၊
လုပ်ငန်းခွင်များ  မိမိတို့ ကျင်လည်ရာဝန်းကျင်များ၌မူ ဒုံရင်းဒုံရင်း  အတိုင်းသာ  ဖြစ်ပါသည် ။ အလှုအတန်းများလုပ် ၊ ဘုရားတရားများများလုပ်ပါက မိမိတို့ပြုလုပ်ခဲ့သော အပြစ်များ မမှန်ကန်သောစိတ်ဓါတ်များကို ဆေးကြောနိုင်သည် 
လွှမ်းမိုးနိုင်သည်ဟု ယူဆသောပုဂ္ဂိုလ်များများရှိပါက ဤလူ့အဖွဲ့အစည်းသည် များစွာရင်လေးဖွယ်ဖြစ်ပါသည် ။ "

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့