လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 10 July 2013

ဘတ်စ်ကားပေါ်ပြုတ်ကျခဲ့သော မျက်ရည်စများ

 ဇူလိုင်၏မိုးစက်များက မှန်ပြတင်းဝမှ တရကြမ်းပြေးဝင်နေသည်။ ဆွဲဆွဲငင်ငင် အော်ဟစ်နေသည့်ကားများ ...။ ငါးဆယ်တစ် ရာပေးစီး၍ရသည့်ကားများရှိသလို 'အထူး'ဟု သမုတ်ပြီး
မှတ်တမ်းတင်ထားသော ကားကြီးများက ဘယ်ညာယိမ်းထိုးကာ သူ့ထက်ငါအပြိုင်။ သို့သော် သူတို့သည် ပန်းတိုင်မရှိ အောင်မြင်မှု မရှိ။ နေ့စဉ်နှင့်အမျှ ဒရိုင်ဘာ၏ ခြေနှင့် လက်ကသာ အဓိက . . . .။နေ့စဉ်သယ်ဆောင်မှုပြုနေရသော အလုပ် ကို သူတို့လုပ်ကြသည်။ သို့သော် လိုင်းကား၏ ရင်ခွင်ထဲတွင် ဖူးပွင့်စဘဝများ ဓမ္မကိုရင်ဝယ်ပိုက်ပြီး အသက်နှင့် ခန္ဓာကို စွန့်ခွာတော့မည့် ဘဝများရှိသလို အဓမ္မကိုစီးမျောရင်း လိုက်ပါသူများစွာရှိသည်။

ခရီးသည် တိုက်ပွဲ

''ရှင်မိုက်ရိုင်းလှချည်လား။ ရှင့်ညီမဆိုရင် လည်း ဒီလိုလုပ်တာပဲလား'' ရှက်သွေးတို့အစား မျက်နှာကတင်းမာခက်ထန်နေသည်။ မိန်းမပျိုတစ်ယောက်၏ဒေါသက ကားတစ်စီးလုံးမှလိုက် ပါလာသူအားလုံးကို အာရုံစူးစိုက်မှုတစ်ခုအဖြစ် ကံကြမ္မာက ဖန်ဆင်းလိုက်သကဲ့သို့ ....သူမ ဝတ်ဆင်လာသော ပန်းဆီရောင်ဝတ်စုံနှင့် စကတ်တိုက
မျက်ဝန်းတို့နှင့် မလိုက်ဖက်တော့ ''ဟေ့လူ ခင်ဗျားဆင်းသွားတော့ ပါးရိုက်ခံ ရတာတောင်နည်းသေးတယ်''ဟု ၄၈အထူးယာဉ် မှ ယာဉ်အကူက သံတုတ်တစ်ချောင်းကို ထိုင်ခုံ အောက်မှ ဆွဲထုတ်ရင်း ဆောင့်တွန်းရင်း ခပ်မာ မာလေသံဖြင့်ပြောလိုက်သည်။ ခဏ ထိုခဏသည် လိုင်းကားပေါ်မှ တိုက်ပွဲဖြစ်သည်။ ထိုသူသည် ကားပေါ်မှ ဆင်းရုံမှတစ်ပါး
အခြားမရှိ။ ခပ်တည်တည်ဖြင့် 'တောက်' တစ်ချက် ခေါက်သွားသံကြား လိုက်ရသည်။ အထူးကားကြီးသည် ဆူးလေဘက်သို့ တရွေ့ရွေ့ဖြင့်ဆက်လက်ထွက် ခွာပြန်သည်။

ခရီးသည်တို့၏ တစ်ယောက်တစ် ပေါက်ပြောဆိုသံတို့က ဘရိတ်ဖမ်းမရ။

ဟီရိနှင့် သြတ္တပ္ပ

၃၁ဘုံသောလောကတွင် လူ့ပြည်ဟူသည်က ကျွန်ုပ်တို့ အသက်ရှင်နေထိုင်သော လူနှင့်သက် ရှိ သတ္တဝါများ နေထိုင်သော လောကဘုံကြီးကို သတ္တလောကဟု ညွှန်းဆိုသည်။

သတ္တလောကတွင် လူနှင့် တိရစ္ဆာန်တို့ကို စည်းနှစ်ချောင်းဖြင့်ပိုင်းခြားထား၏။ ဟီရိ(ရှက်ခြင်း)နှင့် သြတ္တပ္ပ (ကြောက်ခြင်း)တို့သည် လူဟူသမျှ၏ ဦးနှောက် နှင့် နှလုံးသားတွင် ကိန်းအောင်လျက်ရှိသည်ဟု လူ ပုဂ္ဂိုလ်အများစုက လက်ဝယ်ထားကြသည်။ တိရစ္ဆာန်သည်အိပ်စက်ခြင်း၊ စားသောက်ခြင်း၊ မေထုန်မှီဝဲခြင်းဖြင့်သာ မှီတည်ကုန်၏။ ထိုကဲ့ သို့ဆိုရလျှင်
ရှက်ခြင်းနှင့် ကြောက်ခြင်းကို မေ့လျော့ထားသော 'လူ' သည် မည်သို့သော အဓိပ္ပာယ် သက်ရောက်မည်နည်း။

တွေးကြောက်ရသော လက်ဖဝါးများ

ရန်ကုန်မြို့တွင် နေ့စဉ်အလုပ်သွား၊ အလုပ်ပြန်ဘဝနှင့် စားဝတ်နေရေးကို ဖြေရှင်းနေရသူများတွင် အများစုမှာ နေ့စဉ်လိုင်းကားကိုသာ အားပြုရသည်။

နံနက်အလုပ်ချိန်နောက်ကျခြင်းကို ဥပက္ခာပြုနိုင်ရန် သူတို့ဖြစ်သလို သွားလာရသည်။ အထူးကားနှင့် ရိုးရိုးကား မရွေးချင်တော့...။ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း များမှ အမျိုးသမီးအများစုသည်မိမိ၏ တင်ပါး နှင့် ရင်ဘတ်ကို လုံခြုံရန် ထိုင်ခုံရသော ဘတ်စ် ကားကိုသာ ပို၍အားပြုရကြောင်း အသက် ၂ဝ နှင့် ၄ဝကြား အမျိုးသမီးအများစုက
ဆိုကြသည်။

''ကားခပိုက်ဆံပိုကုန်တာကို မတွက်နိုင်တော့ဘူး။ စောစောထပြီး ဂိတ်စကို တစ်ခေါက်စီး။ ထိုင်ခုံရရင်တော့ ဘာမှ တွေးကြောက်စရာမလိုတော့ဘူး'' ဟု အသက် ၂၈ နှစ်အရွယ်ရှိ ရှေ့နေအမျိုးသမီးတစ်ဦးက ဆိုသည်။ သူမသည် မြောက်ဥက္ကလာမှ ဆူးလေမှတ်တိုင်အထိ နေ့စဉ် လိုင်းကားဖြင့်သာသွားလာရကြောင်း ပြောသည်။ဘတ်စ်ကားခရီးသည်များ၏
အတွေ့အကြုံများက များလှသည်။

မမြင်နိုင်သောလက်ချောင်းများသည်သင်ခန်းစာ(သို့မဟုတ်) သတိပေးလိုက်သည့် အသံတစ်ခုကဲ့သို့သာ တေးမှတ်ခဲ့ကြသည်။ ကြုံတွေ့ခဲ့ရသော မိန်းကလေးအများစုသည် ၎င်းတို့၏ အတွေ့အကြုံများကို အနီးစပ်ဆုံးသူမှ လွဲ၍ မပြောပြလို။

''ကျွန်တော့် ကောင်မလေးက ဒဂုံဘက်က နေ မြို့ထဲကိုနေ့တိုင်း ရုံးတက်တယ်။ သူစီးတာက ဘီအမ်ကားပါ။ ရင်ဘတ်က အတွင်းအင်္ကျီကို ပါ ဆောင့်ဆွဲတယ်လို့သူပြောပြတယ်။

ခရီးသည် အချင်းချင်းပါ။ ငိုပြီးကျွန်တော့်ကို ဖုန်းဆက်တာ''ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သော ကိုသက်လင်းက တစ်ဆင့် ပြောသည်။

မတ်တတ်ရပ်စီးနေရသော အထူးကားများ

ယခင်တပ်မတော်အစိုးရ လက်ထက်မှစ၍ အထူးကားများ ပေါ်လာသည်။ ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းက ''လူပိုမတင်ရ'' မှန်ပါသည်။ အတက်အဆင်းပြတင်းဝအထိ လူစီးမရတော့သည့်အခါ ထပ်မတင်တော့၊ ရန်ကုန်တိုင်း ဒေသကြီးတွင်ခရီးသည်တင်ယာဉ်ပေါင်း ၆ဝဝဝ ကျော်ရှိပြီး နေ့စဉ်လိုင်းကားပေါင်း ၄ဝဝဝ ကျော် ပြေးဆွဲလျက်ရှိကြောင်း မထသ၏ စစ်တမ်းများ အရ သိရသည်။ ရန်ကုန်၏ လူဦးရေ ပျမ်းမျှ ၆ သန်း၊ တစ်ရက်လျှင် ဘတ်စ်ကား ခရီးသည် ၂ ဒသမ ၃ သန်း ပုံမှန်သွားလာနေကြောင်း၊ ၎င်း တို့က
ထုတ်ပြန်ထားသည်။အထူးကားတစ်စီးလျှင် ခရီးသည် ၄ဝ ကျော်အထိ ထိုင်ခုံကိုပြုပြင်ကာ ထည့်ထားနိုင်သည်။ သို့သော် မတ်တတ်ရပ် ခရီးသည် မတင်ပါက နေ့တွက်ကြေးမကိုက်ဟု ကားသမားများက ပြောသည်။

အထူးကားပုံပြင်နှင့် လွှတ်တော်အသံ

ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ်ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်မှခရီးသွားပြည်သူများအတွက် အဲကွန်း ပါသော ခရီးသည်တင်ယာဉ်အသစ်များ မည်သည့်အချိန်တွင် စီးရမည်နည်းဆိုသည့် မေးခွန်းသည် ပြည်သူ့အသံဖြစ်သည်။ ၎င်းအသံကို ဦးသိန်းညွန့်မေးသည်။ ၂ဝ၁၂ ခုနှစ် နှစ်ကုန်တွင် စီးရမည်ဟု
ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန် ကြီး ဦးချန်မောင်က မျှော်လင့်ချက်ပေးခဲ့သည်။ ယင်းမျှော်လင့်ချက်သည် အိပ်ရာဝင်ပုံပြင်မဟုတ်။ လွှတ်တော် အစည်းအဝေးမှတ်တမ်းစာအုပ်တွင် သမိုင်းစာသားအဖြစ် တွေ့ရှိရမည် ဖြစ်သည်။ သို့သော် ယနေ့တိုင် တည်ဆဲဥပဒေနှင့်အညီ ခေါက်တုံ့ခေါက်ပြန် မတ်တတ်ရပ်နေရဆဲ။ ဒူး
တုပ်ထိုင်နေရဆဲ။

ယာဉ်အကူတို့၏ ကာကွယ်မှု

''ကျွန်တော်က မိန်းကလေးတွေ ကားပေါ်တက်လာရင် တစ်ခြမ်းသတ်သတ်ဖြစ်အောင် ကြိုးစားပြီးဆွဲထည့်ပေးတယ်။ ဒါပေမဲ့ လူအရမ်းကျပ်လာရင် အဲဒီပြဿနာဖြစ်တာများတယ်ဟု
ဆူးလေ-မင်္ဂလာဒုံပြေးဆွဲသည့် ၅၁ ယာဉ်လိုင်းမှ ယာဉ်အကူ ကိုကျော်ကျော်က ပြောသည်။ယာဉ်အကူ(စပယ်ယာ)များတွင် အတွေ့ အကြုံများစွာရှိ၏။ ယခင်က စပယ်ယာလက်ဆို လျှင် မိန်းကလေး အများစု ကျောချမ်းရသည်။ ယခုမူ ခရီးသည်အတွင်းမှ ''လက်က'' ပို၍ လက်သံပြောင်ကြောင်း ၎င်းက ပြောသည်။

''မဟာမြိုင်မှတ်တိုင်မှာဆို မှတ်မှတ်ရရပါပဲ။ လူကြီးက အသက် ၅ဝလောက်ရှိပြီ၊ ကုတ်တာက သူ့သမီးအရွယ်၊ ခင်ဗျားဟိုဘက်ရွှေ့၊ ညီမ ဒီဘက်လာ ပြောလိုက်ရတယ်။

လွန်လာရင်တော့ ကျွန်တော်လည်းဒီအတိုင်း ကြည့်မထား ပါဘူး'' ဟု ကိုကျော်ကျော်က ဆိုသည်။ ရန်ကုန်၏ နိစ္စဓူဝမြင်ကွင်းသည် တစ်နေ့ တစ်မျိုးမရိုးရ၊ ရုံးတက် ရုံးဆင်းချိန်တွင် ပို၍ မျက်စိလျှင်ရပြီ။ တဏှာရမ္မက်နှင့် ငွေကြေးရယူ လိုမှုကိုပါ ဝင်ထိန်းပေးရကြောင်း ယာဉ်အကူ တို့က ဖွင့်ဟကြသည်။ သို့သော် ၎င်းတို့တွင် လုပ်ပိုင်ခွင့် ဥပဒေမရှိ။

''ပြဿနာ ခဏခဏဖြစ်တယ်။ လူကျပ်လာလေ ပိုသတိထားရလေပဲ။ ထိန်းမရရင်တော့ ရဲစခန်းကို မောင်းဖို့ တိုင်ပင်ထားတယ်။ အရက် သောက်ထားတယ်ထင်ရင် မတင်တော့ဘူး။

သူ တို့နဲ့က ပိုပြီး ပြဿနာဖြစ်လွယ်တယ်''ဟု ၁ဝ၂ အထူးယာဉ်လိုင်းမှ ယာဉ်အကူတစ်ဦးကဆိုသည်။

''ကားတွေထဲမှာပိုအဖြစ်များတာက ကောက်ရိုး(ရိုးရိုးကား)ပဲ။
အထူးကားတွေမှာလည်း ထိုင်နေရင်းနဲ့ ဟိုပွတ်၊ ဒီပွတ်လုပ်ကြတာ။ တချို့က နေရာရွှေ့တယ်။ ရဲတင်းတဲ့ မိန်းကလေးကတော့ စပယ်ယာကြားအောင် ပြောရဲတယ်။

ကျွန်တော်တို့မသိလိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိမှာပါ''ဟု ၂၁၃ အထူးယာဉ် လိုင်းမှ ယာဉ်အကူ ကိုစိုးဝဏ္ဏက ပြောသည်။

ခရီးသည်ကြားက လိင်လုပ်သမ

ပြည်သူအများစုနှင့် နေ့စဉ်လက်တွေ့ကျ ကျ ထိတွေ့ဆက်ဆံသူများသည် ယာဉ်အကူများ ဖြစ်သည်။ အချို့သော မိန်းကလေးများသည် ဘတ်စ်ကားပေါ်မှ အထိအတွေ့ကို ဂရုမစိုက်ဟု ဆိုသည်။ သာမန်အလုပ်သွားအလုပ်ပြန်ကြားတွင် ကာမ၏အငွေ့အသက်ကို ရှူရှိုက်သည့် လူတန်းစား တချို့ရှိကြောင်း ယာဉ်အကူတချို့က ထွက်ဆိုကြသည်။

''တချို့မိန်းကလေးတွေက သိသာတယ်။ အရှေ့အနောက်ထပ်ပြီး ကျပ်နေတာကို မသိဟန်ဆောင်တယ်။ အတန်းအစားကွာတာပေါ့။ ထုတ်ပြောရရင် မကောင်းတော့ ဒီအတိုင်းပဲ ထားလိုက်တယ်။ ဒါမျိုးကျတော့ ဘယ်လို မိန်းကလေးမျိုးလဲဆိုတာ အားလုံးသိပါတယ်။''

''တချို့ယောက်ျားတွေက တစ်ခါရဖူးတော့ လူမရွေးတော့ဘူး။ ကောင်းတဲ့ မိန်းကလေးတွေကိုရောပြီး သိက္ခာထိခိုက်စေတယ်''ဟု ၁၉၉ ရိုးရိုးယာဉ်လိုင်းမှ ယာဉ်အကူတစ်ဦးက ၎င်း၏ လုပ်သက်အတွင်း တွေ့ကြုံရမှုကို ပြောသည်။

ထိုဖြစ်စဉ်များသည် ယောက်ျား၊ မိန်းမ မကွဲပြားသောသူများနှင့် အုပ်စုဖွဲ့လိုက်ပါသူများ အပြင် တစ်ဦးတစ်ယောက်တည်း
လှုပ်ရှားရုန်းကန်သူများလည်း ရှိကြောင်း သိရသည်။''ကားထဲမှာ လိုအပ်တဲ့သူနဲ့ လိုချင်တဲ့သူက ပြေလည်သွားတာကိုလည်း တွေ့ဖူးတယ်။ တချို့က ကားဆရာနဲ့ စပယ်ယာတွေနဲ့ ညှိနှိုင်းပြီး ဂိတ်ဆုံးကို ဒိုးကြတာဗျာ''ဟု တာမွေမှ သီရိမင်္ဂလာဈေးသို့ ညပိုင်းပြေးဆွဲသော ဒိုင်နာယာဉ်အကူတစ်ဦးက ပြောသည်။

ပြဿနာ အဖြေရှာရန်လိုသည်

ယနေ့ လိုင်းကားဖြင့်သွားသည်။ မနက်ဖြန် တွင်လည်း လိုင်းကားကိုသာ ဦးတည်နေရသည့် ဘဝများသည်နေ့စဉ်နှင့်အမျှ ရှောင်လွှဲမရ ပြည် တွင်းပို့ဆောင်ရေးနှင့် အခြားသော တိုးတက်မှု များသည် ဥပဒေ၊ အုပ်ချုပ်သည့် အစိုးရ၏ ရေ ရှည်စနစ်ပေါ်သာမူ တည်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမင်းသူက သုံးသပ်သည်။

''သူ့နှမ ကိုယ့်နှမ စာနာဖို့တော့လိုတယ်။ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့လည်း အများ ကြီးဆိုင်တယ်။ ဒါဟာ ရေရှည်စီမံချက်တွေရဲ့ Side Effect တွေပဲ။ ခရီးသည်တင် အထူးကား ဆိုတာမှာ သူ့ထိုင်ခုံနဲ့သူလိုက်စီးရရင် ဒီလိုမျိုး ဖြစ်လာစရာအကြောင်းမရှိဘူး။ အားလုံးကိုအစိုးရမှာ တာဝန်ရှိတယ်လို့ ပြောလို့ရပေမယ့် ပြည်သူတွေပေါ်မှာလည်း တာဝန်ရှိတယ်''ဟု ၎င်းက သူ၏ အမြင်ကို ပြောသည်။

လူဟူသည် မိန်းမ၊ ယောက်ျားမရွေး အရှက်အကြောက်တရားရှိဖို့ရန် ဗုဒ္ဓ၏ စာပေကျမ်းဂန်များက ဆုံးမသွန်သင်ထားသည်။ လူမျိုးခြား၊ ဘာသာခြားတို့၏ ကိုးကွယ်ယုံကြည်သည့် ဘာသာတိုင်းတွင်လည်း ဟီရိ (ရှက်ခြင်း) နှင့် သြတ္တပ(ကြောက်ခြင်း)ကဲ့သို့သော အဓိပ္ပာယ် ဖွင့်ဆိုချက်များ အကျယ်တဝင့်ရှိမည်မှာမလွဲ။ ဗုဒ္ဓဘာသာဝင်များကြားတွင် အမိယုတ်ပါက
နှုတ်အမူအရာကြမ်းပြီး၊ အဖယုတ်ပါက ကိုယ်လက် အမူအရာ ကြမ်းသည်ဟု ဆိုရိုးစကားရှိသည်။

ယခုမူ လိုင်းကားပေါ်မှ လက်ယုတ်ခြင်း၊ ကိုယ်အမူအရာ ကြမ်းတမ်းခြင်းသည် ကျူးလွန်သူ၏ တဏှာနှင့်ရာဂတို့မှ မွေးထုတ်ပေး လိုက်သော စိတ်ကြောင့်ဖြစ်မည်ထင်၏။ လူနှင့်တိရစ္ဆာန်အ ကြား ခြားထားသည့်စည်း တစတစ ပိုမိုပါးလွှာလာသည်နှင့် အမျှ
မကြားဝံ့မနာသာ အမှုအခင်းများ၊ မပွင့်မီကြွေရရှာသော ပန်းများနှင့် အသားစားမုဆိုးများ၏ ပရိယာယ်မျိုးစုံအောက် အ မှောင်ကို ကွယ်၍ မကြာခဏ ရေတိမ်နစ်ရရှာသော ဘဝများစွာ၏ မလုံခြုံမှုများက ဤနေရာ တွင်ပါ အဆီးအတားမဲ့ ကျူးကျော်လာနေပြီဆိုပါက လိုင်းကားပေါ်မှ မျက်ရည်စက်များသည် ဆက်လက် စိုမြဲ စိုနေဦးမည်သာ ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့