လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 17 July 2013

ကံကောင်း၍ အာဇာနည် မဖြစ်ခဲ့ သူများ

 ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီ။ ကောင်းကင်တစ်ခုလုံး မိုးသားတွေနဲ့ မည်းမှောင်နေတယ်။ မိုးကတော့ တဖွဲဖွဲရွာလိုက်၊ သည်းလိုက်။

အဖေ ဒီနေ့ရုံးမှာ အစည်းအဝေးရှိလို့ စောစောသွားတယ်။ အိမ်မှာ အမေနဲ့ ကျွန်တော်တို့ ကလေးတွေပဲရှိတယ်။ ခဏကြာတော့ တယ်လီဖုန်းသံကြားတယ်။ အစ်မကြီးက ဖုန်းကို နားထောင်တော့ “၀န်ကြီးရုံးခန်းကို ချောချောမောမောပြန်ရောက်ပါတယ်” လို့ ပြောပြီး ပြန်ချသွားတယ်။ အစ်မကြီးက အမေကိုပြောပြီး ရုံးကိုဖုန်းပြန်ဆက်တော့ ခေါ်လို့မရဘူး။ ဘာမှန်းမသိပေမယ့် တစ်ခုခုတော့
ဖြစ်ပြီလို့ စိတ်ထဲမှာ ထင့်သွားကြတယ်။

နေ့လယ်ကျမှ မျှော်လင့်မထားတဲ့ သတင်းဆိုးကြီးကို ကြားရတယ်။ ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ ၀န်ကြီးအဖွဲ့လုပ်ကြံခံရတယ်တဲ့။ အဖေပါ၊ မပါ ချက်ချင်းမသိသေးဘူး။ နောက်မှ ရုံးကဖုန်းဆက်ပြောတယ်။ အဖေအသက်ဘေးမှ လွတ်ပေမယ့် ဗိုလ်ချုပ်နဲ့ သေဆုံးသူများအတွက် မဖော်ပြနိုင်တဲ့ ၀မ်းနည်းကြေကွဲမှုကို ခံစားရတယ်။

အဖေအိမ်ပြန်မရောက်ခင် ညနေကပင် လက်နက်ကိုင်ရဲတပ်သား အနည်းငယ် လုံခြုံရေးအတွက်ဆိုပြီး အိမ်ရောက်လာတယ်။ အဖေအိမ်ပြန်ရောက်တော့ အတော်ညဥ့်နက်နေပြီ။ အစ်မကြီးက အဖေကိုဖက်ပြီး ဗိုလ်ချုပ်ကောပါသလားလို့မေးတယ်။ ဗိုလ်ချုပ်ပါတယ်ပြောတော့ “ဖေဖေနိုင်ငံရေး မလုပ်ပါနဲ့တော့” လို့ဆိုပြီး ငိုပြောတယ်။ အဖေက “သမီး.. ခုအချိန်ဟာ ပိုအရေးကြီးတယ်။တိုင်းပြည်မှာ အာဏာလိုချင်တဲ့သူတွေက များနေတယ်။ ရှေးတုန်းကလို ရှင်ဘုရင်ကိုသတ်ရင် ရှင်ဘုရင် ဖြစ်မယ်လို့ ထင်နေကြတယ်။ ရှေ့ဘာဖြစ်မလဲမသိသေးဘူး” လို့ ပြန်ပြောတယ်။ အဖေ့ကြည့်ရတာ စိတ်တွေမတည်ငြိမ်၊ အတော်လှုပ်ရှားနေပုံရတယ်။ ခုခေတ်ဆရာဝန်ကြီးတွေအဆိုရ (trauma) ဖြစ်တာပေါ့။ ဒီနေ့မနက်ပဲ အစည်းအဝေးမှာ အတူထိုင်စကားပြောကြပြီး ချက်ချင်းကြီး မျက်စိရှေ့မှာ လုပ်ဖော်ကိုင်ဖက်တွေ သွေးအရဲရဲနဲ့ သေဆုံးသွားတာမြင်ရတော့ စိတ်တွေချောက်ချားပြီး သွေးလန့်နေမှာပေါ့။

နောက်မှ အဖေက စိတ်ကိုထိန်းပြီး မနက်ကဖြစ်စဉ်ကို ပြောပြတယ်။ အရင်တုန်းက ဘုရင်ခံရဲ့ အတိုင်ပင်ခံကောင်စီ (Governor's Executive Council) အစည်းအဝေးကို အလုံလမ်းမှာရှိတဲ့ ဘုရင်ခံအိမ်တော် (မဆလခေတ် လွှတ်တော်ဝင်းရှိ ယခင်သမ္မတ အိမ်တော်)မှာလုပ်တယ်။ ဘုရင်ခံကိုယ်တိုင်လည်း ဥက္ကဋ္ဌအနေနဲ့ ထိုင်တယ်။ တကယ်တော့ ဘုရင်ခံနဲ့ ကောင်စီဆိုတာ ၀န်ကြီးအဖွဲ့ (Cabinet) ပါပဲ။

လွတ်လပ်ရေးရခါနီးတော့ ဘုရင်ခံက အစည်းအဝေးမတက် တော့ဘူး။ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကဦးဆောင်ပြီး အတွင်းဝန်များရုံး (Secretariate) (ယခင်ဝန်ကြီးများရုံး)မှာ တစ်ပတ်တစ်ကြိမ်လုပ်တယ်။ ပုံမှန်မှာ အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်မှာလုပ်ဖို့ စီစဉ်ထားပေမယ့် လွှတ်တော်အစည်းအဝေးနဲ့တိုက်နေလို့ ၁၉ ရက် စနေနေ့ကိုရွှေ့ပြီး ခေါ်လိုက်တာဖြစ်တယ်။

အစည်းအဝေးလုပ်တဲ့ ခန်းမကြီးက (ဂ)ပုံသဏ္ဌာန် (U shape) ဖြစ်တယ်။ စားပွဲရဲ့ အလယ်တည့်တည့်မှာ ဗိုလ်ချုပ်ကထိုင်ပြီး စားပွဲရဲ့ ဘယ်ဘက်မှာ ၀န်ကြီးများအဖွဲ့ အတွင်းဝန်ဦးရွှေဘော် (ICS) ထိုင်တယ်။ နောက်ပြီး ၀န်ကြီးဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတို့ ထိုင်ကြတယ်။ စားပွဲရဲ့ညာဘက် မှာ ၀န်ကြီးသခင်မြ၊ ဦးရာဇာတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်းနဲ့ မန်းဘခိုင်တို့ အစဉ်အတိုင်းထိုင်ကြတယ်။ ဗိုလ်ချုပ်နဲ့ ၀န်ကြီးခြောက်ဦးပါတယ်။

အစည်းအဝေးက ၁၀ နာရီ ၁၀ မိနစ်လောက်မှာစတယ်။ နာရီဝက်ခန့်အကြာမှာ စစ်ဝတ်စုံဝတ်ထားတဲ့ သေနတ်ကိုင်လေးယောက် ဆင်နားရွက်တံခါးကိုဖွင့်ပြီး အစည်းအဝေးခန်းထဲကို ရုတ်တရက်ဝင်လာတယ်။ ရှေ့ဆုံးက ၀င်လာတဲ့ သေနတ်သမားက (ဂ)ပုံစံစားပွဲ အလယ်မှာ ခြေစုံရပ်၊ နေရာယူပြီး ဗိုလ်ချုပ်အောင်ဆန်းကို တည့်တည့်ချိန်စပစ်တယ်။ ဗိုလ်ချုပ်က ထိုင်ရာကထပြီး လက်ကာပြတယ်။ ပါးစပ်ကလည်း တစ်ခုခုအော်ပြောတယ်။ အဲဒီအချိန်မှာ တခြားသေနတ်သမားတွေကပါ မောင်းပြန်သေနတ်တွေနဲ့ တရစပ် ပစ်ခတ်နေတော့ သေနတ်သံကလွဲပြီး ဘာသံမှမကြားရတော့ဘူး။ သေနတ်သမားတွေဟာ ဗိုလ်ချုပ်ကိုပစ်ပြီး ညာဘက်မှာရှိတဲ့ လူတွေဆီကို သဲသဲမဲမဲပစ်တယ်။ နောက်ဘယ်ဘက်ကလူတွေကို ဆက်ပစ်တယ်။ အစည်းအဝေးခန်းတစ်ခုလုံးဟာလည်း မီးခိုးတွေနဲ့ပြည့်နေတယ်။

အဲဒီအခိုက်အတန့်လေးမှာ ဗိုလ်ချုပ်ရဲ့ ဘယ်ဘက်မှာရှိတဲ့ အတွင်းဝန်ဦးရွှေဘော်နဲ့ ၀န်ကြီးပျော်ဘွယ်ဦးမြတို့ဟာ ရုတ်တရက်ထပြီး ပြတင်းပေါက်ရှိရာကို ပြေး၊ ပြတင်းပေါက်ကိုကျော်၊ တံစက်မြိတ်အတိုင်း ကပ်ပြီးလျှောက်ပြီး ဦးရွှေဘော်ရုံးခန်းမှာ ခေတ္တငြိမ်နေလိုက်တယ်။ တစ်ချိန်တည်းမှာ ၀န်ကြီးဦးဘဂျမ်းက ထိုင်ရာမှကြမ်းပြင်ကို လှဲချလိုက်ပြီး သူနဲ့ကပ်ထိုင်နေတဲ့ ၀န်ကြီးဦးအောင်ဇံဝေရဲ့ လက်ကိုဆွဲချပြီး နှစ်ယောက်သား ကြမ်းပြင်မှာ မှောက်နေလိုက်တယ်။ သေနတ်သမားများဟာ
မတ်တတ်ရပ် အားရပါးရပစ်ပြီးနောက် ဒူးထောက်လျက် စားပွဲများအောက်ရှိလူများကို ဝှေ့ရမ်းပစ်ခတ်လိုက်သေးတယ်။ ကျည်ဆည်တစ်တောင့်က ၀န်ကြီးဦးဘဂျမ်းရဲ့ ညာဘက်လက်သူကြွယ်ထိပ်ကို လာမှန်တယ်။ ဒါပေမဲ့ ကံကောင်းလို့ ဒဏ်ရာမပြင်းထန်ဘူး။

ဒီလေးယောက်ဟာ သတိရှိပြီး ကံကောင်းလွန်းလို့ အသက်ဘေးမှလွတ်မြောက်ခဲ့ကြတယ်။ ကျန်တဲ့ဗိုလ်ချုပ်နဲ့ ၀န်ကြီးခြောက် ယောက်ကတော့ အားလုံးသိတဲ့အတိုင်း နေရာမှာပင် ကျဆုံးခဲ့ရရှာတယ်။

အဖေက အတွင်းဝန် ဦးရွှေဘော်ရုံးခန်းရောက်တော့ အခြေအနေကိုစောင့်ပြီး ဘုရင်ခံဆီ တယ်လီဖုန်းဆက် သတင်းပို့တယ်။ အဲဒီတုန်းက ဘုရင်ခံက Sir Hubert Rance ။ ဘုရင်ခံက ချက်ချင်း မော်တော်ကားနဲ့ လုံခြုံရေးပါထည့်လွှတ်လိုက်တယ်။ အဖေနဲ့ ၀န်ကြီးဦးအောင်ဇံဝေတို့ ဘုရင်ခံအိမ်လိုက်သွားတယ်။ ဟိုရောက်တော့ trauma ကြောင့်နှစ်ယောက်စလုံး စကားကောင်းကောင်းမပြောနိုင်
ကြဘူး။ ဘုရင်ခံက ရိပ်မိပြီး Cognac နဲ့ ဖန်ခွက်နှစ်ခွက်ချပေးတယ်။ နည်းနည်းစီသောက်ပြီးမှ နှစ်ယောက်သား ပြောနိုင်ဆိုနိုင်ဖြစ်လာတယ်။ ဘုရင်ခံက တိုင်းပြည်အခြေအနေကို တည်ငြိမ်အောင် အစိုးရအဖွဲ့ အမြန်ဆုံးဖွဲ့ဖို့ ညွှန်ကြားတယ်။ အဖေက သခင်နုနဲ့တိုင်ပင်ပြီးလုပ်စရာကိစ္စတွေကို အမြန်ဆက်လုပ်ကြတယ်။

အဖေက လယ်ယာစိုက်ပျိုးရေးဝန်ကြီးပါ။ ဒါပေမဲ့ ၀န်ကြီးဦးကျော်ငြိမ်း ပြည်ပခရီးသွားနေလို့ ပြည်ထဲရေးဝန်ကြီးတာဝန်ကို ယူထားရတဲ့အချိန်ဖြစ်တယ်။ အဲဒီအချိန်က ဗိုလ်တထောင်ရှိ စစ်လက်နက်ပစ္စည်းတပ်က လက်နက်တွေ ပျောက်တဲ့ကိစ္စကို စုံစမ်းနေဆဲဖြစ်တယ်။ ရန်ကုန်မြို့မှာလည်း ဗိုလ်ချုပ်ကိုလုပ်ကြံမယ့် ကောလာဟလ သတင်းတွေပြန့်နေတယ်။ ပုလိပ်မင်းကြီး ဦးအောင်ချိန်(ရဲချုပ်)က ဂဠုန်ဦးစောနဲ့ပတ်သက်ပြီး မသင်္ကာဖွယ်သတင်းတွေ ရနေတယ်လို့ သတင်းပို့တယ်။ ဒါကြောင့် မှုခင်းရဲတပ်ဖွဲ့ကလည်း အေဒီလမ်းမှာရှိတဲ့ ဂဠုန်ဦးစောရဲ့ အိမ်အ၀င်အထွက်ကို စောင့်ကြည့်နေတယ်။

ဒါနဲ့ အဖေက ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဗိုလ်ချုပ်လုံခြုံရေးအတွက် အတွင်းဝန်များရုံးဂိတ်မှာ လက်နက်ကိုင်ရဲတွေချထားလိုက်တယ်။

ယခင်က လုံခြုံရေးမထားဘူး။ ဒါပေမဲ့ ကံကြမ္မာကဖြစ်ချင်တော့ တစ်နေ့မှာ ဗိုလ်ချုပ်က အတွင်းဝန်ရုံး လုံခြုံရေးဂိတ်က လက်နက်ကိုင်ရဲတွေကို တွေ့သွားတယ်။ ဒါတွေဘယ်သူချထားတာလဲလို့မေးတော့ အပါးတော်မြဲ (P.A) ဗိုလ်ထွန်းလှက ပြည်ထဲရေးဝန်ကြီးပျော်ဘွယ်ဦးမြက လုံခြုံရေးအတွက် ချထားတာလို့ ပြောလိုက်တယ်။

ဒီတော့ ဗိုလ်ချုပ်က အဖေ့ကိုခေါ်ပြီး “ကျွန်တော့်ကို မုန်းရင် ကျွန်တော့်ကို သတ်လိမ့်မယ်။ ဦးမြကိုမုန်းရင် ဦးမြကိုသတ်လိမ့်မယ်။ တစ်ဖွဲ့လုံးတော့ သတ်မှာမဟုတ်ပါဘူး။ မလိုပါဘူး” လို့ ပြောတော့ အဖေကလက်နက်ကိုင် ရဲတွေကို ရုပ်ခိုင်းလိုက်တယ်။ ဗိုလ်ချုပ်က သူ့ကိုယ်သူယုံတယ်။ သူဟာ ပြည်သူအတွက်၊ လွတ်လပ်ရေးအတွက်၊ နေ့မအားညမနားလုပ်နေတဲ့လူ။

ငါ့လိုလူ သန့်သန့်ရှင်းရှင်း မတရားမလုပ်တဲ့သူကိုဘယ်သူက ဘာကြံမှာလဲ။ သူ့ကို မုန်းလို့ သတ်မယ့်သူမရှိလို့ ယုံကြည်တယ်။ သူ့အတွက် လုံခြုံရေးထားတာ လုံးဝမကြိုက်။ သူ့ကားပေါ်မှာ တပ်ကြပ်တစ်ယောက်သာ လိုက်ခွင့်ပြုတယ်။

လုံခြုံရေးနဲ့ပတ်သက်လို့ စစ်တပ်ကလည်း သတင်းတွေရလို့ ဗိုလ်မှူးစိန်မှန်က တပ်ရင်း(၆)က တပ်စုတစ်စုကို လုပ်ကြံမှုဖြစ်မယ့် ၁၉ ရက် နေ့လယ် ၂ နာရီမှာ ဂဠုန်ဦးစောအိမ်ကို ၀င်ရှာဖို့ အားလုံး အဆင်သင့်လုပ်ထားပြီးဖြစ်တယ်။ ဒါပေမဲ့ ရန်သူကို လျှော့တွက်လို့ ရန်သူရဲ့ လက်ဦးမှုကို ခံလိုက်ရပြီး ဗိုလ်ချုပ်နဲ့ ၀န်ကြီးများ အသက်ဆုံးရှုံးခဲ့ရတယ်။ အစိုးရအဖွဲ့ကို လုပ်ကြံမယ်ဆိုတာနဲ့ ပတ်သက်လို့ သတင်းတွေ၊ ကောလာဟလတွေ ထွက်နေတာတော့ ကြားနေတယ်။ ဒါပေမဲ့ ဒီလောက်ရက်ရက်စက်စက် လုပ်လိမ့်မယ်၊ မြန်မြန်လုပ်လိမ့်မယ်လို့တော့ မထင်ကြဘူး။

နိုင်ငံတော်လုပ်ကြံမှုကြီးမှာ ဥပစေဒကကံ မထိုက်လို့သေဘေးက လွတ်မြောက်ခဲ့သူ ပုဂ္ဂိုလ်လေးဦးရှိတယ်။ သူတို့ကတော့ (၁)၀န်ကြီး ဦးဘဂျမ်း၊ (၂)၀န်ကြီး ဦးအောင်ဇံဝေ၊ (၃) ၀န်ကြီး ပျော်ဘွယ်ဦးမြ၊ (၄)အတွင်းဝန် ဦးရွှေဘော်တို့ဖြစ်တယ်။

သူတို့ဟာ အတိတ်ကံကောင်းလို့ သေနေ့မစေ့ သေဘေးမှလွတ်မြောက်ခဲ့ပေမယ့် သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များ သူတို့မျက်စိအောက်မှာ ကျဆုံးသွားတဲ့ အနိဋ္ဌာရုံမြင်ကွင်းကိုတော့ တစ်သက်မေ့ပျောက်မည်မဟုတ်ပါ။

နှစ်စဉ် အာဇာနည်နေ့ရောက်ရင် ပြည်သူအားလုံး ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ် သတိရကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နဲ့အတူ အစည်းအဝေးလုပ်နေပြီး လုပ်ကြံမှုကြီးက လွတ်မြောက်၍ သေကံမရောက် သက်မပျောက်ခဲ့သူတွေအကြောင်း သိသူနည်းပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးကိုရေးပြီး မျှဝေလိုက်ပါတယ်။

(၀န်ကြီးပျော်ဘွယ်ဦးမြသည် ၁၉၅၃ခုနှစ်၊ ဒီဇင်ဘာ၁၄ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီး ဆောင်းပါးရှင် မျိုးအောင်သည် ပျော်ဘွယ်ဦးမြ၏ ဆဋ္ဌမမြောက်သားဖြစ်သည်။)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့