Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 3 July 2013

ဧရာဝတီတိုင်းမှာ တောင်သူ ၄ ဦး ဖမ်းဆီးထိန်းသိမ်းခံရ

 ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရာဇူတိုင်ကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာက တောင်သူ ၇ ဦးကို သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲမှာ ထွန်ယက်စိုက်ပျိုးလို့ဆိုပြီး မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းက ဒီကနေ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

တောင်သူတွေအဖမ်းခံရတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး တောင်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီကွန်ရက်က ဦးကြည်လွင်က RFA ကို ပြောပါတယ်။

"ဒီကနေ့ ဖမ်းထားတဲ့အခြေအနေကတော့ အချိန်မီတိုင်ကြားပေမယ့် အချိန်မီဖြေရှင်းမပေးတဲ့ သူတို့အာဏာပိုင်တစ်စုက ပြည်သူကို မတရားဖမ်းတယ်လို့ ကျနော်တို့ကမြင်ပါတယ်၊ ဒီမနက် ၈ နာရီလောက်မှာ ခဏကိစ္စရှိလို့လိုက်ခဲ့ပါဆိုပြီးတော့ ကျိုက်ပိရဲစခန်းကနေ ၇ ဦးခေါ်တဲ့အခါ ၄ ဦးလက်ထိပ်ခတ်ပြီးတော့ မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းကို ခေါ်သွားတာခင်ဗျ၊ ကြိုင်တင်အကြောင်းကြားခြင်းလည်း ဘာတစုံတရာမှ မရှိပါဘူးခင်ဗျ"

တောင်သူ ၇ ဦးကို ရဲစခန်းက လာရောက်ခေါ်ဆောင်သွားပေမယ့် ညနေပိုင်းမှာ ၃ ဦးကို ပြန်လွှတ်လိုက်ပြီး ကျန် ၄ ဦးဖြစ်တဲ့ ဒေါ်တင်ငြိမ်း၊ ဦးစိုးသန်း၊ ဦးလှဌေး၊ ဦးမောင် တို့ကိုတော့ မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းမှာ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ၊ ၅ဝ၆ တို့နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တောင်သူတွေက ပြောပါတယ်။

တောင်သူ ၁၅ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၅ဝ ကျော်အတွက် အစိုးရကို ပေးရမယ့်အခွန်မပေးလို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ၁၉၉၈ ခုနှစ်အတွင်း သိမ်းယူခဲ့တာဖြစ်ပါတယ်။ တောင်သူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို သိမ်းယူခဲ့တဲ့ လယ်ယာမြေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ အဆင့်ဆင့် စာတင်ခဲ့ပေမယ့် အကြောင်းတစုံတရာ ထူးခြားမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါကြောင့် ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ ပြီးခဲ့တဲ့ ဇွန်လဆန်းကစပြီး သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေမှာ မနေ့ကအထိ ထွန်ယက်စိုက်ပျိုးခဲ့တဲ့အတွက် မြို့နယ်တရားသူကြီးရဲ့ ဖမ်းဝရမ်းအမိန့်နဲ့ အဖမ်းခံရတာလို့ တောင်သူတွေက ဆိုပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့