Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 4 July 2013

UWSA နှင့် အစိုးရတပ်တို့ တင်းမာ၊ တပ်လှန့်၍ ဆက်သွယ်ရေးလမ်းများ ဖြတ်တောက်ထား

 ချင်းမိုင်(မဇ္စျိမ)။   ။ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အစိုးရ တပ်တို့အကြား တင်းမာမှုများရှိနေပြီး ဝတပ်ဘက်မှ တပ်လှန့်ထားမှုများရှိသလို အစိုးရ ဘက်မှလည်း ဆက်သွယ်ရေးလမ်းများ ဖြတ်တောက်ထားသည်ဟု UWSA နှင့် စစ်ရေး လေ့လာသူများက ပြောသည်။

“နည်းနည်းတော့ တင်းမာနေတယ်။ ကျနော်တို့ ဝ နယ်မြေက အစိုးရက တပ်စခန်း ၄ ခုမှာ ၃ ခု သူတို့ ပြန်တောင်းလာတယ်။ အခုတော့ အဲဒီလိုပဲ တင်းမာနေတယ်။ ပစ်တာ ခတ်တာတော့ မဖြစ်လာဘူး။ တပ် စခန်းတွေက အမှတ် ၁၇၁ အဲဒီကြားမှာပဲ။ သူတို့ရဲ့ နယ်မြေ ဖြစ်တယ်လို့ ပြောတယ်။ အရင်က သူတို့ နယ်မြေဖြစ်တယ်” ဟု UWSA ဝိန်းကောင် ခရိုင် အတွင်းရေးမှူး ဦးစောလွင် က မဇ္စျိမကို ပြောသည်။

UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကလည်း မိုင်းတုံမြို့နယ်နှင့် မိုင်းစပ်မြို့နယ်ဘက်တွင် တင်းမာမှု များ ရှိနေသည်ဟု မဇ္စျိမကို ပြောသည်။

ဝ တပ်အနေဖြင့် ဆုတ်ခွာပေးမည် မဟုတ်သလို ကြီးကြီးမားမား တိုက်ပွဲ ဖြစ်မလာဘဲ မကြာမီ ရက်ပိုင်းအတွင် အဆင်ပြေသွားလိမ့်မည်ဟု ယူဆကြောင်း ဦးစောလွင်က ခန့်မှန်းသည်။

တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇော ကမူ အစိုးရတပ်အနေနှင့် ကျိုင်းတုံ-လားရှိုး ကားလမ်းမပေါ်တွင် ဝ တပ်များကို သွားလာခွင့် မပေးတော့ဘဲ စစ်ပွဲများ ဖြစ်ပွားစေရန် တမင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“အခြေအနေက မကောင်းဘူးလေ။ တင်းမာနေတာ ဖြစ်တယ်။ မြန်မာအစိုးရက တောင်နဲ့မြောက် ဆက်သွယ်ရေးကို ဖြတ်ထားတယ်။ ခုတရားဝင် လမ်းကြောင်းပေါ် သွားလို့ မရတော့ဘူး။ အရင်က ပန်ဆန်းကနေတောင်ပိုင်း ကျိုင်းတုံးဘက်ကနေ သွားလို့ ရတယ်။ အခု သွားလို့ မရတော့ဘူး။ စစ်ဖြစ်အောင် အစိုးရက လုပ်နေတာ။ တပ်စိုက်ထားတာ။ တိုက်ပွဲတော့ မဖြစ်ဘူး။ တိုက်ပွဲ ဖြစ်လောက်အောင် လုပ်နေတာ” ဟု မဇ္ဈိမကို ပြောသည်။

ထိုကဲ့သို့ တင်းမာမှုများကြောင့် မကြာမီက ဝ တပ်ဖွဲ့၏ တာချီလိတ်မြို့တွင် ဖွင့်လစ်ထားသော ဆက်ဆံရေးရုံး ကိုလည်း ဖြုတ်လိုက်ရသည်ဟု သူက ပြောသည်။

တချိန်တည်းမှာပင် ရှမ်းပြည် တောင်ပိုင်းတပ်မတော် (SSA/RCSS) ခေါင်းဆောင် ဗိုလ်ချုပ် ယွပ်ဆစ် က မိုင်းတုံမြို့နယ်ရှိ တပ်စခန်းတချို့ ဆုတ်ခွာပေးရန် တောင်းဆိုမှုများရှိသဖြင့် အစိုးရနှင့် ရှမ်းတပ်ဖွဲ့တို့က ၎င်းတို့ UWSA ကို ခြိမ်းခြောက်မှုများ ရှိနေသည်ဟု UWSA မှ ဦးစောလွင် က ဆိုသည်။

“အစိုးရလည်း ဒီလိုပဲ။ ကျနော်တို့လည်း နားမလည်ဘူး။ ယွပ်ဆစ်နဲ့ အစိုးရက ကျနော်တို့ ဝ ကို နည်းနည်း ခြိန်းခြောက်နေတယ်” ဟု ကောက်ချက်ချသည်။

သို့သော် စခန်းဆုတ်ပေးရန် SSA/RCSS က တောင်းဆိုသည်ဆိုသည်မှာ မဟုတ်ကြောင်း၊ ယခုရက်ပိုင်းအ တွင်း အစိုးရတပ်နှင့် SSA/RCSS တို့ ပူးပေါင်း၍ UWSA တပ်အား တိုက်ခိုက်မည် ဆိုသည့် ကောလာဟလ များ ထွက်ပေါ်နေခြင်းအပေါ် သံသယဖြစ်မိသည်ဟု SSA/RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း က ဆိုသည်။

“အခုတလော ဝ တွေကို ကျနော်တို့နဲ့ အစိုးရပေါင်းပြီးတော့ တိုက်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ လွှင့်ထားတာတွေ ရှိတယ်။ ဝ တပ်စွဲထားတဲ့ နေရာကို ကျနော်တို့က ဆုတ်ခိုင်းနေတယ် ဆိုတဲ့ သတင်းတွေ ကြားနေတယ်။ အဲဒီမှာ သံသယရှိစရာ စဉ်းစားချက် တခုတွေ့တယ်။ အရင်တုန်းကလည်း တိုက်ဖူးကြတယ်ဆိုတော့ အခုလည်း ဒီကိစ္စတွေကို ဖန်တီးပြီးတော့ တဖက်နဲ့ တဖက် အထင်အမြင်လွဲမှား ဖြစ်လာအောင် ဖန်တီးပေးတာမျိုး ရှိလာတယ်လို့ သုံးသပ်တယ်” ဟု မဇ္စျိမကို ပြောသည်။

ယခင် စစ်အစိုးရ လက်ထက်က ကျိုင်းတုံ စစ်တိုင်းမှူးက မိုင်းတုံကို ဝ တပ်ကို လွှဲပေးခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

“ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ။ တိုက်အောင် လုပ်နေတာလား။ ကျနော်တို့ နှစ်ဖက် ကိုယ်စားလှယ်တွေနဲ့ ဆက်ဆံကြပါတယ်။ အခုကျတော့ ဒီလိုအထင်မှား အမြင်မှားအောင် ကြားကနေ ဆွပေးတဲ့ ပုံစံဖြစ်လာတော့ စိတ်မကောင်းစရာပဲ။ အရင်တုန်းက မြန်မာအစိုးရနှင့် ကျနော်တို့ တိုက်ကြတယ်။ အဲဒီနောက်ပိုင်း ဝ တပ်ကို အဲဒီနေရာ လွှဲပေးလိုက်တယ်။ အဲဒီတုန်းကလည်း ဝ တပ်နဲ့ ရှမ်းတပ်ကို တိုက်ပွဲ ဖြစ်အောင် ဆွပေးလိုက်တာပဲ” ဟု ဆက်ပြောသည်။

လက်ရှိ နိုင်ငံ ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရန် UWSA က တောင်းဆိုမှုအပေါ် အစိုးရဘက်မှ မည်သို့ တုံ့ပြန်ခြင်း မရှိသေးပေ။

အခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် သတ်မှတ် ဖော်ပြထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့