Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

မေးခွန်းနှစ်စုံထုတ်ရာတွင် ပါဝင်သည့်အချက်အချို့ ရတနာပုံ တက္ကသိုလ်ဆရာ ဆရာမများ ကန့်ကွက်

 မန္တလေး၊ သြဂုတ် ၃

အဆင့်မြင့်ပညာ ဦးစီးဋ္ဌာန (အထက် မြန်မာပြည်) တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ် စာမေးပွဲ မေးခွန်းနှစ်စုံ ထုတ်ရာတွင် ပါဝင်သည့် အချက်အလက်အချို့နှင့် ပတ်သက်၍ ရတနာပုံတက္ကသိုလ် ဆရာ ဆရာမများ အစည်းအရုံးက ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

“အဆင့်မြင့်ပညာဦးစီးဋ္ဌာန (အထက်မြန်မာပြည်) က ထုတ်ပြန်တဲ့ အချက်တွေထဲက အချက်တစ်ချက်ဖြစ်တဲ့ မေးခွန်းများ ရိုက်နှိပ်ရန်အတွက် ဘာသာရပ် မေးခွန်းလွှာ နှစ်စုံအနက်တစ်စုံကို ပါမောက္ခချုပ် (သို့မဟုတ်) ဒုတိယပါမောက္ခချုပ်က ရွေးချယ်ရန်ဆိုတဲ့ အချက်ကို ကန့်ကွက်တာပါ” ဟု ယင်းအဖွဲ့ဝင် ဒေါက်တာစိုးမိုးအောင်က ဆိုသည်။

အဆိုပါအချက်သည် သက်ဆိုင်ရာ ဘာသာရပ် မေးခွန်းထုတ်သည့် ပါမောက္ခများ၏ ဂုဏ်သိက္ခာကို ထိခိုက်ပြီး ၎င်းတို့ကို ယုံကြည်မှု ကင်းမဲ့ရာ ရောက်စေခြင်းကြောင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယင်းတက္ကသိုလ်ဆရာ၊ ဆရာမများ အစည်းအရုံး၏ ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်ကို သြဂုတ်လ ၁ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လိပ်မူကာ အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) သို့ ထပ်ဆင့်ပေးပို့ခဲ့ကြောင်း ယင်းအစည်းအရုံးဝင်များထံမှ သိရှိရသည်။

မေးခွန်းများကို ပါမောက္ခချုပ်က ရွေးချယ်ရန်ဟူသော အချက်သည် သက်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး) များ၏ ဘာသာရပ်ဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထိန်းချုပ်ပြီး ဝင်ရောက် စွက်ဖက်သည်ဟု ယူဆကြောင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်တို့ အနေနှင့် ဘာသာရပ်ဆိုင်ရာ ကိစ္စများတွင် ပါမောက္ခ (ဌာနမှူး) များကဲ့သို့ မသိနိုင်ကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်များကို အကျွမ်းကျင်ဆုံးဖြစ်သည့် ပါမောက္ခ (ဌာနမှူး) များကသာ ရွေးချယ်ခြင်းနှင့် တာဝန်ခံခြင်းကို ပြုသင့်ကြောင်း ယင်းကန့်ကွက်စာတွင် ဖော်ပြထားသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနက စာမေးပွဲမေးခွန်း စနစ်တကျ ပြုစုနိုင်ရေးအတွက် ဌာနကြီးမှူး အဆင့်ဆင့်သို့ ညွှန်ကြားထားပြီး ဖြစ်ပြီး စာမေးပွဲမေးခွန်းများကို ဘာသာရပ် ဌာနမှူးများက ဦးစီး၍ ဘာသာရပ်ဆိုင်ရာ သင်ရိုးတာဝန်ခံများ ပါဝင်သောအဖွဲ့ဖြင့် စနစ်တကျ ပြုစုရန်၊ မတူညီသည့် မေးခွန်းလွှာနှစ်စုံ ပြုစုရန်၊ မေးခွန်းများ ဆီလျော်မှန်ကန်ရေး သင်ရိုးကာမိစေရေး အဆင့်မီစေရေးတို့ကို ဘာသာရပ်ဆိုင်ရာ ဌာနမှူးများ၊ ပါမောက္ခများက ဦးစီးကြီးကြပ်ရန်၊ မတူညီသည့် မေးခွန်းနှစ်စုံကို လျှို့ဝှက်အဆင့်ဖြင့် ချိတ်ပိတ်ပြီး ပါမောက္ခချုပ်ထံ အပ်နှံပြီး မေးခွန်းလွှာများကို အနည်းဆုံးနှစ်ဦးပါမှ ဖွင့်နိုင်သည့် သေတ္တာတွင်းထည့်၍ လုံခြုံခန်း၌ စနစ်တကျ သိမ်းဆည်းရန်တို့ ဖြစ်ကြောင်း ယင်းဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မေးခွန်းရိုက်နှိပ်ရန်အတွက် မေးခွန်းလွှာနှစ်စုံအနက် တစ်စုံကို ပါမောက္ခချုပ် (သို့မဟုတ်) ဒုတိယပါမောက္ခချုပ်က ရွေးချယ်ရန်၊ သင်ကြားရေးဆရာ၊ ဆရာမများ မပါဝင်သော စာမေးပွဲမေးခွန်း ထုပ်ပိုးရေးအဖွဲ့ကို ဖွဲ့စည်းပြီး ရွေးချယ်ပြီးသော မေးခွန်းများကို စနစ်တကျ ထုပ်ပိုး၍ အနည်းဆုံး သော့ဖွင့်သူနှစ်ဦးက လုံခြုံရေးခန်းတွင် သိမ်းဆည်းထားရန်၊ စာမေးပွဲ မေးခွန်းများကို သက်ဆိုင်ရာ စာမေးပွဲ ဖြေဆိုမည့် ဘာသာရပ်နေ့၏ ဖြေဆိုချိန် မတိုင်မီ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေဆိုရမည့် ဘာသာရပ်၊ နေ့ရက်၊ အချိန်၊ အခန်း၊ ဖြေဆိုသူဦးရေတို့ကို တိကျမှန်ကန်စွာ စိစစ်ပြီးမှ ထုတ်ပေးရန်တို့ ပါဝင်ကြာင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့