Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 22 March 2012

ဘုရားပွင့်ပေါ်လာခြင်းသည် ၀ိပဿနာအတွက်

ဝိပဿနာအကြောင်း သိသင့်တဲ့ အဓိပ္ပါယ်များကို ချုံငုံပြောပြမလို့ ဒီပို့စ်လေးကို ရေးတင်လိုက်တာပါ။ ၀ိပဿနာအကြောင်းမပြောမီ.. “ဘုရားပွင့်ပေါ်လာခြင်းသည် ၀ိပဿနာအတွက်”ဆိုတဲ့.. လပြည့်လေးရဲ့ Post-ခေါင်းစဉ်စကားကို နဲနဲပြောပြပေးမယ်။ ဒါနအမှု၊ သီလအမှု၊ သမထဘာဝနာ ကုသိုလ်များသည် ဘုရားသာသနာ ကွယ်ပနေတဲ့ အချိန်မှာလည်း ဖြည့်ဆည်းလို့ ရတဲ့ ကုသိုလ်ကောင်းမှုများ ဖြစ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့... ဘုရားလောင်းတော် ပါရမီဖြည့်စဉ်ကို လေ့လာကြည့်လိုက်ပါ... ဒါနပါရမီ၊ သီလပါရမီစသည့် ပါရမီ (၁၀)ပါးကို သာသနာပအခါမှာ ဖြည့်ကျင့်ခဲ့တာ များပါတယ်။
သမထဘာဝနာအကျင့် အနေနဲ့ကတော့ ဘုရားလောင်းတော်သည် ဗြဟ္မာ့ဘုံများသို့ ရောက်နိုင်တဲ့ အထိ ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ပါတယ်။

ဥပါသကာ+ ဥပါသိကာ၊ ဒကာ+ဒကာများ မဂ်, ဖိုလ်, နိဗ္ဗာန်ရဖို့ အတွက် “သာသနာပအခါမှာ ၀ိပဿနာအားထုတ်ဖို့ နည်းလမ်းပြနိုင်မည့်သူ မရှိပါ၊ နည်းလမ်းပြမည့်သူ မရှိသဖြင့် မဂ်, ဖိုလ်, နိဗ္ဗာန်လည်း မရနိုင်ဘူးလို့ ဆိုလိုတာပါ။
သာသနာပအခါမှာ “ပစ္စေကဗုဒ္ဓါအရှင်မြတ်များ” (သည်းခြား ဘုရားငယ်များ) ရှိ၍ ၀ိပဿနာရှိတယ်လို့ ဆိုလို့ရသော်ငြားလည်း ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် ၄င်းတို့ရဲ့ ပါရမီဖြည့်စဉ်အရ သူတို့ကိုယ်တိုင်သာ သိပြီး သူတစ်ပါးကို မဂ်, ဖိုလ်, နိဗ္ဗာန်ရအောင် ဟောပြောနိုင်စွမ်း မရှိပါဘူး။ ယင်းအတွက်ကြောင့် “ဘုရာရှင်ပွင့်ပေါ်လာခြင်းသည် ၀ိပဿနာအတွက်လို့” ပြောပြခြင်း ဖြစ်ပါတယ်။

တရားကျင့်နည်း (သမထ+၀ိပဿနာ)အကြောင်း
မြတ်ဗုဒ္ဓသာသနာမှာ အကျဉ်းနည်းအားဖြင့် ကျင့်စဉ် (၂)မျိုးရှိပါတယ်။ သမထကျင့်စဉ်နဲ့ ၀ိပဿနာကျင့်စဉ်တို့ ဖြစ်ပါတယ်။
၎င်း ၂-မျိုးတို့ရဲ့နောက်မှာ “ဘာဝနာ”လို့ ထပ်ထည့်ပေးလိုက်တော့ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာလို့ ဖြစ်ပွားလာပါတယ်။

နံပါတ်-၁-
“ဘာဝနာ” အကြောင်းကို ဆက်ပြောပြပါမယ်....
ဘာဝနာဆိုတာ....
ကုသိုလ်တရားများကို ဖြစ်စေတတ်၊ ပွားများစေတတ်၊ တိုးပွားစေတတ်ကြောင်း ဖြစ်လို့ ယင်းသဘောတရားကို “ဘာဝနာ”လို့ခေါ်ပါတယ်။

ဆိုလိုရင်းက... ကုသိုလ်တရားတိုးပွားအောင် အားထုတ်ရာ၊ အားထုတ်ကြောင်း (တနည်း) ပျံ့လွင့်နေတဲ့ စိတ်ကို ငြိမ်းအေး၊ တည်ငြိမ်အောင် လုပ်တဲ့ ဖြစ်တဲ့ ကုသိုလ်စေတနာကို ဆိုလိုတာပါ။
ပါဠိအကိုးသာဓက....ဘာဝေတိ ကုသလေ ဓမ္မေ အာသေ၀တိ ၀ဍ္ဎေတိ ဧတာယာတိ ဘာဝနာ။
ကျမ်းကိုး၊ ၊၀ိဘာဝိနီဋီကာ (ဋီကာကျော်)

၎င်း ဘာဝနာက-၂-မျိုးရှိပါတယ်။
၁။ သမထဘာဝနာ
၂။ ၀ိပဿနာဘာဝနာ

နံပါတ် -၂-
“သမထဘာဝနာ”-ဆိုတာ စိတ်ကို ညစ်ငြူစေကြောင်းဖြစ်တဲ့ (နီဝရဏ) တရားတွေကို တဒင်္ဂ၊ တခဏ ငြိမ်းအေးအောင် အားထုတ်ခြင်းပါ။

ဥပမာ။ ။ ကိုယ့်စိတ် မကြည်တဲ့အခါ
“အရဟံ-စတဲ့ဘုရားဂုဏ်တောက် စူးစူးစိုက်စိုက် ပွားတာမျိုး”
“သွာက္ခာတ=(ကောင်းစွာ ဟောတော်မူတတ်တရား) တရားဂုဏ်တော်များကို ပွားများတာမျိုး”
“သုပ္ပဋိပ္ပန္န=(ကောင်းစွာကျင့်ကြံနေတဲ့) သံဃာ့ဂုဏ်တော်-များကို ပွားများတာမျိုး”ပါ။
ယင်းကဲ့သို့ ပွားများခြင်းသည် မိမိတို့၏စိတ်ကို ပူလောင်စေတတ်တဲ့ ဒေါသစတဲ့ (နီဝရဏ)တရား၊ ပူပန်စေတတ်တဲ့ (ကိလေသာ)တရားတို့ အပြီးတိုင်တော့ မပယ်နိုင်ပါဘူး။ တဒင်္ဂငြိမ်းအေးယုံမျှပါ။ အဲဒီလို ပွားများတာကို “သမထဘာဝနာ”လို့ ခေါ်ပါတယ်။

ပါဠိသာဓက---- ပစ္စနီကဓမ္မေ (အဓိကရဏာနိ) သမေတိ, ၀ူပသမေတီတိ သမထော။
ငြိမ်းအေးခြင်း၏ ဆန့်ကျင်ဘက် ပူလောင်စေတတ်တဲ့ နီဝရဏ(ကိလေသာ)တရားတို့ကို ငြိမ်းအေး စေတတ်သောကြောင့် (သို့မဟုတ်) တဒင်္ဂတခဏငြိမ်းအေးစေတတ်တဲ့ အကျင့်ဖြစ်သောကြောင့် သမထ။

ကျမ်းကိုး။ ။အဘိ၊ ဋ္ဌ၊ ၁။ ၁၇၅။ ကင်္ခါ။ ၂၈၉။ နီတိ၊ သုတ္တ။ ၁၂၃၆။ ကမထ-သံ။ သမထ-သက္ကတပိဋက)
နံပါတ် -၃-
ဝိပဿနာဘာဝနာဆိုတာ
ရုပ်+နာမ်သင်္ခါရတရားတို့ကို အနိစ္စ (ခိုင်မြဲခြင်းမရှိ)၊ ဒုက္ခ (ဆင်းရဲအတိသာဖြစ်)၊၊ အနတ္တ (ကိုယ်ဖြစ်ချင်သလို မဖြစ် အစိုးမရ)ဟူသော သဘောတရား အခြင်းအရာအားဖြင့် အထူးသဖြင့် (အထူးထူးအပြားပြားအားဖြင့်) ရှုတတ်သောကြောင့် “၀ိပဿနာ”လို့ ခေါ်ပါတယ်။
နောက်တနည်းက.....(ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ)ဟူသော ဘုံသုံးပါ၌ ဖြစ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”ဟု အဖန်ဖန် ရှုတတ်၊ ရှုကြောင်း ဖြစ်သော ပညာသည် “၀ိပဿနာဘာဝနာ”မည်၏။

ပါဠိသာဓက။ ။အနိစ္စာဒိဝသေန ၀ိဝိဓေန အာကာရေန ပဿတီတိ ၀ိပဿနာ။
ကျမ်းကိုး၊ ၊အဘိ၊ ဋ္ဌ၊ ၁။ ၉၅၊ ၁၉၂။ သင်္ဂဟ၊ ၉။ ၁။ ၀ိဘာဝိနီ၊ ၂၅၆။ မဏိမဉ္ဇူ၊ ၂။ ၄၇၃။

သမထဘာဝနာနှင့် ၀ိပဿနာဘာဝနာ -၂-မျိုးအထူးက..
သမထဘာဝနာသည် “သမာဓိ-Concentration” ဦးစီးပါတယ်။ သမထဘာဝနာကို အားထုတ်ခြင်းသည် မိမိစိတ်အပူအပင်များကို တဒင်္ဂ၊ တခဏမျှသာ ငြိမ်းအေး စေနိုင်ပါတယ်။
ဤဘာဝနာအားထုတ်ခြင်းဖြင့် အမြင့်ဆုံး “ဈာန်”တရားသာ ရနိုင်၏။ ဆန့်ကျင်ဘက်အကြောင်း တခုခုတိုက်ဆိုင်မှု ဖြစ်လာလျှင် ထိုဈာန်မှ လျောကျနိုင်သည်။ အပါယ်ဘ၀မှ မလွတ်သေးပါ။

ဥပမာ... အရှင်ဒေ၀ဒတ်လိုမျိုးပါ။ အရှင်ဒေ၀ဒတ် လောကီဈာန်ရ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူသည် ဘုရားအပေါ်မှာ ပြစ်မှားမှုတွေကြောင့် မိမိရထားသော ဈာန်မှ လျောကျခဲ့ရပါတယ်။ နောက်ဆုံး အပါယ်အထိရောက်အောင် ဒုက္ခပေးခြင်း ခံခဲ့ရပါတယ်။
ဆိုလိုတာက...
သမထဘာဝနာသည် ကိလေသာတရားတွေကို အမြစ်ပြတ်အောင် မပါယ်နိုင်သောကြောင့် အပါယ်က မလွတ်သေးဟု ဆိုလိုခြင်းပါ။

ဝိပဿနာဘာဝနာသည် “ပညာ-Wisdom” ဦးစီးပါတယ် ၀ိပဿနာဘာဝနာကို အားထုတ်ခြင်းသည် ပထမမဂ်ဖြစ်တဲ့ (သောတာပန်) ဖြစ်အောင် ကျင့်နိုင်လျှင် မိစ္ဆာဒိဋ္ဌိ (မှားယွင်းတဲ့ အယူ)၊ ၀ိစိကိစ္ဆာ (ဘုရားတရားသံဃာစသည် အပေါ်မှာ ယုံမှားသံသယဖြစ်မှု) တွေကို ပယ်သတ်နိုင်သဖြင့် အပါယ်ဘ၀မှ ကင်းလွတ်တဲ့ “သောတာပန်” အရိယာပုဂ္ဂိုလ်စာရင်းဝင် ဖြစ်သွား၏။ သူသည် ဘယ်သောအခါမှ အပါယ်ရောက်စေမည့် မကောင်းမှုများကို မပြုတော့ပါ။
သောတာပန်ပုဂ္ဂိုလ်အဆင့်သည် အိမ်ထောင်၊ သားမွေး စီးပွားရှာခြင်း အမှုများ လုပ်ကိုင်ပါသေးတယ်။
ဥပမာ။ ။ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဌေး၊ ပုပ္ဖာရုံကျောင်းအမ ၀ိသာခါတို့လိုမျိုး အရိယာများ ဖြစ်ပါတယ်။

သောတာပန်ဖြစ်ပြီး ၀ိပဿနာတရားကို ဆက်လက်ရှုပွားလျှင် “သကဒါဂါမ်” ဖြစ်ပါမယ်။
သကဒါဂါမ်အဓိပ္ပါယ်= သကဒါဂါမ်ဘ၀နဲ့ သေသွားလျှင် တကြိမ်သာလျှင် လူ့ဘုံ၊ နတ်ဘုံလို့ ခေါ်တဲ့ ကာမဘုံကို ပြန်လာနိုင်တဲ့အတွက် “သကဒါဂါမ်”လို့ ခေါ်တာပါ။
သူသည် ကိလေသာအပူတရားများကို ပယ်သတ်နိုင်တဲ့ တရားမရှိပါ၊ ဒေါသစတဲ့ အပူတရားများ ပိုပြီးသိမ်မွေ့သွားအောင်ပဲ ကျင့်ကြံနိုင်တာပါ။
ဒေါသတရား၊ ကာမဂုဏ်တရားများကို လုံးဝကင်းစင်အောင် မပယ်နိုင်သေးပါ။ ဒါကြောင့် သူသည် ကြောက်ရွံ့မှု မကင်းသေးသလို၊ အိမ်ထောင်သားမွေးမှုလည်း ရှိပါသေးတယ်။

သကဒါဂါမ်ပုဂ္ဂိုလ်သည် ဆက်လက် တရားအားထုတ်လျှင် “အနာဂါမ်”ဖြစ်ပါမယ်။
အနာဂါမ်ပုဂ္ဂိုလ်သည် “ဒေါသ”တရားကိုလည်း ပယ်သတ်တယ်၊ ကာမဂုဏ်တရားများကိုလည်း ပယ်သတ်တယ်။
အနာဂါမ်ပုဂ္ဂိုလ်အဓိပ္ပါယ်= သူသည် အနာဂါမ်ဘ၀နဲ့ သေသွားလျှင် လူ့ပြည်၊ နတ်ပြည်လို့ခေါ်တဲ့ ကာမဘုံများမှာ မဖြစ်နိုင်တော့ပါ၊

သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ဘ၀များအတွက် ရောက်ရာဘုံဌာနသည် ဗြဟ္မာ့ပြည်ပဲ ဖြစ်ပါတယ်။ လူ့ဘုံ၊ နတ်ဘုံများမှာ ပြန်လည် မဖြစ်နိုင်တော့လို့ “အနာဂါမ်”လို့ ခေါ်တာပါ။ အနာဂါမ်ပုဂ္ဂိုလ်အဆင့် ရောက်ပြီးသူများသည် “ဒေါသ”ကို အခြေခံပြီး ဖြစ်တဲ့ ကြောက်ခြင်း၊ စိတ်တိုခြင်းစတဲ့ အရာမျိုး ဘယ်အကြောင်းကြောင့်မှ မဖြစ်တော့ပါ။
သူ့အနီးအပါးမှာ မိုးကြိုးပစ်သော်လည်း ကြောက်လန့်ခြင်း မဖြစ်တော့ပါ။ သေရမှာ တကယ် မကြောက်တာသည်လည်း ဒီအနာဂါမ်အဆင့်မှာပဲ ဖြစ်တာပါ။
ယနေ့ခေတ် လူတချို့ ပြောနေကြတဲ့ “ငါသေရမှာ မကြောက်ဘူး”လို့ ပြောနေကြတာသည် စိတ်ဆိုးလို့၊ မခံချင်လို့ ပြောခြင်းမျှသာ ဖြစ်ပါတယ်။
နောက်တခု အနာဂါမ်ပုဂ္ဂိုလ် ကာမဂုဏ်တရားများကို ပယ်နိုင်သဖြင့် ပျော်ပါးမှုနဲ့ ဆိုင်တဲ့ အိမ်ထောင်သားမွေးမှုစတဲ့ ကာမဂုဏ်တရားများကို မပြုတော့ပါ။
နောက်ဆုံး ပုဂ္ဂိုလ်က “ရဟန္တာ”ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူသည် အပူတရား (ကိလေသာတရား) အားလုံးကို ပယ်သတ်တဲ့ အဆင့်ဖြစ်သဖြင့် တကယ် ငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်အစစ် ဖြစ်သွားပါတယ်။ “ပူဇော်အထူးကို တကယ်ခံယူထိုက်တဲ့ ပုဂ္ဂိုလ်”လို့ အဓိပ္ပါယ်ရပါတယ်။
ဝိပဿနာနဲ့ ဆက်စပ်၍ သိသင့်တဲ့ အဓိပ္ပါယ်အကျဉ်းချုပ်ကတော့ ဒီမျှသာ။

သိသင့်တဲ့ ဘာသာရေး အသိတရားများ တိုးပွားကြပါစေ....
ဒီပို့စ်လေးနဲ့အတူ နှစ်သစ်မှာ အကြံကောင်း၊ ဉာဏ်ကောင်းများ တိုးပွားကြပါစေ
ပေါ်ပေါက်လာတဲ့ အကြံကောင်း၊ ဉာဏ်ကောင်းများကိုလည်း
အကောင်ထည် ဖော်နိုင်ကြပါစေကြာင်း
နှစ်သစ်ဆုမွန်ကောင်း တောင်းလျက်
ป้าย: ၀ိပဿနာ
ก่อนหน้า: ပါချုပ်ဆရာတော်ဒေါက်တာ ဦးနန္ဒမာလာဘိဝံသ၏ တရားစာအုပ်များ
ถัดไป: ဗုဒ္ဓဘာသာအစစ် တကယ်ဖြစ်ပြီလား?
ตอบกลับ
လပြည့်လေး ဆီမှ မျှဝေတင်ပြလိုက်ပါတယ်။
ဘုရားဖြစ်အောင် ဘယ်တရားကို အားထုတ်ခဲ့တာလည်း ၀ိပဿနာလား သမထလား ဆိုတော့
ဝိပဿနာကြောင့်လို့ သိစေချင်လို့

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့