Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

ပြောင်းလဲတယ်ဆိုတာ သေချာပြီလား

ပြောင်းလဲတယ်ဆိုတာ သေချာပြီလား

m ·
ခုတလော အပြောင်းအလဲ ဆိုတဲ့ စကားလုံးတွေ ဟိုဂျာနယ် ဒီဂျာနယ်တွေမှာ ဖတ်နေရပါတယ်။ စင်္ကာပူမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းများနဲ့ အွန်လိုင်းပေါ်က မိတ်ဆွေများကလည်း မေးကြပါတယ်။ မြန်မာပြည်ကြီး တကယ် ပြောင်းလဲ နေပြီလားတဲ့။ ပြန်လာဖို့ သင့်ပြီလားတဲ့။ ကျွန်တော် ပြန်ရောက်တာ သိပ်မကြာသေးတော့ ခုထိ နယ်မသွား ဖြစ်သေးပါဘူး။ လက်ရှိ ကြုံတွေ့ရသမျှကတော့ ဟန်ထူးလွင် သီချင်းထဲကလို ”အရင်အတိုင်း ရန်ကုန်” ပါပဲ။ တချို့ တချို့သော ကိစ္စတွေ အတွက် အပြောင်းအလဲရဲ့ သက်ရောက်မှု ရှိဖို့ လုံလောက်တဲ့ အချိန်တစ်ခု ပေးရမယ် ဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ဥပမာ ပြောရရင် ပညာရေး ပြောင်းလဲမှုမျိုးပေါ့။ သင်ရိုးအသစ်တွေ၊ သင်ကြားပုံ အသစ်တွေ ပြင်ဆင်ရမယ်။ ကျွမ်းကျင်တဲ့ ဆရာ၊ဆရာမတွေ ဖြစ်လာအောင် မွမ်းမံရမယ်ဆိုတာတွေ အတွက် အချိန် ပမာဏ တစ်ခု လိုအပ်ပါတယ်။ ဒါပေမယ့် တချို့ တချို့သော အပြောင်းအလဲတွေကတော့ အချိန် အများကြီး ယူပြီး ပြုပြင် ပြင်ဆင်ရမယ့် အပြောင်းအလဲတွေ မဟုတ်ဘူးလို့ ယူဆပါတယ်။

မလိုအပ်တဲ့ အဆင့်များ လျှော့ချပါ

ရုံးလုပ်ငန်းကိစ္စတွေမှာ ပြည်သူတွေ ဆောင်ရွက်ရတဲ့ အဆင့်တွေ များပြား ရှုပ်ထွေးလွန်းလှတာမို့ လုပ်ဆောင်ရသူတွေ အတွက်ေ၀၀ါးစေသလို လုပ်ငန်းအဆင့်ဆင့်မှာ ကြန့်ကြာစေတာနဲ့ အမျှ အဂတိလိုက်စားမှု ဖြစ်ပွားအောင် အားပေးအားမြှောက် ပြုနေသလို ရှိပါတယ်။ အစိုးရ ဌာနတိုင်းမှာ “မလိုအပ်သော အဆင့်များ လျှော့ချရေး လုပ်ငန်းကော်မတီ” တွေ ဖွဲ့စည်းပြီး လက်ရှိထက် ပိုမို ထိရောက် လွယ်ကူအောင်၊ ပွင့်လင်းမြင်သာမှု ရှိအောင် ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာတွေကို ရှာဖွေ သုံးသပ် အဖြေရှာပြီး လတ်တလော ဆောင်ရွက်ရမည်များနဲ့ ရေရှည်စီမံကိန်းများ ချမှတ် ဆောင်ရွက်ရမည်များ ဆိုပြီး ခွဲခြား အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းမှာ ”မလိုအပ်သော အသုံးစရိတ်များ (Transaction Cost) လျှော့ချရေး” ဆိုပြီး ထည့်သွင်း ပြောကြားသွားပါတယ်။ “မလိုအပ်သော အဆင့်များ လျှော့ချရေး” ကိုလည်း အလေးပေး ဆောင်ရွက်သင့်ပါတယ်။

ကိုယ်တွေ့ အတွေ့အကြုံအရ အစိုးရဘဏ်တစ်ခုမှာ ဘဏ်စာရင်းဖွင့်တာ ၂ ရက်တိတိ ကြာပါတယ်။ ဟိုကောင်တာ ဒီကောင်တာ ကူးနဲ့ ချွေးတလုံးလုံး သွားလာခဲ့ရတာပါ။ ကွန်ပျူတာ စနစ်သုံးနေပေမယ့် ကောင်တာတစ်ခုကနေ တစ်ခုကို စာရွက်တွေ တထပ်ကြီး သယ်ပြီး သွားနေရတာပါ။ ဘဏ်စာရင်းဖွင့်တဲ့ ကောင်တာမှာ ကွန်ပျူတာကနေ ဘဏ်စာရင်းနံပါတ်ကို စာရွက်အသေးလေးနဲ့ ထုတ်ပေးလိုက်ပါတယ်။ အဲဒါကို မိတ္တူ တင်ဖို့လိုတယ် ဆိုလို့ ဘဏ်ကနေ အပြင်ကို တခေါက်သွားပြီး မိတ္တူဆွဲရပြန်ပါတယ်။ အဲဒီမှာ တခါတည်း ၂ ခု ထုတ်လုပ်ရင် မရဘူးလားလို့ တွေးမိပါတယ်။ ဘဏ်မှာ ငွေသွင်းတဲ့အခါ မိမိသွင်းမယ့် နိုင်ငံခြားငွေတွေကို တစ်ရွက်ချင်းစီ နံပါတ်ရေးခိုင်းပါတယ်။ ရေးချင်ရာ စာရွက်မှာ ရေးလာခဲ့လို့ မရပါ။ ဖောင်ဝယ်ရပါတယ်။ ဖောင်တစ်စောင်မှာ အမှတ်စဉ် ၅၀ အထိပဲ ပါတာမို့ ဒေါ်လာ ၁ သောင်း သွင်းမယ့်သူဟာ ဒေါ်လာ ၁၀၀ တန်တွေ ရေးရမယ့် ဖောင် ၂ စောင် ၀ယ်ရမှာ ဖြစ်ပြီး အမှတ်စဉ် ၁ က နေ ၅၀ အထိ တစ်စောင်စီ နံပါတ်တွေ ချရေးရမှာပါ။


ပြည်သူ့ဝန်ထမ်းလား ပြည်သူ့ဝန်ထုတ်ဝန်ပိုးလား

“ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ဆိုသလို ပြည်သူ့ဝန်ထမ်း မပီသတဲ့ ပြည်သူ့ ၀န်ထုတ်ဝန်ပိုးတွေ ရှိနေဆဲပါ။ ပြည်သူ့ ၀န်ထမ်းလစာနဲ့ မလောက်ငလို့ မိုးခါးရေလေး သောက်ရတာပါ ဆိုပြီး စိန်နားကပ် တ၀င်းဝင်း ဖြစ်နေတဲ့ ၀န်ထမ်းမမများ၊ နိုင်ငံတော်က တံတားကြီးတွေ ဆောက်လိုက်၊ ဆည်ကြီးတွေ ဆောက်လိုက်တိုင်း သူတို့အတွက် တိုက်တွေ၊ ကားတွေ အလျှိုလျှို ပေါ်လာလိုက် ဖြစ်နေတဲ့ အင်ဂျင်နီယာကိုကိုများ စသဖြင့် ကြားနေရတာ ကြာပါပြီ။

ဒီမှာလည်း ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို ဝေ မျှချင်ပါသေးတယ်။ ၈မိုင်က အစိုးရရုံး တစ်ခုမှာပေါ့ဗျာ။ မော်တော်ကား တင်သွင်းခွင့်ပြုဖို့ လျှောက်လွှာတင်ဖို့ အရေး မနက် ၁၀ နာရီခွဲ လာခဲ့ဖို့ ချိန်းထားပေမယ့် ၁၁ နာရီခွဲခါနီး အထိ တာဝန်ခံမမက မရောက်လာသေးပါဘူး။ သည်းခံခြင်းပါရမီ ရင့်သန်လာအောင် ကျင့်ပေးနေသလားလို့ မသိပါဘူး။ အဲဒီ တာဝန်ခံမမ ရောက်လာပြီး အလုပ်စလုပ်တော့ ၁၂ နာရီထိုးခါနီးနေပါပြီ။ လျှောက်လွှာတင်တဲ့အခါ ဓာတ်ပုံ ၂ ပုံကို ပလတ်စတစ်အိတ်နဲ့ ထည့်ရမယ်ဆိုပြီး လုပ်နေလို့ ကွမ်းယာဆိုင် ပြေးပြီး ပလစ်စတစ် အကြည်အိတ် အသေး ၂ လုံး သွားတောင်းရပါသေးတယ်။ ကျွန်တော့်အလှည့်ရောက်တော့ လျှောက်လွှာတင်ဖို့ စီစစ်တယ်ပေါ့ဗျာ။ ပြီးတော့ ဖိုင်တစ်ခုထဲ ထည့်လိုက်ပြီး နောက်တစ်ဆင့် အနေနဲ့ တစ်နေရာမှာ သွားပြီး မှတ်ပုံတင်ဖို့ ပြောပါတယ်။ ဖိုင်ဖိုးလည်း စေတနာရှိသလောက် ပေးခဲ့ပါတဲ့။ အမှန်အတိုင်း ပြောရရင်တော့ စေတနာ မရှိဘူးဗျာ။ သူ့အလုပ်သူလုပ်တာပဲလေ။ ဒါနဲ့ ၅၀၀ တန် တစ်ရွက် ထုတ်ပေးလိုက်တော့ သိပ်မကြည်ပါဘူး။ ၁၀၀၀ တန်ပေးမှ ကျေနပ်မှာလား မသိပါဘူး။ တစ်ရက်ကို လျှောက်လွှာလာတင်ကြသူတွေ ရာဂဏန်းမက ရှိတယ်ဗျ။ ကျွန်တော် လှည့်အထွက်မှာ အဲဒီ တာဝန်ခံမမရဲ့ စိန်နားကပ်က အရောင် လက်ကနဲ ဖြစ်သွားတယ်။ ကျွန်တော့် မျက်လုံးထဲမှာတော့ စိန်နားကပ်ပန်ထားတဲ့ ငါးခုံးမတစ်ကောင်ကို တွေ့လိုက်တယ်။

ဒါနဲ့ပဲ လျှောက်လွှာတင်ဖို့ မှတ်ပုံတင်တယ်လဲ ဆိုရော မှတ်ပုံတင်ခဆိုပြီး ထပ်တောင်းပြန်ရောဗျ။ မှတ်ပုံတင်တယ်ဆိုတာ ဖိုင်ထဲ ထည့်ထားတဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြီး စာအုပ်ကြီးထဲထည့်၊ တံဆိပ်တုံးလေး တစ်ခု ထုပြီး အမှတ်စဉ်လေး ရေးပေးလိုက်တာပါ။ ခုနက ၅၀၀ ပေးထားတဲ့ ဖိုင်ကလေးကိုလည်း ဘေးနားမှာ ချထားလိုက်ပြီးပြီ ခင်ဗျ။ မကြာခင်မှာပဲ အဲဒီ ဖိုင်အလွတ်တွေက ခုနက တာဝန်ခံမမဆီ တကျော့ပြန် ရောက်သွားဦးမှာ မြင်ယောင်ပါသေးတယ်။

လကမ္ဘာမှာလား ရန်ကုန်လား

ကားပါမစ်ကလေးများ ကံကောင်းထောက်မလို့ ရခဲ့လို့ ကားအသစ် တစ်စီး သွင်းဖြစ်တဲ့အခါ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်မှာ မောင်းဖို့ကိုတော့ ကြိုတွေးပြီး အတော်လေး နှမြောတသဖြစ်မိပါတယ်။ ချိုင့်တွေ ခွက်တွေ ဟိုရှောင်ရ ဒီတိမ်းရနဲ့ လကမ္ဘာပေါ် ကားမောင်းခြင်းပေါ့ဗျာ။ ရန်ကုန်ပြန်ရောက်ပြီးကတည်းက လမ်းလျှောက်တဲ့အခါလည်း ငိုက်စိုက်ငိုက်စိုက်နဲ့ လျှောက်နေဖြစ်တာ များတယ်။ အောက်မကြည့်ပဲ လျှောက်ရင် အပေါက်ကျွံမှာ ကြောက်လို့ဗျ။ ပလက်ဖောင်းမှာ အပေါက်တွေရယ်၊ ခဲတွေ ထိုးထိုးထောင်ထောင်ရယ်နဲ့ပေါ့။ လမ်းလျှောက်ရင်း လေကောင်းလေသန့် ရှူမယ် စိတ်ကူးထားသလား။ ကားအိပ်ဇောပိုက်တွေက ထွက်တဲ့ အနံ့အသက်တွေကလည်း အတော်လေးကို ဒုက္ခပေးတာဗျ။ သမ္မတရုံရှေ့နားက လူကူးမျဉ်းကြားမှာတော့ စင်္ကာပူမှာလို ခလုတ်လေး နှိပ်ပြီး လမ်းကူးဖို့ နေရာတစ်ခု ရှိတယ်။ ခလုတ်ကတော့ ပျက်နေပါပြီ။ လမ်းကူးဖို့ မီးစိမ်းနေပေမယ့် လမ်းကူးနေတဲ့ ကျွန်တော့်ဆီ ဦးတည်လာနေတဲ့ ကားတွေက အရှိန် မလျှော့ဘူးဗျ။ ကားတွေ တ၀ီဝီ ဖြတ်နေတဲ့ ကြားကနေ လမ်းကူးရတဲ့ အရသာမျိုး စင်္ကာပူမှာ မရနိုင်ဘူးဗျ။ ကျွန်တော် ရောက်ဖူးတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ လူကို ကားက အမြဲတမ်း ဦးစားပေးတတ်ကြပေမယ့် ဒီမှာတော့ ကားပေါ်က သူကို ဦးစားပေးရတဲ့ အနေအထားကိုး။ ကိုလိုနီ အမွေဆိုးလို့ ဟိုးတုန်းက နာမည်တတ်ခဲ့ကြသလို ဒါတွေဟာလဲ အာဏာရှင် စနစ်ရဲ့ အမွေဆိုးတွေပါပဲ။ အားကြီးတဲ့သူက သာစမြဲဆိုတဲ့ ခပ်ညံ့ညံ့ ခေတ်ဟောင်း အတွေးနဲ့ သူတွေကတော့ ခေတ်ပြောင်း စနစ်ပြောင်းမှာ အိပ်မက် အဟောင်းတွေ ဆက်မက်နေကြတုန်းပဲ။

ဒီလောက်နဲ့တော့ မရသေးဘူး

ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင်တော့ နေရာတကာမှာ ပွဲစားတွေ ကြီးစိုးနေသေးတယ်။ ပြည်သူ့ ၀န်ထမ်း အတော်များများက အခွန်ထမ်းပြည်သူကို ငေါက်လားငန်းလား လုပ်တုန်းပဲ။ ပွင့်လင်းမြင်သာမှုဆိုတာ လူကြားကောင်းအောင် ပြောရုံသက်သက် စကားဖြစ်ပြီး ဒီမိုကရေစီ နံနက်စာနဲ့ တွဲဖက် လုပ်စားနေကြတယ်။ ဘဏ်စနစ် မပီပြင်ဘူး။ ဘဏ်စာရင်းဖွင့်ရတာ မလွယ်ဘူး။ အေတီအမ်တွေ များများစားစား မရှိသေးဘူး။ စိတ်ချရအောင် ဆိုပြီး အစိုးရဘဏ်မှာ ငွေအပ်ထားတာ တစ်ပတ်မှာ ၁ ကြိမ်ပဲ ထုတ်ခွင့်ရှိတယ်ဆိုလို့ အံ့သြမဆုံးဘူး။ နိုင်ငံရပ်ခြားမှာတော့ ငွေများများ ပိုက်ဆံအိတ်ထဲ မသယ်ဘဲ လိုမှ အေတီအမ်က ထုတ်သုံးတာ များပါတယ်။ ကုမ္ဗဏီတစ်ခု ထောင်ချင်ရင် လုပ်ငန်း အဆင့်ဆင့် ဖြတ်သန်းနေရ ပေးကမ်းနေရဆဲပဲ။ မြန်မာပြည် တိုးတက်ချင်တာလား။ ဒီလောက်နဲ့တော့ မရသေးဘူး ဆိုတာ ပြောလိုက်ချင်တယ်။ မလုပ် မရှုပ် မပြုတ်နဲ့  ဖြစ်သလို လုပ်ခဲ့တဲ့ စနစ်ဆိုး တစ်ရပ်ကို ဖြတ်သန်းခဲ့လို့ တိုင်းပြည်တစ်ခုလုံး နစ်နာခဲ့ရပြီးပါပြီ။ မိအေး နှစ်ခါနာတော့ မဖြစ်ပါစေနဲ့လို့ တာဝန်ရှိသူများကို တိုက်တွန်းလိုက်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့