Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 17 June 2013

ဗလီအတွင်းသို့ ဗုဒ္ဓဘာသာရဟန်းတော်များ ပထမဆုံး ဝင်ရောက်လေ့လာ

ပုံစာအညွှန်း - အစ္စလာမ်ဘာသာရေး အဆောက်အအုံအတွင်းသို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဝင်ရောက်လေ့လာခြင်းဖြင့် ဘာသာချင်းချစ်ကြည်ရင်းနှီးမှုကို ရရှိစေနိုင်မည်ဟု ဆိုသည် (ဓာတ်ပုံ - ဝလုံး) ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ C.S အာရ်ကာတီ ဂျာမေဗလီကြီးအတွင်းသို့ ဇွန် ၁၆ ရက် နံနက်က ဘုန်းတော်ကြီးအချို့ ဝင်ရောက်လေ့လာခဲ့သည်။

ဝင်ရောက်လေ့လာသည့် ဆရာတော်များမှာ ရွှေဝါရောင်သံဃာ့ကွန်ရက်မှ အရှင်ပဏ္ဏဝံသနှင့် အင်းစိန်မိုဘိုင်း ဆွမ်းလောင်းအသင်းမှ အရှင်စန္ဒသီရိ(သစ္စာရှင်)တို့ ဖြစ်ကြသည်။

ဗလီသို့ ဆရာတော်နှစ်ပါးရောက်ရှိချိန်တွင် ဗလီအကြီးအမှူးများနှင့် အစ္စလာမ် ဘာသာရေးခေါင်းဆောင်အချို့က ကြိုဆိုခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ယခုကဲ့သို့ ဗုဒ္ဓဘာသာရဟန်းတော်နှစ်ပါး အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီအတွင်းသို့ဝင်ရောက်လေ့ လာမှုသည် ပထမဆုံးဖြစ်ပြီး ယင်းကိစ္စကို ဘာသာပေါင်းစုံမှ လူငယ်များဖြင့်ဖွဲ့စည်းထားသည့် Pray for Myanmar အဖွဲ့က ကမကထပြုခြင်း ဖြစ်သည်။

Pray for Myanmar အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက အခြားဘာသာဝင်များအနေဖြင့် ဗလီများကို ဝင်ရောက်လေ့လာ သင့်ကြောင်း၊ သို့မှသာ ကောလာဟလများ နည်းပါးသွားပြီး ပဋိပက္ခများ နည်းပါးသွားစေနိုင်ကြောင်း ဆရာတော် နှစ်ပါး ဗလီသို့ လာရောက်လေ့လာသည့် အခမ်းအနားတွင်ပြောခဲ့သည်။

ဗလီအတွင်းသို့ဝင်ရောက်လေ့လာသည့် ဆရာတော် အရှင်ပဏ္ဏဝံသက ''မြန်မာလူမျိုးတွေက စပ်စုချင်တဲ့ နေရာ မှာတော့ စပ်စုတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး ဘယ်တော့မှ မစပ်စုဘူး။ ဘာသာရေး အဆောက်အအုံတွေမှာရှိတဲ့ စည်းကမ်းတောင်မသိကြဘူး'' ဟု မိန့်သည်။

C.S အာရ်ကာတီဂျာမေဗလီမှ ရှေ့ဆောင်ဗလီဆရာ ဦလှမြင့်ကလည်း ''ကျွန်တော်တို့ ဗလီတွေက ဖွင့်ချိန် ပိတ်ချိန်ရှိတော့ တံခါးပိတ်ထားတဲ့အတွက် ဘယ်သူမှ မဝင်ရဲကြဘူး။ မဝင်ရဲကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် စိမ်းနေပြီး မဝင်ဖြစ်ကြတာပါ'' ဟု မှတ်ချက်ပြုသည်။

ရန်ကုန်မြို့တွင်းရှိ အစ္စလာမ်ဗလီများအတွင်းသို့ မည်သည့်ဘာသဝင်မဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း မြန်မာ မူဆလင်အဖွဲ့ချုပ် ဓမ္မသတ်မှူးက ဖိတ်ခေါ်လိုက်ပြီး လေးရက်အကြာတွင် ဗုဒ္ဓဘာသာဝင် သံဃာတော်များ ဗလီအတွင်းသို့ ယခုလို ဝင်ရောက်လေ့လာကြခြင်းဖြစ်သည်။

ထိုသို့ဖိတ်ခေါ်ကြောင်းကို မူဆလင်များအပေါ် အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ''ဗလီတွေမှာ ဘာစစ်သင်တန်း၊ လက်နက်မှ သိုလှောင်ထားတာ မရှိပါဘူး၊
နောင်လည်း ရှိလာမှာမဟုတ်ပါဘူး။ လက်နက်တွေသိုလှောင်ပါတယ်လို့ သံသယရှိခဲ့ရင်မည်သည့်ဘာသာဝင်မဆို သတ်မှတ်ထားတဲ့ ဘာသာရေးဝတ်ပြုချိန်တွေမှာ ဗလီအတွင်းကို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်'' ဟု သူကပြောကြားခဲ့သည်။

အစ္စလာမ်ဘာသာဝင်တို့၏ ဓလေ့ထုံးစံအရ ဗလီများအတွင်းသို့ အမျိုးသမီးများကိုတော့ ဝင်ခွင့်မပေးကြောင်းကို ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ အစ္စလာမ် ဘာသာဝင် ကိုရှိုင်းက ပြောသည်။ ရန်ကုန်တွင် အမျိုးသမီးများ ဝတ်ပြုသည့် ဗလီခြောက်ခုရှိသဖြင့် ထိုဗလီများကိုမူ အမျိုးသမီးများ လေ့လာနိုင်သည်ဟု သူကဆိုသည်။

အခြားဘာသာဝင်များအနေဖြင့် ဗလီများအတွင်းသို့ဝင်မည်ဆိုပါက ကိုယ်လက်မျက်နှာများကို သန့်စင်ရန်တော့ လိုအပ်သည်ဟုလည်း ကိုရှိုင်းက ရှင်းပြသည်။

ရန်ကုန်တွင်သာမက အခြားပြည်နယ်နှင့်တိုင်းများတွင်ရှိသည့် ဗလီများကိုလည်းဝင်ရောက် လေ့လာခွင့်ရှိကြောင်း ကိုရှိုင်းက ဆက်လက်ပြောကြားသည်။

မဇ္ဈိမသတင်းဌာန

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့