
ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နယ် မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာနေ တောင်သူ ၁၁ ဦးနှင့် အလွတ်တန်း သတင်းထောက် ဦးခင်ဇော်တို့ကို အမှတ် ၇၀၁၃ သံချပ်ကာ တပ်ရင်းက ဇွန်လ ၂၁ ရက်နေ့တွင် ရာဇဝတ်မှု မကင်းသော နယ်မြေ ကျော်နင်းမှုဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါတပ်၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်မင်းထိုက်က The Voice သို့ ပြောကြားသည်။
ဇွန်လ ၁၉ ရက် နံနက် ၆ နာရီတွင် တောင်ငူမြို့ မြောက်ရေကြည်
ကျေးရွာအုပ်စု သဲဖြူကျေးရွာနေသူ ဦးချိုကြီး အပါအဝင် တောင်သူ ၁၁ဦးက အမှတ် (၇၀၁၃) သံချပ်ကာတပ်ပိုင် မြေဧက ၆၆၁ ဒသမ ၆၅ ဧက အတွင်း၌ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက် ထွန်ယက်ခြင်း ၊ အလွတ်တန်း သတင်းထောက် ဦးခင်ဇော်ကလည်း အဆိုပါ နယ်မြေတွင်းသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ဇွန်လ ၁၉ ရက်နေ့ ကတည်းက ခရီးထွက်သွားတာ၊ အမှုဖွင့်ထားတယ်ဆိုတာ ကျွန်တော် မသိသေးဘူး” ဟု အမှုဖွင့် တိုင်ကြားခံရသူ အလွတ်တန်း သတင်းထောက် ဦးခင်ဇော်က ပြောကြားသည်။
လယ်သမားများ ဝင်ရောက် စိုက်ပျိုးခဲ့သော မြေယာများသည် ၁၉၆၀ ပြည့်နှစ်မှ စတင်ကာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သော လယ်ယာမြေများ ဖြစ်ပြီး ၁၉၉၄ ခုနှစ် မှစတင်ကာ အမှတ် ၇၀၁၃ သံချပ်ကာတပ်နှင့် အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်တို့က ပြည်ထဲရေး ဝန်ကြီးဌာန အမိန့်ဖြင့် သိမ်းယူခဲ့ပြီး တောင်သူများကို တစ်နှစ်လျှင် သီးစားခ တစ်ဧက ၉ တင်းနှုန်းဖြင့် ပြန်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း အမှုဖွင့် တိုင်ကြားခံရသူ လယ်သမားများထံမှ သိရှိရသည်။
ယခုနှစ် မိုးစပါး ရာသီတွင် သီးစားခ ပေးသော်လည်း လုပ်ကိုင်ခွင့် မပြုကြောင်း ကြေညာချက်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ တောင်သူများထံမှ သိရှိရသည်။
အဆိုပါအမှုကို တောင်ငူမြို့ အမှတ် ၇၀၁၃ သံချပ်ကာတပ်မှ ဗိုလ်ကြီးဇော်ဦးက တရားလို ပြုကာ ဦးခင်ဇော်နှင့် ဒေသခံ တောင်သူ ၁၁ ဦးကို ကျွန်းကုန်း ရဲစခန်းက ပ-၄၉/၂၀၁၃၊ ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထားကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။
No comments:
Post a Comment