Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 17 June 2013

ဥက္ကံ ပဋိပက္ခ စတင်သူ အမျိုးသမီးနှစ်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်

 လူတစ်ဦး သေဆုံးခဲ့သည့် ဥက္ကံ ပဋိပက္ခ ဖြစ်ပွားရန် စတင်ခဲ့သူ အမျိုးသမီး နှစ်ဦးကို တိုက်ကြီး တရားရုံးက ဇွန်လ ပထမပတ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ သိရှိရသည်။

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပနီပင်ရွာတွင် နေထိုင်သူ ဒေါ်ဝင်းဝင်းစိန် ၃၅ နှစ်နှင့် အမှုဖြစ်ပွားရာတွင် ၎င်းနှင့်အတူ ပါရှိခဲ့သူ ဒေါ်သင်းမာသိန်း ၃၃ နှစ်တို့ကို ဥက္ကံမြို့ ရဲစခန်းက ( ပ) ၁၁၂ /၁၃ ၊ ပုဒ်မ ၂၉၅/၂၉၅ (က) ဖြင့် အမှုဖွင့်၍ တိုက်ကြီးမြို့နယ် တရားရုံးက ပြစ်မှုကြီး အမှတ် ၅၁၀/၂၀၁၃ ဖြင့် စစ်ဆေးခဲ့ရာမှ ဇွန်လ ၅ ရက်နေ့တွင် ပုဒ်မ ၂၉၅-က ဖြင့် အမိန့်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။

“ဥက္ကံ ပဋိပက္ခက သာမန် အမှုကနေစပြီး ဖြစ်လာတာပါ။ ဒေသခံတွေရဲ့ သည်းခံ နိုင်စွမ်းတွေ နည်းလာရာကနေ အကြမ်းဖက်မှုတွေ ဖြစ်လာတာပါ။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်တယ်”ဟု တိုက်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးလွင်စိုးမင်းက ပြောကြားသည်။

ဥက္ကံ ပဋိပက္ခ စတင်မဖြစ်ပွားမီ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် အသက် ၁၁နှစ်အရွယ် ကိုရင်လေးနှင့် အမျိုးသမီး တို့ကို ဥက္ကံ ရဲစခန်းတွင် စစ်ဆေးချိန် ကြာမြင့်လာသည်နှင့်အမျှ ရဲစခန်းရှေ့တွင် စောင့်ကြည့်နေသည့် လူအုပ်စုသည် လူ ၃၀၀ ခန့် စုမိရာက တဖြည်းဖြည်း ပဋိပက္ခ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း အဆိုပါမြို့ မင်းရဲကျော်စွာ ရပ်ကွက် နေထိုင်သူ ဦးအောင်ကျော်ဦးက ပြောကြားသည်။

ဥက္ကံမြို့ အလံတိုင် ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် အသက် ၁၁ နှစ်အရွယ် ကိုရင် အရှင်ပုညနှင့် ဒေါ်ဝင်းဝင်းစိန်တို့ တိုက်မိပြီး ဆွမ်းသပိတ်ကျကာ အဖုံးကွဲရာမှ စတင်ဖြစ်ပွားသည့် ပဋိပက္ခတွင်း မီးလောင်မှုကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကာ အိမ် ၈၁ လုံး၊ ဗလီ တစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ ဆိုင်ခန်း ၅၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့