Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

ဒါနထက် သီလကမြတ်တယ်


လှူဒါန်းခြင်းက မွန်မြတ်လှပါတယ်။ အလှူခံ ပုဂ္ဂိုလ်အတွက် အကျိုးရှိသလို၊ လှူသူမှာလည်း အကျိုးထပ်တူထပ်မျှ ရစမြဲပါ။ လူအချို့ဟာ ရှေးက လှူခဲ့လို့ ယခုဘ၀ ချမ်းသာပြီး လှူလို့ရှိ၊ ရှိလို့လှူနေကြပြန်တော့ ဒါနတရား ဆက်နေပါတယ်။ ဒါနမျိုးစေ့တွေ ပျိုးပြီးရင် ပျိုးနေတော့တယ်။ အချို့ကတော့ မလှူနိုင်လို့ မရှိ၊ မရှိပြန်တော့ မလှူ။ သည်လိုနဲ့ ဒါနပန်းတွေ ညှိုးနေရတယ်။
ဒါနဟာ အခုရော နောင်ရော အကျိုးပေးတော့ ဒါနမျိုးစေ့တွေ ကြဲနိုင်သမျှ ကြဲထားနိုင်ရင် အကောင်းဆုံးပါ။တစ်ဘ၀ဆိုတာ ခဏလေးပါ။ ဘယ်မှာကြာလို့လဲ။ သံသရာကြီးနဲ့ နိုင်းစာလိုက်ရင် တစ်ဘ၀ဟာ ရေပွတ်ပမာပဲ။ အဲသည်တော့ တစ်ဘ၀ကိုသာ မစဉ်းစားကြဘဲ၊ တစ်ဘ၀ကဏ္ဍ လောက်သာ တွေးတောလုပ်ကိုင်မူ မဟုတ်ဘဲ သံသရာကိုမျှော်ပြီး လုပ်နိုင်ကြရင် ပိုကောင်းမယ်။အဲသည်လိုဆိုပေမယ့် အမှန်တကယ်မှာ သိပ်တော့မလွယ်ဘူး။ တစ်ဘ၀ကလည်း စားဝတ်နေရေးတွေနဲ့ လုံးလည်လိုက်နေတာ မဟုတ်လား။ ဒါပေမယ့် တတ်နိုင်သမျှတော့ အဲသည်အတွေးကို ခေါင်းထဲ၊ အသိစိတ်ထဲမှာ ထည့်ထားရမယ်။တစ်ခါတစ်လေမှာ စဉ်းစားမိတယ်။ သံသရာကြီးကိစ္စကို ထားဦး၊ တစ်ဘ၀က တစ်လကိုတောင်၊ တစ်နှစ်ကိုတောင် လိုအင်ဆန္ဒတွေ လိုအပ်မူတွေနဲ့ ချာလည်လည်နေလို့ စိတ်ညစ်မိတယ်။ အဲသည်မှာ တွေးစရာပါပဲ။ တစ်နှစ်၊ တစ်လ စားဝတ်နေရေး ဒုက္ခတွေ မရုန်းနိုင်လို့ သံသရာကို မေ့ထားလိုက်မလား။ မေ့ထားရင် ပိုပြီးတော့ ဆိုးပေတော့မယ်။

အဲသည် သုံးမျိုးသုံးစားကတော့ -
- ဟိနသီလ
- မဇ္ဈိမသီလ
- ပဏိတသီလတို့ပါပဲ။
သူများတွေ အပြစ်ပြောတာ မခံချင်ဘူး။ ဝေဖန်ရူတ်ချမူကို မလိုလားဘဲ၊ ချီးမွမ်းထောမနာ သြဘာပေးမယ့် ကျော်စောထင်ရှား အောင်မြင်မူတွေကိုလိုချင်လို့ စောင့်ထိန်းနိုင် နေထိုင်နိုင်ပြီး ဆောက်တည်တဲ့ သီလကို “ဟိနသီလ” လို့ ခေါ်တယ်။ဒုတိယသီလဖြစ်တဲ့ “မဇ္ဈိမသီလ”ကတော့ ကိုယ်လုပ်ကိုင် ဖန်တီးလိုက်တဲ့ ကုသိုလ်ကောင်းမူရဲ့ အကျိုးကို ကိုယ်ခံစားချင်လို့ လုပ်တာ၊ စောင့်ထိန်းတာ၊ ဆောက်တည်တာကပဲ။ (ကိုယ်ပြုမူတဲ့ ကောင်းမူအရ ကိုယ်ပြန်လည် ခံစားချင်တဲ့ သဘောပါ)။အံ့သြစရာကောင်းတာက ဒါနထက် သီလမြတ်တဲ့ကိစ္စပါပဲ။ တွေးကြည့်လိုက်ပါ။ ဒါနက ပိုက်ဆံမကုန်ဘူးလား။ ကုန်တယ်။ ပစ္စည်းဥစ္စာ မကုန်ဘူးလား။ ကုန်ပါတယ်။ အလှူအတန်း များတာနဲ့အမျှ မပင်ပန်းဘူးလား။ ပင်ပန်းပါတယ်။သီလ ကျတော့ရော။ သီလ ပိုက်ဆံကုန်လား။ မကုန်ဘူး။ ပစ္စည်းဥစ္စာ လျော့လား။ မလျော့ပါဘူး။ ဒါပေမယ့် အကျိုးရတာကြတော့ ဘယ်ဟာက ကြီးသလဲဆို ဒါနထက် သီလက ကြီးနေတယ်။ ဒါနထက် သီလက မြတ်ပါတယ်။ဒါနထက် သီလမြတ်တယ်ဆိုတော့ သီလဟာ ဒါနထက် တန်ခိုးသတ္တိရှိတယ်။ အကျိုးပေး ပိုများတယ်။သီလရဲ့အကျိုးပေးဟာ ရက်ရှည်လများ စောင့်ထိန်းတဲ့ သီလကို မဆိုပါနဲ့ဦး၊ တစ်ခဏဆောက်တည်တဲ့ သီလတောင်မှ အကျိုးကျေးဇူးအလွန်ကြီးမားစွာရတယ်။ အဲဒါကို သီလဆောက်တည်ကြည့်တဲ့အခါ ပိုသဘောပေါက် လက်တွေ့ခံစားရလိမ့်မယ်။ဒါနပြုရင် ပထမဆုံး ဆရာတော်အသီးသီး သီလကို အရင်ခံခိုင်းတယ် မဟုတ်လား။ သီလကို ဆောက်တည်စေတာ မြင်တွေ့ကြရတယ်။သီလကို တစ်နေ့၊ တစ်နာရီ၊ တစ်ခဏဆိုပြီး အထင်မသေးအပ်ဘူး။ ပေါ့ပေါ့တန်တန် မလုပ်အပ်ဘူး။ လေးလေးစားစားကို ဆောက်တည်ရမယ်။တစ်နေ့၊ တစ်နာရီ၊ တစ်ခဏလေးတွေ ဆောက်တည်ပါများလာရင် သီလ ခိုင်လုံလာလိမ့်မယ်လေ။ ကြာတော့ များလာမယ်။ဘာမဆို ဒါနပြုရုံ၊ ဆုတောင်းရုံနဲ့ ရမယ်ဆိုရင်တော့ လောကမှာ အရိယာတွေချည်းပဲ ဖြစ်နေကြမှာပါ။ အကျင့်သီလ မကောင်းဘဲ၊ အကျင့်သီလ မကျင့်ဘဲ ဒါနကောင်းမူပြု ဆုတောင်းရုံနဲ့ အရိယာသူတော်ကောင်း မဖြစ်နိုင်ဘူး။ ဒါနတွေ။ ဆုတောင်းတွေထက် အကျင့်ကာ အဓိက ဖြစ်တယ်။စံကင်းဆရာတော်ဘုရားကြီးက “ဒါနမူ၊ သီလမူ၊ ဘာဝနာမူတွေဟာ သည်းခံနိုင်လို့ ဖြစ်ကြတာပဲ။ ခြုံပြီးပြောရရင် ဂင်္ဂါ ၀ါလု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်တွေဟာ သည်းခံနိုင် လွန်းလို့ ဖြစ်တာပဲ။ အ၀ီစီငရဲ အပါယ်လေးဘုံ ကျနေသူများဟာ သည်းခံခြင်း မရှိကြလို့ပဲ” လို့ ဆိုမိန့်ခဲ့ပါတယ်။လယ်တီဆရာတော် ဘုရားကြီးက “ဒါယကာ၊ ဒါယိကာမတို့ သီလကို အထူးသုတ်သင်ကြ၊ သတ္တ၀ါအားလုံးကို မေတ္တာ ဘာဝနာ ပွားကြလို့ ” မကြာခဏ သြ၀ါဒ ပေးတတ်ကြောင်း ဓမ္မစာရေး ဆရာတစ်ဦးရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ တွေ့ဖူး ဖတ်ဖူးခဲ့တယ်။အဲသည်လို “သီလကို သုတ်သင်ကြလို့” မကြာခဏ သတိပေး သြ၀ါဒစကား ပြောကြားတာကြောင့် သီလရဲ့ အခန်းကဏ္ဍာ အတော်ပဲ ကြီးမားကြောင်း သိသာပါတယ်။သီလဟာ လောကုတ္တရာ ရတနာပါ။ အရိယာ သူတော်ကောင်းတို့အတွက် ပြည့်စုံရန် လောကုတ္တရာ ရတနာတွေက သဒ္ဓါ, သီလ, ဟီရိ, သြတ္တပ္ပ, သုတ, စာဂနဲ့ ပညာတွေပါပဲ။ဆရာတော်အရှင်သြဒါတသီရိဘိဝံသက “အမျိုးကောင်းဖြစ်၍ ပစ္စည်းပေါ၊ ပညာတတ်ပါသော်လည်း ကိုယ်ကျင့်သီလ မကောင်းသူကို မည်သူမျှ “လူတော်လူကောင်း” အဖြစ် မသတ်မှတ်နိုင်ပါ။ ပစ္စည်းဥစ္စာ မပေါများပါသော်လည်း ကိုယ်ကျင့်သီလကောင်းသူများဟာ လူတော်လူကောင်းဖြစ်ရန် သီလပါရမီဖြည့်ကျင့်ရမည်” လို့ မိန့်ဆိုပါတယ်။မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသက “သာသနာဆိုတာ ဘုရားအဆုံးအမကို ခေါ်တယ်။ ဘုရားအဆုံးအမဆိုတာ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါးပဲ ရှိတယ်။ ကိုယ်သိမ်မွေ့ပါ၊ နူတ်ချိုသာပါ၊ စိတ်ဖြောင့်မတ်ပါ။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ်ဆိုတာ အလကား။ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ပညာကိုပဲ အားကိုရမယ်” တဲ့။ဆရာတော်ကြီးတွေ တော်တော်များများ သီလနဲ့ ပတ်သက်ရင် အထူးဂရုစိုက်ဖို့ မိန့်ဆိုသြ၀ါဒ ပေးကြတယ်။သီလဟာ လူရဲ့အသက်ပဲ။ အသက်ဟာ သီလပဲ။မရှိတာထက် မသိတာဟာ ဘ၀မှာ ပိုခက်နေတယ်။ မသိတာတွေထက် အကျင့်သီလ မကောင်းတာက ပိုခက်ပြန်ရော။ပြီးတော့ မကျင့်တာထက် မယုံကြည်တာတွေက အခက်ဆုံးပဲ။ အချို့က ဘာသာရေးကို သိပ်အလေးမထားကြဘူး။အမှတ်တမဲ့နေသူတွေရဲ့ စိတ်ဟာ အကုသိုလ်ဘက် သွားနေတဲ့အတွက် အကုသိုလ်ကံ အကျိုးပေးကလည်း ထိုသူ့ဆီ အမြဲလိုက်နေတာ မဟုတ်လား။ အကုသိုလ်ကံ အကျိုးပေးဆိုတာ အလွန်ကြောက်ဖို့ ကောင်းလှပါတယ်။ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ တရားသဘောအရ တည်မြဲနေတာ မဟုတ်ပါဘူး။ အဲသည်မှာ ဆင်းရဲလို့ ဆင်းရဲလို့ ဒါန၊ သီလ၊ ဘာဝနာတရားကို မပွားနိုင်ရင် လူ့ဘ၀ ရ, တာဟာ ရကျိုးနပ်မျာ မဟုတ်ပါဘူး။ ချမ်းသာတာကို ခံစားရလို့ လောကီအာရုံအမျိုးမျိုးကို လိုက်စားပြီးမိုးမမြင်၊ လေမမြင် အောက်ခြေလွတ်နေပြန်ရင် ဒါန၊ သီလ၊ ဘာဝနာတွေ ပွားရကောင်းမှန်းမသိအောင် ဖြစ်နေပြန်တော့လည်း လူ့ဘ၀ရကျိုး၊ လူဖြစ်ရကျိုး မနပ်ပြန်ဘူးပေါ့။ဒါနထက် သီလက မြတ်တာကြောင့် လောကမှာ မလှူနိုင်လို့ အားမငယ်ပါနဲ့။ မလှူနိုင်သေးရင် လှူနိုင်အောင် ကြိုးစားရမယ်။ မလှူနိုင်လျှင် အကျင့်သီလကို ပိုဂရိုစိုက် ကြရမယ်လေ။ အဲ့ဒါကြောင့် မလှူချင်ရင်နေပါ၊ မချမ်းသာလည်းနေပါ။ အကျင့်သီတော့ မပျက်ပါစေနဲ့၊ အကျင့်သီလတော့ ချမ်းသာပါကြပါစေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့