Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 19 March 2012

လိုအပ်ချိန်တိုင်း


ကျင့်ဝေ နှင့် ရင်ရင် မှာ တစ်မြို့ထဲတွင် ကြီးပြင်းလာကြသူများ ဖြစ်ပြီး ငယ်စဉ်ထဲက ကျောင်းအတူတူ တက်လာကြတဲ့
သူများလည်းဖြစ်သည်။ အရွယ်ရောက်လာချိန်မှာတော့ သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အလွန်
ချစ်ကြသော ချစ်သူများ ဖြစ်လာခဲ့သည်။ ယောက်ျားပီသပြီး သူမအပေါ် နုညံ့စွာ ဆက်ဆံတတ်သူ ကျင့်ဝေကို ရင်ရင် က
ယုန်ကလေးလို့ ခေါ်လေ့ရှိပြီး၊ ကျင့်ဝေကတော့ ရင်ရင်လို့ပဲ ခေါ်လေ့ရှိကာ တစ်ခါတစ်ရံ မှာတော့ အရူးမလေးလို့လည်း
ချစ်စနိုးဖြင့် ခေါ်တတ်ပြန်သည်။ တက္ကသိုလ် တက်တော့လည်း ဇာတိမြို့နှင့် အနည်းငယ်ဝေးသော မြို့ကြီးတစ်ခုမှာ
သူတို့ နှစ်ယောက် အတူတူ တက်ခဲ့ကြသည်။ နှစ်ယောက်သား တက္ကသိုလ် ရက်များကို ပျော်ပျော် ရွှင်ရွှင် ကျော်ဖြတ်
လာကြပြီးသည့် နောက်မှာတော့ ဘွဲ့တစ်ခုစီ အသီးသီး ရသွားခဲ့ကြလေပြီ။


ဘွဲ့ယူပြီး နောက်တစ်နေ့မှာ ရင်ရင်မှ ယုန်ကလေးကို ရှေ့ရေးကိစ္စ တိုင်ပင်စကား ဆိုလေသည်။
“ယုန်ကလေးရေ ငါတော့ ပီကင်းမြို့နားမှာ ရှိတဲ့ ဆီလီကွန်တောင်ကြားမှာ သွားပြီး အလုပ် လုပ်တော့မယ်
အဲဒီနေရာက နောက်ကို ဒီထက် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ အများကြီး ရှိနေတယ်… အလုပ်အကိုင်
လဲ မရှားဘူးလေ နင်ရော ဘယ်လို စဉ်းစားထားလဲ ”


“အင်း ဒါဆိုရင် ငါကတော့စီချွမ်းကိုဘဲ ပြန်တော့မယ်.. ငါတို့ ဇာတိဒေသက အလှအပတွေ ပေါတယ်၊ သာလည်း
သာယာတယ်.. နောက်ကိုလဲ ဒီထက် ဖွံ့ဖြိုး တိုးတက်လာဦးမှာ.. ပြီးတော့ ကောင်မလေး တွေလည်း ချောတယ်..
တကယ်လို့ နောက်ကို နင်ငါ့ကို မယူလဲ ငါပူစရာမလိုဘဲ တစ်ခြားကောင်မလေး ချောချောလေးတွေကို
ရနိုင်သေးတယ်လေ”


ပြုံးရယ်ရင်း ပြောလိုက်သော ယုန်ကလေးရဲ့ စ နောက်မှုကြောင့် ရင်ရင်က သူ့ရင်ဘတ် ကလေးကို လက်သီး
ဆုတ်ကလေးနှင့် ခပ်ဖွဖွ ထုလိုက်ရင်း

“နင်ကလေ အားနေရင် ဒါဘဲ စဉ်းစားနေတယ် မိန်းမယူဖို့ အကြောင်းဘဲ.. ဘယ်ရမလဲ… ငါနင့်ကိုမယူတောင်မှ
နင်တစ်ခြားကောင်မလေးတွေကို မကြိုက်ရပါဘူး.. ငါ့ကိုဘဲချစ်ရမယ်.. ငါ့အကြောင်းဘဲ စဉ်းစားရမယ်.. နင်တစ်ခြား
ကောင်မလေး တစ်ယောက် ယောက်နဲ့ ပတ်သက်ဖို့ လုံးဝခွင့်မပြုနိုင်ပါဘူး.. ဟွန့် ” လို့ ချစ်စဖွယ် အမူအရာလေးနဲ့
ပြန်ပြောလိုက်တော့သည်။


ယုန်ကလေးက ရင်ရင့်ရဲ့ လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး နဖူးကို ညင်ညင်သာသာ ဖွဖွရွရွလေး
နမ်းရှိုက်လိုက်ရင်း “ အရူးမလေး… ငါတို့မိဘတွေက စီချွမ်းမှာ ရှိနေတယ်ဆိုတာ မေ့လို့ မဖြစ်ဘူးလေ... နင်က
တိုးတက်ချင်တဲ့သူ ဆိုတော့ ပီကင်းသွားပြီး အလုပ်လုပ်မယ်ဆိုရင် ငါမပြန်လို့ ဘယ်ဖြစ်မလဲ.. နင့် မိဘတွေကိုလဲ
နင့်ကိုယ်စား ငါက စောင့်ရှောက်ပေးရမှာပေါ့.. ဒါမှ သမက်ကောင်း တစ်ယောက် ဖြစ်လာမယ်လေ မဟုတ်ဘူးလား...
နင့်ကိုလဲ ငါယုံကြည်စိတ်ချပါတယ်.. နင်လုပ်ချင်တာကိုလဲ မတားမြစ်ချင်ဘူး.. ဘာဘဲဖြစ်ဖြစ် အကြာကြီးတော့
မခွဲချင်ဘူးဟာ နင်မြန်မြန် ပြန်လာခဲ့နော် ”


ယုန်ကလေးရဲ့ စကားအဆုံးမှာ ရင်ရင့်ရဲ့မျက်ဝန်းမှ မျက်ရည်များ ရစ်ဝိုင်းလာပြီး ရင်ခွင်ထဲကို တိုးဝင်လိုက်ကာ ချုံးပွဲချ
ငိုကြွေးနေတော့သည်။


...............................................................။


နှစ်ဦးသား အနေဝေးသွားကြသော်လည်း အဆက်အသွယ်က အမြဲမပြတ် ရှိနေခဲ့ကြသည်။ ဖုန်းဖြင့် အမြဲ အဆက်
အသွယ် ရှိသလို မက်ဆေ့လေးတွေပို့ကာ ချစ်သူနှစ်ဦးရဲ့ သံယောဇဉ်ကြိုးတွေ ခိုင်မြဲအောင် တည်ဆောက်ထားကြ
သည်။ တစ်နေ့တွင် ရင်ရင်က အလွန်ချစ်ကြသော ချစ်သူနှစ်ဦး အကြောင်း ရေး ထားသော ဇာတ်လမ်းလေးတစ်ခုကို
အင်တာနက်ကနေ ဖတ်လိုက် ရပါသည်။ ဇာတ်လမ်း ထဲတွင် ကောင်မလေးက သူ့ချစ်သူ ကောင်လေးနှင့် ဖုန်းပြောပြီး
တိုင်း ကောင်လေးကို အရင်ဆုံး ဖုန်းချစေသည့် အကြောင်းလေးက ပါဝင်နေသည်။ ထိုကဲ့သို့ ဖုန်းချခိုင်းခြင်း သည်
ကောင်မလေးက ကောင်လေးကို အရမ်း ချစ်လွန်း၍ ဆိုသည့် အဓိပ္ပါယ်နှင့် ကောင်လေးကို ဖုန်းအရင် ချစေသည် တဲ့
လေ။ ထိုနံမည်ကျော် လူငယ်ကြိုက် အချစ် ဇာတ်လမ်းလေးကို ဖတ်ပြီး ရင်ရင်က သူ့ချစ်သူကို
ထူးထူးကဲကဲ သတိရနေမိသည်။


ထိုညက ခါတိုင်းကဲ့သို့ ဖုန်းပြောပြီးချိန်တွင် ရင်ရင်က သူဖတ်ထားသော ဇာတ်လမ်းလေး ထဲက အတိုင်း ယုန်ကလေး
ကို တောင်းဆိုလိုက်သည်။

“ဖုန်းကို နင်အရင်ချနော်.. ”

“အရူးမလေး ဘာအရူးထပြန်ပြီလဲ .. ဘယ်သူအရင်ချချပေါ့ ဘာထူးမှာမို့လဲ”

“အိုး မရပါဘူး.. နင်အရင်ချရမယ်.. နင်ငါ့စကား နားမထောင်ဘူးလား ဒါဆို နောက်နေ့ကစပြီး နင့်ကို ငါမခေါ်တော့
ဘူး.. ငါ့ဆီလဲ ဖုန်းမဆက်နဲ့တော့.. နင်လဲ ဘယ်တော့မှ မိန်းမရတော့မှာ မဟုတ်ဘူး.. ”

ရင်ရင့် စကားကြောင့် ယုန်ကလေး ခေတ္တအသံတိတ်သွားသည်။ ထို့နောက်
“အင်း အိုကေ အိုကေ ငါရန်မဖြစ်ချင်ပါဘူး.. ငါအရင်ဖုန်းချပါ့မယ် .. ”ဟု ပြောပြီး ဖုန်းကို ချသွားတော့သည်။


ဖုန်းချပြီးမှ ထွက်ပေါ်လာတဲ့ Busy သံလေးကို သေချာနားထောင်ပြီး ရင်ရင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ သူမ
မျက်နှာပေါ်တွင် လှိုက်လှိုက်လှဲလှဲ အပြုံးလေးနှင့်အတူ “အချစ်ရေ မင်းထက်ကို ငါက ပိုချစ်လို့ ဖုန်းကို အရင် ချခိုင်း
တာပါကွယ်.. ” လို့ တီးတိုးလေး ပြောလိုက်ပါတော့သည်။ အဲဒီနောက်ပိုင်း ဖုန်းတွေပြောတိုင်းလည်း တစ်ယောက်နှင့်
တစ်ယောက် နှုတ်ဆက်ပြီးကြတဲ့ အချိန်မှာ ကောင်မလေးဟာ ယုန်ကလေး၏ ဖုန်းချသံလေးကို နားထောင်ပြီးမှသာ
ဖုန်းကို ပိတ်လေ့ရှိသည်။


သို့သော်လည်း အချိန်ကြာလာသော အခါတွင်တော့ ကောင်မလေး၏ ရင်ထဲတွင် ယုန်ကလေး ဖုန်းအရင်ချသည့်
ကိစ္စနှင့်ပါတ်သက်ကာ တစ်စုံတစ်ရာ ခံစားချက်ကြောင့် ၀မ်းနည်းစိတ် ဖြစ်ပေါ် လာမိပါသည်။ သူ့ကို ဖုန်းအရင် ချခိုင်း
တာဟာ သူမက ပိုချစ်လို့ဆိုတာ သိမှသိပါ့မလား ဟုလည်း စိတ်ထဲမှာ တွေးတောလာမိသည်။ ယုန်ကလေးကိုလည်း
ထို အချစ်ဇာတ်လမ်းလေးကို တွေ့ပြီး ဖတ်စေချင်မိကာ သူမကို ဖုန်းအရင် ချဖို့ ပြောလာ တာကို မျှော်လင့်ချင်မိသည်
လေ။ ဘာဘဲဖြစ်ဖြစ် ရင်ရင့်စိတ်ထဲတွင်တော့ သူမဟာ ယုန်ကလေးကို သိပ်ချစ်လွန်းသူ၊ ယုန်ကလေး ချစ်တာထက်
ပိုပြီး သူမက ပိုချစ်ရသူရယ်လို့ စိတ်ထဲမှာ ယူဆထားလိုက်သည်။


..............................................................။


တိုးတက်ချင်သည့် စိတ်ကြောင့်သာ အလုပ်လုပ်နေရသော်လည်း မြို့နှင့် အနည်းငယ် အလှမ်းဝေး ချောင်ကျပြီး လုံခြုံ
ရေး သိပ်မကောင်းလှသော ရင်ရင် လက်ရှိရောက်နေရာ အရပ်ဒေသသည် မိန်းခလေးများ အနေနှင့် နေထိုင်ဖို့ သိပ်ပြီး
မသင့်တော်လှပေ။ လူဆိုး သူခိုးလည်း ပေါများလှသည်။ ယုံကြည်ချက်၊ မျှော်လင့်ချက်တို့ကြောင့်သာ နေနေရပေမဲ့
သူမစိတ်ဓာတ်တွေက တစ်ဖြေးဖြေး ကျဆင်း လာသည်။ နေပျော်ချင်စရာ အရပ်လို့ သူမက မထင်တော့ပေ။ အားငယ်
စိတ်များ၊ မွန်းကြပ်သည့်စိတ်များလည်း တစ်စစ တိုးပွားလာ နေသည်။ သို့သော်လည်း ယုန်ကလေးကို သူမ ဖြစ်နေ
သည့် ခံစားချက်များကို တစ်စွန်းတစ်စမျှ မပြောပြဖြစ်ပေ။ သူမက ကိုယ့်ကိုယ်ကို စိတ်ဓာတ် ခိုင်မာသူရယ်လို့လဲ သူ့
ကို သိစေချင် နေမိသည်။


တစ်နေ့ သူမ၏ အခန်းဖော် ကောင်မလေး မိသားစုကိစ္စကြောင့် အိမ်ပြန်သွားသောအခါ သူမတစ်ယောက်တည်း
အခန်းတွင် ကျန်ရစ်ခဲ့လေသည်။ ခုတစ်လောတွင် သူခိုးများက မိန်းခလေးတွေချည်း နေထိုင်သော နေရာများတွင် ပိုပြီး
သောင်းကျန်းနေသည် ဆိုသည့်သတင်းကို ကြားနေရသည့်အတွက်လည်း ကြောက်ရွံ့စိတ် ဖြစ်ပေါ်နေမိသည်။
ညရောက်ချိန် ယုန်ကလေးနှင့် ဖုန်းပြောသောအခါတွင်တော့ ပုံမှန်အတိုင်း ခါတိုင်းလိုသာ ဖုန်းပြောဖြစ်ပေမယ့် သူမ
ရင်ထဲက ကြောက်ရွံ့စိတ်ကို ယုန်ကလေး မသိအောင် ဖုန်းကွယ် ထားခဲ့သည်။


ညသန်းကောင် သူမ အိပ်ပျော်နေစဉ်မှာ တီးတိုးသံတစ်ခုကြောင့် ရုတ်တရက် လန့်နိုးလာခဲ့သည်။ သေချာ နားစိုက်
ထောင်သည့်အခါ သူမ အခန်းတံခါးကို အပြင်ဘက်က ဖွင့်ဖို့ ကြိုးစားနေသံကို ကြားလိုက်ရသဖြင့် ကြက်သီးမွေးညင်း
များ ထောင်ထလာပြီး သူမတစ်ကိုယ်လုံး တစ်ဆတ်ဆတ် တုန်ယင်လာမိသည်။ ဘေးဝန်းကျင် အခန်းများတွင်လည်း
လူမရှိကြသည်ကို သူမ သတိရလိုက်မိသဖြင့် မျက်ဝန်းမှ မျက်ရည်များ စီးကျလာကာ ကြံရာမရ ဖြစ်ပြီး ထိတ်လန့်
တုန်လှုပ်နေမိသည်။ သူမ ပထမဆုံး သတိရမိသည်မှာ ချစ်သူ ယုန်ကလေး ကိုသာ ဖြစ်သည်။ ထို့ကြောင့် ခေါင်းအုံး
အောက်က ဖုန်းကလေးကို ဆွဲထုတ်ကာ ယုန်ကလေးရေ… ငါအခုချိန်မှာ အရမ်းကြောက်နေတယ် ဆိုသည့် မက်ဆေ့
တစ်စောင် အမြန်ဆုံးရိုက်ပြီး ကောင်လေးဆီ ပို့လိုက်မိသည်။


ဒီချိန်ဆို သူ့ချစ်သူ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပါက မက်ဆေ့ဝင်သောအသံကို ကြားနိုင်မှာ မဟုတ်သည့်အပြင်၊
ဖုန်းကိုပိတ်ထားခဲ့လျှင်လည်း မက်ဆေ့ကို မည်သို့မျှ တွေ့နိုင်မှာ မဟုတ်ဟု တွေးမိသဖြင့် သူမရင်ထဲမှာ မျှော်လင့်
ချက်များ ကင်းမဲ့ကာ ကူကယ်ရာမဲ့သူ တစ်ယောက်၏ ခံစားချက်မျိုးနှင့် တုန်လှုပ်လို့ နေမိသည်။


သို့သော် သူမ မက်ဆေ့ ပို့ပြီး စက္ကန့်အနည်းငယ်အကြာမှာ ယုန်ကလေး ထံမှဖုန်း ဝင်လာသည့်အတွက် ဝမ်းသာလွန်း
၍ သူမလက်တွေတောင် တုန်ယင်နေခဲ့သည်။


“ယုန်ကလေးရေ ငါ့ကိုကယ်ပါဦးဟယ်.. အခု ငါ့အခန်းရဲ့ အပြင်ဘက်မှာ သူခိုး ရောက်နေတယ် နဲ့တူတယ်.. တံခါး
ကို ဖွင့်ဖို့ ကြိုးစားနေတယ်လို့ ငါထင်တယ်.. ငါ ငါ အရမ်းကြောက်နေတယ်” လို့ လေသံတိုးတိုးလေးနဲ့ သနားစဖွယ်
အားကိုးတကြီး ပြောလိုက်သည်။ ရင်ရင့်ရဲ့ တုန်လှုပ်နေသော အသံလေးနှင့် ဆန့်ကျင်စွာ ယုန်ကလေးမှ တည်ငြိမ်
စွာဖြင့်


“ ရင်ရင် နင်မကြောက်နဲ့နော် နင့်ဘေးမှာ ငါရှိနေတယ်လို့ တွေးထား အခု ငါပြောတာ သေချာနားထောင်.. ဖုန်းရဲ့
စပီကာကို အကျယ်ဆုံးဖွင့်လိုက် ပြီးတော့ တံခါးနားကို ကပ်သွား တံခါးနားရောက်တာနဲ့ ငါ့ကိုပြော…
သိပ်မကြောက်နဲ့ ငါ့ကို ယုံကြည်တယ်ဆိုရင် တည်တည်ငြိမ်ငြိမ်လုပ်…” ဟု ပြောလိုက်သည်။


ယုန်ကလေးရဲ့ရည်ရွယ်ချက်ကို သူမ သဘောပေါက်သွားသည်။ တစ်ဖြေးဖြေးနှင့် တည်ငြိမ်လာပြီး တံခါးနားကို
တိတ်ဆိတ်စွာ တိုးကပ်သွားသည်။ တံခါးနားကို ရောက်လျင်
“ငါတံခါးနားရောက်ပြီ စပီကာလဲဖွင့်ထားပြီးပြီ” ဟု ယုန်ကလေးကို တိုးတိုးလေး ပြောလိုက်သည်တွင် ဖုန်းထဲမှ
ယုန်ကလေးအသံက ဟိန်းထွက်လာသည်။


“ ဟေ့ တံခါးအပြင်ဘက်မှာ ဘယ်သူလဲကွ… အစ်ကိုတို့ ထကြထကြ.. အပြင်မှာ ဘယ်သူတွေလဲမသိဘူး.. ”

ကျယ်လောင်ပြီး မာကြောလှသော လေသံကြောင့် ရင်ရင် ကိုယ်တိုင်ပင် ရုတ်တရက် လန့်ဖြန့် သွားမိသလို
အပြင်ဘက်မှာလည်း ထွက်ပြေးသွားသော ခြေသံကို ကြားလိုက်ရသည်။ သူခိုးသည် ရင်ရင်တို့အခန်းတွင် ယေက်ျား
လေးများသာ နေသည်ဟု ထင်ပြီး ကြောက်ရွံ့ကာ ထွက်ပြေးသွားပုံရလေသည်။ ရင်ရင်လည်း ဒီတွင်မှသာ အသက်
ကို ပြင်းစွာ ရှူရှိုက်လိုက်ပြီး ခြေလက်တွေပင် ပျော့ခွေသွားကာ တံခါးဝမှာတင် ခြေပစ်လက်ပစ် လဲကျ
သွားလေတော့သည်။


အနည်းငယ်ကြာမှ ရင်ရင့်ထံက “အချစ်ရယ် နင့်ကို ငါ ကျေးဇူး တင်လိုက်တာဟာ.. ” ဆိုသော အသံထွက်လာသဖြင့်
ယုန်ကလေးကလည်း အားပေးစကားပြောရင်း ပြန်နှစ်သိမ့် ပေးနေသည်။ ထိုညက တစ်ညလုံး မိုးလင်းချိန်ထိ ယုန်
ကလေးက သူမကို စကားတွေ ပြောကာ အဖော်လုပ်ပေးနေသည်မှာ မိုးစင်စင်လင်းတော့မှသာ “ အချစ်လေး.. အရူးမ
လေးရေ အလုပ်ကို သတိနဲ့သွားနော်.. အလုပ်မှာ အိပ်မငိုက်အောင်လဲ ဂရိုစိုက်ဦး.. တော်ကြာ နင့်သူဌေးရှေ့မှာ
အိပ်ငိုက်နေဦးမယ်” ဟုပြောပြီး ဖုန်းချသွားသည်။


ဖုန်းချလိုက်ပြီးသည့် နောက်မှာလည်း သူမ၏ ရင်ထဲတွင် ကြည်နူးနစ်သိမ့်ခြင်း၊ ကျေနပ် ပီတိဖြစ်ခြင်းများ အတိုင်း
မသိ ဖြစ်ကာ ယုန်ကလေးသည် သူမ ဘ၀တစ်လျှောက်လုံးကို လုံခြုံမှု ပေးသွားနိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်
လိုက်မိသည်။ ယုန်ကလေးသည် သူမအပေါ်မှာ သိပ်ကောင်းသည် ဆိုသည့်အချက်ကို သံသယမရှိသော်လည်း သူမ
ကို ဖုန်းအရင်ချဖို့ ဘယ်တော့မှ ပြောတော့မှာ မဟုတ် ဆိုသည့် အတွေးကိုတော့ သူမ ဖျောက်လို့ မရသေးပေ။
ယုန်ကလေးသည် သူမချစ်သလောက် မချစ်လို့သာ ဖုန်းအရင်ချဖို့ ဘယ်တော့မှ မပြောတာပဲ ဟူ၍လည်း ရူးရူးနမ်း
နမ်း တွေးနေဆဲပဲ ဖြစ်သည်။


.......................................................။


နွေဦး ရာသီကို ရောက်လာသဖြင့် တစ်ဖြေးဖြေး ပူပြင်းလာပြီ။ သူမဝတ်သော အင်္ကျီပါးလေးတွေမှာ ထည့်စရာအိတ်
မပါသည့်အတွက် ဖုန်းကို သွားလေရာ ယူသွားဖို့ မကြာခန မေ့လျော့တတ်လာသည်။ တစ်ခါတစ်ရံ ရုံးကိုလာသော
အခါ အိမ်ခန်းထဲတွင် ဖုန်းကိုမေ့ခဲ့တတ်သည်၊၊ ကင်တင်းတွင် ထမင်းသွားစားသော အချိန်တွင်လည်း ဖုန်းကို ရုံးခန်း
ထဲက သူမစားပွဲထဲတွင် မေ့ကျန်ခဲ့တတ်ပြန်သည်။ သူ့အခန်းဖော် ကောင်မလေးက ဖုန်းကိုငှားပြီး အပြင် ထွက်သွား
သည့်အခါတွင်လည်း ပြန်တောင်းဖို့ သတိမေ့နေတတ်သည်။ ထို အချိန်တွေမှာ ကောင်လေးဆီက ရောက်နေတတ်
သော မက်ဆေ့ပေါင်း များစွာ၊ ကိုင်သူမရှိသဖြင့် ပြန်မထူးဖြစ်သော Missed Calls များစွာအတွက် သူမစိတ်ထဲမှာ
ကျေနပ်မှုလေး တစ်မျိုး ခံစားရသည်။ သူမကို ဘယ်တုန်းကမှ ဖုန်းအရင်ချပါလို့ မပြောတတ်ခဲ့သော ယုန်ကလေး
အတွက် ထိုက်တန်သော အပြစ်ပေးခြင်း တစ်မျိုးဟု သူမစိတ်ထဲ ကျေနပ်မိတတ်သည်။


ဒီလိုနှင့် သူမ၏ ဘဝကို ပြောင်းလဲစေမည့် မေလ ၁၂ ရက်နေ့သို့ ရောက်လာခဲ့သည်။ ထူးခြားမှုမရှိသော သာမန်နေ့
လေး တစ်နေ့အဖြစ်နှင့် ရုံးတွင် လုပ်စရာရှိသောအလုပ်များကို လုပ်နေခဲ့မိချိန်မှာ မမျှော်လင့်သော သတင်းတစ်ခု
သူမ ကြားလိုက်ရသည်။ အလွန် ပြင်းအားကြီးသော ငလျှင်တစ်ခုသည် စီချွမ်းဒေသကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့
ကြောင်းနှင့် ထိခိုက်ပျက်စီးမှု များပြားလွန်းလှသည် ဆိုသော သတင်းများ ဆက်တိုက်ဝင်လာသောအခါ သူမ ထိတ်
လန့် တုန်လှုပ်သွားတော့သည်။ ရုတ်တရက် အသိစိတ်ဖြင့် သူမ၏ အိတ်ထဲတွင် လက်ကိုင်ဖုန်းကို လိုက်ရှာသည့်
အခါမှ အိမ်တွင် မေ့ကျန်နေခဲ့မှန်း သိလိုက်ရတော့သည်။ သူမချက်ခြင်းဘဲ ရုံးဖုန်းကို ကောက်ကိုင်ကာ ယုန်လေးဆီ
ကို ဖုန်းခေါ်လိုက်သည်။ ထပ်ခါထပ်ခါ အကြိမ်ပေါင်းများစွာ ခေါ်ဆိုသော်လည်း တစ်ဖက်က ဖုန်းလိုင်းက လုံးဝကို
အလုပ်မလုပ်တော့ပေ။ သူမ၏ မိဘအိမ်ကို ခေါ်ပြန်တော့လည်း ထို့အတူပဲ ဖြစ်နေသည်။ စီချွမ်းဒေသ၏ ဖုန်းဆက်
သွယ်မှု ကွန်ယက် တစ်ခုလုံး ငလျှင်ဒဏ်ကြောင့် ဆိုးဝါးစွာ ပျက်စီးသွားခဲ့လေပြီလား။


စိုးရိမ်ပူပန်ခြင်း ထိတ်လန့် တုန်လှုပ်ခြင်းတို့ကြောင့် ဆောက်တည်ရာမရအောင် ဖြစ်နေမိသည်။ ကြားရသော သတင်း
မှန်သမျှကလည်း သူမရင်ကို မီးတစ်စလို ပူပြင်း လောင်မြိုက်နေစေသည်။ အလုပ်ကိုလဲ ဆက်မလုပ်နိုင်တော့သလို
ရုံးဆင်းချိန်ထိ စောင့်နေဖို့ရန်လည်း သူမ မတည်ငြိမ်တော့ပေ။ တက္ကစီတစ်စီးကို တားလိုက်ကာ သူမနေထိုင်ရာ အခန်း
ကို ပြန်ပြေးလာမိတော့သည်။ အခန်းရောက်လို့ ဖုန်းကိုတွေ့သည့်အချိန်မှာတော့ သူမမျှော်လင့်ထားသလို Missed
Calls ပေါင်း ၅၀ ကျော် ရှိနေသည်။ အားလုံးသည် ယုန်ကလေး ထံမှ လာထားသော ဖုန်းများသာ ဖြစ်သည်။ ထို့ပြင်
Voice Message နှစ်ခုကိုလည်း တွေ့လိုက်ရသည်။ သူမရဲ့လက်တို့ တုန်ယင်စွာဖြင့် ဖွင့်ကြည့်လိုက်သည့်အခါ.....


အရူးမလေး ငါရဲ့ အချစ်လေးရေ.. မင်းကို ချစ်ခဲ့သမျှ တစ်ဘ၀လုံးစာ အချစ်တွေနဲ့ မင်းဖုန်းကို ငါခေါ်နေတာပါကွယ်..
မင်းဘာလို့များ ဖုန်းမကိုင်ရတာလဲကွယ်။ မင်းကို ငါချစ်တယ်.. အရမ်းချစ်တယ်.. မင်းထင်မှတ်မထား လောက်အောင်
ကို ချစ်ပါတယ်.. မင်းချစ်တာထက်လည်း အဆများစွာ ပိုချစ်ပါတယ်.. မင်း ငါ့ကို ဖုန်းအရင်ချခိုင်းကတည်းက
ဟိုဇာတ်လမ်းလေးကို မင်းဖတ်လိုက်ရပြီဆိုတာ ငါသဘောပေါက်ပါတယ်.. ဒါပေမဲ့အချစ်ရယ် ငါမင်းကိုပြောပြချင်ပါ
တယ်.. မင်းချစ်တာထက် များစွာ ငါက မင်းကို ချစ်ရတာပါ.. ငါလဲ အဲဒီဇာတ်လမ်းကလေးကို ဖတ်ရပါတယ်..
အကြိမ်ကြိမ်အခါခါ ဖတ်ခဲ့ပြီးပါပြီ.. ကြေကွဲစရာနဲ့ အဆုံးသတ်ထားတဲ့ ဒီဇာတ်လမ်းကလေးက ငါတို့နဲ့ ဘာများ
သက်ဆိုင်လို့လဲကွယ်.. ငါက မင်းကို ဒီလို နာကျင် ကြေကွဲမှုတွေ ပေးမဲ့သူမဟုတ်ပါဘူး.. မင်းစိတ်ချမ်းသာအောင်
မင်းပျော်ရွှင်အောင် လုပ်ပေးမဲ့သူပါ.. မင်းနဲ့ ရာသက်ပန် ရိုးမြေကျပေါင်းလို့ တစ်ဘ၀လုံးအတွက် မင်းကို စောင့်
ရှောက် ကာကွယ်ပေးမဲ့သူပါ..


တုန်ယင်စွာနှင့် ထွက်ပေါ်နေသော ယုန်ကလေး၏ အသံသည် ဖြည်းညင်းစွာဖြင့် သူမ နှလုံး အိမ်ထဲ အထိ တိုးဝင်
လာနေသည်။ ရင်ခွင်တစ်ခုလုံး တဆစ်ဆစ်ဖြင့် နာကျင်လွန်းလှသည်။ အရာ ဝတ္ထုများ ပြိုကျနေသော နောက်ခံသံတို့
ကြောင့် သူမလက်များ တဆတ်ဆတ် တုန်ယင်နေသည်။ ယုန်ကလေး နင် ဘာတွေများ ဖြစ်နေပြီလဲကွယ်....။ ဖုန်းကို
နားထဲ ဝင်မတတ် တိုးကပ်လိုက်မိသည်။


ပြီးတော့လဲ စိတ်ကူုးယဉ် ဇာတ်လမ်းတွေနဲ့ မင်းကို နစ်မြောမနေစေချင်ဘူး.. ငါတို့က တကယ့်လက်တွေ့ဘ၀ကို
ထူထောင်ကြမှာဖြစ်လို့ လက်တွေ့ဆန်တဲ့ ပျော်ရွှင်မှုမျိုးကိုဘဲ မင်းကို ငါက ပေးချင်ခဲ့တာပါ.. ငါလေ ငါဘယ်သွားသွား
ဖုန်းကို ယူသွားဖို့ မမေ့ခဲ့ဘူး.. တကယ်လို့ မင်းသိပ်လိုအပ်လို့ ငါ့ကိုဖုန်းခေါ်လိုက်တဲ့အခါ ငါအဆင်သင့်ဖြစ်မနေခဲ့
မှာကို သိပ်ကြောက်မိတယ်. မင်း အားငယ်နေတဲ့အခါ ကြောက်ရွံ့နေတဲ့အခါ ငါ့ကိုခေါ်မရမှာ ငါသိပ်စိုးရိမ်တယ်..
အဆုံးစွန် အိမ်သာထဲ ရောက်တဲ့အချိန်တောင် ဖုန်းကို မမေ့မလျော့ ငါယူသွားခဲ့တယ်.. ညအိပ်တဲ့အခါလည်း ဖုန်း
ကို ဘယ်တော့မှ ငါမပိတ်ခဲ့ဘူး.. ဘက်ထရီအသစ်လဲပြီး ဖုန်းသံကို ကျယ်ထားခဲ့တယ်... ငါအိပ်မောကျနေတုန်း မင်း
ဖုန်းလာခဲ့ရင် ငါမသိလိုက်မှာ စိုးလို့ပါ. ညသန်းကောင်ကြီး ကြောက်လန့်လို့ မင်းဖုန်းခေါ်တဲ့အခါ ငါမသိလိုက်မှာ၊
မကြားလိုက်မှာကို သိပ်စိုးရိမ်မိပါတယ်.. ပြီးတော့ ဖုန်းပိတ်ပြီး ငါအိပ်တဲ့အခါ တစ်နယ်တစ်ကျေးမှာ မင်းတစ်ယောက်
တည်း ပိုပြီး အထီးကျန် အားငယ်နေမယ်လို့ ငါ့စိတ်ထဲမှာ ခံစားမိတယ်..


ငါ့ကို ဖုန်းအမြဲ အရင်ချခိုင်းတတ်တာ မင်းငါ့ကိုသိပ်ချစ်လို့ဆိုတာ ငါသိပါတယ်.. ဒါကိုသိရတော့ ငါ ၀မ်းသာ မိပါ
တယ်.. မျက်ရည် လည်မိအောင်ကို ၀မ်းသာ ကြည်နူးမိတာပါ.. ဒါပေမဲ့ ငါဟာ ဘယ်သွားသွား ဖုန်းကို ဘယ်တော့မှ
မမေ့တာ၊ ဘယ်တော့မှ ဖုန်းကို မပိတ်ခဲ့တာတွေဟာ မင်းချစ်တာထက် ငါက ပိုချစ်လို့ပေါ့ကွယ်.. ဒါပေမဲ့ မင်းကို
မသိစေချင်ပါဘူး။ သိအောင်လဲ ကိုယ်မပြောပြခဲ့ပါဘူး.. ဘာလို့လဲ မင်းသိလား .. အချစ်ရေ.. ငါတို့၂ယောက်
အတူတူနေကြတဲ့အခါ၊ အသက်တွေကြီးလို့ အချစ်အကြောင်း ပြန်ပြောကြတဲ့အခါ ဒီအကြောင်းတွေကို အဲဒီချိန်
ရောက်မှ ငါက မင်းကို ပြောပြချင်လို့ ပါကွယ်..


အိုးးး သူမ အံ့သြတကြီး ရေရွတ်လိုက်မိသည်။ ယုန်ကလေးရေ နင်သိပ်ပြီး ထိန်းချုပ်နိင် လွန်းတာ ပါပဲလားဟာ။
ငါချစ်သလောက် နင်က ငါ့ကိုမချစ်ဘူးလို့ ထင်ခဲ့မိတယ်.. ငါတော့ အထင်တွေမှားခဲ့မိပြီ။ ယုန်ကလေးရေ နင်ဘာဖြစ်
နေပြီလဲ ။ နင်ဘာမှ မဖြစ်ပါဘူးနော်။ နင်ပြောပြမယ့် အချစ်အကြောင်းတွေ ငါနားထောင်ပါရစေအုံးးး။ ယုန်ကလေးရဲ့
အသံက ပို၍တိုးညင်း သွားသည်။


ဒါပေမဲ့ အရူးမလေးရေ.. ငါတို့ကံဆိုးပါတယ်ကွယ် ငါဟာမင်းနဲ့အတူတူ အနာဂတ်မှာ မရှိနိုင်တော့ပါဘူး.. ငါ့ကျော
ပေါ်မှာ ထုတ်တန်းကြီးတစ်ခုက ပိကျနေခဲ့တာ ၂နာရီကျော်ခဲ့ပါပြီ.. ငါ့ခြေထောက်ပေါ်မှာလဲ အင်္ဂတေတုံးကြီးက ပိ
လို့... ငါ့ရင်ဘတ်တစ်ခုလုံးလဲ ကြေမွနေပြီထင်ပါတယ်.. နာလိုက်တာလဲ ပြောမပြတတ်အောင်ပါဘဲကွယ်.. သွေးညှီ
နံ့တွေလဲ ငါ့နှာခေါင်းထဲမှာ နံစော်နေတာပါဘဲ.. ငါသိပါတယ်.. ငါ့ကိုယ်က ထွက်တဲ့ သွေးတွေဘဲဖြစ်မှာပါ.. ငါ့သွေး
တွေ ဘယ်လောက်တောင် ယိုစီးကျကုန်ပြီလဲ ငါမသိတော့ပါဘူး.. သေချာပါတယ်.. အချစ်ရယ် ငါဟာမင်းကို
နောက်ထပ် အဖော်လုပ်ပေးနိုင်တော့မှာ မဟုတ်သလို၊ ကာကွယ် စောင့်ရှောက် ပေးနိုင်တော့မှာလည်း
မဟုတ်ပါဘူးကွယ်..


Voice message ဆုံးသွားသဖြင့် သူမရင် တစ်ခုလုံး ကြေမွမတတ် ခံစားလိုက်ရသည်။ ယုန်ကလေးရယ် နင်သိပ်
နာကျင်နေမှာပဲနော် ။ ငါဘယ်လိုလာကယ်ရမလဲ ။ သူမ ဆောက်တည်ရာမဲ့စွာ ဖြစ်နေတော့သည်။ ထိုင်ရာမှထသည်။
အခန်းထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်သည်။ ပြန်ထိုင်သည်။ အသက်ရှူရသည်မှာလည်း မဝတော့ပေ။ နောက်ထပ်
 Voice message တစ်ခုကို တုန်ယင်စွာဖြင့် ဖွင့်သည် ။ ရှိုက်ကာ ရှိုက်ကာ အသက်ရှူသံကို ကြားရပြီးနောက်....


အချစ်လေးရေ.. ငါမင်းအသံကို ပြင်းပြင်းပြပြကို ကြားချင်လိုက်တာကွယ်.. ငါအကြိမ်ကြိမ် ခေါ်ပေမဲ့ ဖုန်းကို
ဘာကြောင့်မကိုင်ရတာလဲ.. မင်း ဘယ်ကိုများ ရောက်နေသလဲ.. ထုံးစံအတိုင်း ဖုန်းကို မေ့ထားခဲ့ပြန်ပြီ လားကွယ်..
 အရူးမလေး.. ငါ့ အချစ်လေးရေ မင်းကို ခေါ်နေတဲ့ ငါ့အသံကို ကြားရဲ့လားကွယ်.. ငါချမ်းလိုက်တာ… ဒီအပျက်
အစီးတွေအောက်မှာ နောက်ထပ် ဘယ်လောက်ကြာကြာ ငါနေနေရဦးမလဲ မသိတာ့ဘူး ခုချိန်မှာ မင်းကို ဖက်ထားခွင့်
ရမယ်ဆိုရင် ဘယ်လောက်များကောင်းမလဲ.. ငါအရမ်းချမ်းနေလို့ပါ..


အချစ်ကလေးရေ မင်းကို ငါချစ်တယ်.. ခုချိန်မှာ သေခြင်းဆိုတာ ငါနဲ့မဝေးတော့ဘူးဆိုတာ သိပေမဲ့ ငါကြောက်ရွံ့နေ
မိတယ်.. ဘာကြောင့်လဲ ဆိုတော့ မင်းအနားမှာ ငါမရှိနိုင်တော့မှာ စိုးမိတယ်လေ.. ဒါပေမဲ့ ငါသိပါတယ်.. ငါ မနေ
ရတော့ပါဘူး.. ငါသွားရတော့မှာပါ... အချစ်ရေ.. မင်းအတွက် ငါ စိတ်ပူတယ်.. ငါမရှိတဲ့အခါ မင်းတစ်ယောက်တည်း
အထီးကျန်နေမှာ၊ ကြေကွဲနေမှာ မလိုလားပါဘူး.. ငါမရှိတော့ရင်လေ မင်းဘ၀အတွက် အကောင်းဆုံး လူတစ်
ယောက်ကို ရွေးချယ်ပါ. ငါ့ကိုကတိပေးပါနော်.. ငါ့လို မင်းအပေါ် ကောင်းတဲ့သူ ကြင်နာမဲ့သူ၊ မင်းကို သိပ်ချစ်နိုင်မဲ့
သူကို ရွေးပါနော်.. သူ့ကိုလဲ မင်းက ဂရုစိုက်လိုက်ပါ။ သူနဲ့ဆိုရင် မင်းရဲ့ဖုန်းကိုလဲ ဘယ်သွားသွား ယူသွားဖို့
မမေ့ပါနဲ့နော်


အချစ်လေး.. အရူးမလေးရေ.. ငါ.... ငါအသက်ရှုလို့ မဝတော့ဘူး.. .. ငါနှုတ်ဆက်ရတော့ မယ်ထင်တယ် နောက်ဘဝ
မှာ ငါတို့ ပြန်ဆုံကြပါစို့နော်. ငါပြောခဲ့ပါရစေဦး အချစ်ဆုံး အရူးမလေးရေ.. မင်းချစ်တာထက် အဆများစွာ ငါက
ပိုချစ်ပါတယ်ကွယ်..အိုးးး အချစ်ရယ်...ငါမင်းကို သိပ်ချစ်....


အသံပြတ်တောက် သွားသော ဖုန်းကို လက်က ကိုင်ကာ သူမ ငြိမ်သက်သွားသည်။ ထို့နောက် အသက် မရှုနိုင်
လောက်အောင် ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့သည်။ သူမကိုယ်ကို ခွင့်မလွှတ်နိင်ပေ။ သူမပေါ့ဆမိပါသည်။

ကိုယ့်ကိုယ်ကို ယုန်ကလေးထက်ပိုချစ်တယ် လို့ အမြဲတမ်း ထင်ခဲ့ပေမဲ့ ယုန်ကလေး ခုလိုဖြစ်တဲ့အချိန်မှာ နှစ်သိမ့်
စကားလေး တစ်ခွန်းတောင်မှ ပြောခွင့် မရ လိုက်အောင် ပေါ့လျော့မိတဲ့ သူမအပြစ်က ခွင့်လွှတ်ဖို့မျှပင် မထိုက်
တန်လောက်အောင် ဆိုးဝါးလွန်း လှသည်။ နာရီပေါင်းများစွာ မထတမ်း သူမ ငိုကြွေးနေမိသည်။


နောက်တော့ မျက်စိကိုစုံမှိတ်လိုက်ရင်း ယုန်ကလေး ကြားနိုင်အောင် သူမရင်ထဲ အသည်းထဲကနေ
အော်ဟစ်လိုက်မိသည်။


“အချစ်ရေ.. နောက်ဘ၀မှာ ပြန်ဆုံကြမယ်.. နောက်ဘ၀မှာလည်း နင့်ကို ငါ အရမ်းချစ်ပါ့မယ်.. ပြီးတော့..
ပြီးတော့ … ဘယ်တော့မှလဲ ဖုန်းကို မေ့မထားတော့ပါဘူး… ငါကတိပေးပါတယ် အချစ်ရယ်.... နင်လိုအပ်ချိန်တိုင်း
အဆင်သင့်ရှိနေအောင် ငါဂရုစိုက်ပါ့မယ်... ငါလည်း နင့်ကို သိပ်ချစ်ပါတယ်.. ”

အနာဂါတ်တစ်လျှောက်လုံး သူမ တစ်ယောက်ထဲသာ မွမွကြေသော နှလုံးသား တစ်စုံဖြင့် ရှင်သန်ရပေဦးတော့မည်။


------------------------------------------------------------------

နှစ်ဦးသား ချစ်ကြတဲ့အခါမှာ ဖွင့်မပြောတဲ့ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှု၊ ကြင်နာတတ်မှုတို့ကို နားလည်အောင်၊
မြင်တွေ့အောင် ကြည့်တတ်ဖို့လဲ လိုပါသေးတယ်.. အချိန်နှောင်းသွားတဲ့အခါမှ သိလိုက်မယ်ဆိုရင် အရာရာ နောက်
ကျလို့ သွားပါပြီ.. ဒါကြောင့် ချစ်သူများအားလုံး ကိုယ့်ချစ်သူရဲ့ အပြုအမူ၊ အကျင့်စရိုက်လေးတွေကို တစ်ဦးနဲ့
တစ်ဦး သိနိုင် မြင်နိုင်အောင်၊ ပိုပြီး နားလည်နိုင်အောင် ကြိုးစားသင့်လှပါတယ်နော်.. တစ်ခါတစ်ရံမှာ ထုတ်ဖော်မပြ
လို့ အပေါ်ယံကြည့်ယုံနဲ့ မမြင်ရတဲ့ ကိုယ့်အပေါ် ဂရုစိုက် ကြင်နာမှုလေးတွေ ကိုလဲ မြင်အောင်ကြည့်ပြီး
တန်ဖိုးထားတတ်အောင်လည်း ကြိုးစား ကြပါဦးစို့နော်.. ချစ်သူ ခင်သူများအားလုံး နားလည်မှုလေးတွေ ကိုယ်စီနဲ့
အဆင်ပြေ ပျော်ရွှင်နိုင်ကြ ပါစေ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့