Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

အကျည်းမတန်စေချင်ပါ...

စစ်ကိုင်းမြို့အလွန် တစ်နေရာတွင်ဖြစ်သည်။
“ မပေးဘူး…၊ နင်…ငါ့ကို မနှိပ်စက်နဲ့”
“ သြော်….မင်းက ငါကို လူပုံအလယ်မှာ အရှက်ခွဲတယ်ပေါ့”
“ ခွဲတယ် ဘာဖြစ်လဲ၊ ဘာလုပ်ချင်လဲ” ပြောရင်း ငိုသည်။
ထို့နောက် တစ်ယောက်နှင့် တစ်ယေက် လုံးထွေးကာ သတ်ပုတ်ကြသည်။
“ ကောင်မစုတ် ငါ့ကို ဘာမှတ်သလဲ”
“ ကဲ ဟာ… ကဲ ဟာ…”
ဒုတ်တစ်ချောင်းဖြင့် ကလေးမ၏ ဦးခေါင်းကို ရိုက်လိုက်သည်။
“ အမလေး” ဟူသော အသံနှင့်အတူ ကလေးမကလေး လဲကျသွားသည်။ အားလုံးက မင်သက်ကာ ကြည့်နေကြသည်။

အရိုက်ခံလိုက်ရသူက မိန်းကလေး၊ ရိုက်လိုက်သူက ယောက်ျားကလေးဖြစ်သည်။
လဲကျသွားသော ကလေးမလေးအပေါ် နောက်ထပ် ရိုက်ပြန်သည်၊ ခြေထောက်နှင့် ကန်သည်။
ဈေးသည်များ အားလုံး ၀ိုင်းဝန်းဆွဲသော်လည်း လက်မခံ “ သတ်ပစ်မယ်… မင်း.. ငါ့ကို ဘာကောင် မှတ်နေတုံး” ဟု ပြောကာ ဆွဲထားသည့် လက်များမှ ရုန်းထွက်ကာ ရိုက်မည်ပြုပြန်သည်။
သူတို့၏အသံတို့ကြောင့် အားလုံး နားမချမ်းသာ။ ဤမြင်းကွင်းကြောင့် အားလုံး၏ နှလုံးသားတွင် ပူနွေးသောအရသာကို ခံစားမိကြဟန်တူပါသည်။ မျက်နှာများတွင် ရွှင်လန်းမှုတို့ ဆိတ်သုဉ်းနေကြသည်။

“ အဲဒါ မောင်နှမတွေ”
ဈေးသည်တစ်ဦး၏ ပြောပြချက်အရ မောင်နှမတွေမှန်းသိရသည်။ ပို၍ အံ့သြမိကြပြန်သည်။
“မောင်နှမတွေကလဲ ရန်သူတွေ သတ်နေကြတာ ကြနေတာပဲ” ခရီးသည်တစ်ဦးက မှတ်ချက်ပေးသည်။
သည်မြင်ကွင်းက အားလုံးကို အကျည်းတန်စေခဲ့သည်၊ အားလုံးကို ပူလောင်စေခဲ့သည်။ မြင်ရသူ များကိုပင် ထိုမျှပူလောင် အကျည်းတန်စေလျှင် ဒေါသဖြစ်နေသူ သန္တာန်မှာမူ မည်မျှပူလောင်နေ ပါမည်နည်း။

ကောဓော အတ္ထံ နဇာနာတိ= ဒေါသထွက်နေသူသည် အကျိုးရှိမရှိ မသိ။
ကုဒ္ဓေါ ဓမ္မံ နပဿရေ=ဒေါသထွက်လျှင် တရားသည်မတရားသည်ကို မမြင်တော့။ ဟု မြတ်ဗုဒ္ဓက ဟောတော်မူခဲ့သည်။

မှန်၏။ ယခုမောင်နှမများ သူတို့ကိုယ်တွင် ၀င်ရောက်နောက်ယှက်ပူးဝင်လိုက်သော ဒေါသကြောင့် အကျိုးရှိသည်ကို မသိ၊ အကျိုးမရှိသည်ကိုလည်း မသိတော့ချေ။ အရူးပမာ လုပ်သမျှ အဟုတ်ထင်နေတော့၏။ ဒေါသုမ္မတ္တက(ဒေါသကြောင့်ရူးသူ)ဟု ခေါ်ရပေတော့မည်။
ဒေါသက သူတို့၏ ဉာဏ်အမြင်တို့ကို ဖုံးအုပ်ထားသောကြောင့် တော်၏ မတော်၏ သင့်၏ မသင့်၏ကို မစဉ်းစားနိုင် မမြင်နိုင်တော့ချေ။ ဒေါသတရားကာ အပြစ်အလွန်ကြီးမားလှ၏။
ဒေါသတရားကြောင့် အပါယ်ကိုပင်ရောက်နိုင်၏။

ထို့ကြောင့် ဒေါသတရားအစား သည်းခံ မေတ္တာထားကြဖို့လိုအပ်၏။ သို့မှသာလျှင် ငြိမ်းချမ်းသာယာသော ကျက်သရေရှိသော မောင်နှမတွေ ဖြစ်မည်မဟုတ်ပါလား။
မောင်နှမတွေဖြစ်ပေမယ့် အတ္တတွေ မာနတွေ အာဃာတတွေ ကိုယ်စီနှင့် ဆိုလျှင် အဲဒီမောင်နှမ အဲဒီ အိမ်ဂေဟာသည် အကျည်းတန်နေဦးမည် ကျက်သရေယုတ်နေဦးမည် ဖြစ်သည်။ အချင်းချင်း ချစ်ခင်ကြင်နာမှုတွေ စာနာနားလည်မှုတွေ ကိုယ်စီနှင့်ဆိုလျှင် သာယာလှပသည့် သီရိဂေဟာ။ ကျက်သရေရှိသည့် မောင်နှမတတွေဖြစ်မည်မှာ သေချာပါသည်။

(ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့