Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

ပရမတ္ထတရားတို့၏ အနက်အဓိပ္ပါယ်များ (၁)


အဘိဓမ္မတ္ထသင်္ဂဟ ပရမတ္ထတရားတို့၏ အဓိပ္ပါယ်များ
ပရမတ္ထ = မဖောက်မပြန် မှန်ကန်တည့်မတ် မြတ်သော အနက်သဘောရှိသောကြောင့် ပရမတ္ထခေါ်၏။

စိတ် = အာရုံခြောက်ပါးကို ရှေးဦးစွာယူ၍ သိတတ်သောသဘောကို စိတ်ဟုခေါ်ပါသည်။

စေတသိက် = စိတ်၌မှီ၍ စိတ်နှင့် ဖြစ်ပျက်တူ၊ အာရုံ-မှီရာတူသောကြောင့် စေတသိက်ခေါ်ပါသည်။ သို့သော်
စေတသိက်များသည် စိတ်ကို ကောင်းအောင် မကောင်းအောင်လည်း ချယ်လှယ်ကြပါသည်။

ရုပ် = အပူ အအေးစသည့် သဘာဝတရားများကြောင့် ဖောက်ပြန်ပြောင်းလဲတတ်သောကြောင့် ရုပ်ဟု ခေါ်ပါသည်။ ဥပမာ အအေးဓာတ်ကြိုက်သော သစ်ပင်ပန်းမလ်များသည် အပူဓာတ်ပြောင်းသွားသည့် အခါတွင် ညှိုးခြောက်သွားသကဲ့သို့ဖြစ်ပါသည်။

နိဗ္ဗာန် = တဏှာမှထွက်မြောက်တတ်သော၊ ဆင်းရဲဒုက္ခအားလုံးမှ လွတ်မြောက်တတ်သော၊ သေခြင်း ကင်းရာဖြစ်သော အနက်သဘောကြောင့် နိဗ္ဗာန်ဟုခေါ်ပါသည်။

ကာမာဝစရစိတ် = ကာမဘုံ၌ များသောအားဖြင့် ကြဉ်လည်တတ် ဖြစ်တတ်သော အနက်သဘောရှိ သောကြောင့် ကာမာဝစရစိတ်ခေါ်ပါသည်။

ရူပါဝစရစိတ် = ရူပဘုံ၌ များသောအားဖြင့် ကြဉ်လည်တတ် ဖြစ်တတ်သော အနက်သဘောရှိသော ကြောင့် ရူပါဝစရစိတ်ခေါ်ပါသည်။

အရူပါဝစရစိတ် = အရူပဘုံ၌ များသောအားဖြင့် ကြဉ်လည်တတ် ဖြစ်တတ်သောအနက်သဘော ရှိသော ကြောင့် ရူပါဝစရစိတ်ခေါ်ပါသည်။

လောကုတ္တရာစိတ် = သတ္တလောက သခါင်္ရလောက သြကာသလောကမှ ထွက်မြောက်တတ်သော ကြောင့် လောကုတ္တရာစိတ်ဟုခေါ်ပါသည်။တစ်နည်း - အာသဝတရားလေးပါးတို့၏ အာရုံဖြစ်သော ဥပါဒါနက္ခန္ဓာဟူသော သင်္ခါရလောကမှ ထွက်မြောက်တတ်သောကြောင့်…။

သောမနဿ = တင့်တယ်သော ကောင်းသော ရွှင်လန်းသော အနက်သဘောရှိသောကြောင့်…။

သဟဂတ = အတူတကွဖြစ်ခြင်းသဘော…..။ သမ္ပယုတ္တ = ယှဉ်တွဲခြင်း။

ဒိဋ္ဌိ = သာမာန်အားဖြင့်မြင်ခြင်းသဘော၊ အကုသိုလ်အရာ၌ မှားသောအားဖြင့် မြင်ခြင်းသဘော…..။

အသင်္ခါရိက = တိုက်တွန်းအားပေးမှုစသော အထောက်အကူမပြုရသောအနက်သဘောရှိသော….။

သသင်္ခါရိက = တိုက်တွန်းအားပေးမှုစသော အထောက်အကူပြုပေးရသော အနက်သဘော….။

သောမနဿဖြစ်ကြောင်းလေးပါး = (က)သောမနဿစိတ်နှင့်ပဋိသန္ဓေနေခြင်း။ (ခ)မနက်နဲသော သဘောရှိခြင်း။ (ဂ)အလိုရှိအပ်သော ဣဋ္ဌာရုံနှင့်တွေ့ဆုံရခြင်း။ (ဃ)အနှောက်အယှက် အဟန့်အတား မှ ကင်းလွတ်ခြင်း။

ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်ကြောင်းတရား(၅)ပါး = (က)ဘဝအဆက်ဆက်မှ ပါလာသော မိစ္ဆာဒိဋ္ဌိ အယူ မှားဓာတ်ခံရှိခြင်း။ (ခ)အယူမှားသောသူနှင့်ပေါင်းသင်းခြင်း။ (ဂ)သူတော်ကောင်းတရားနှင့် မျက်ကွယ် ဖြစ်၍နေခြင်း။ (ဃ)မိစ္ဆာကျမ်းကိုကြည့်ရှု၍ မိစ္ဆာတရားကို ကြားနာပြီး အကြံအစည်အတွေးအတောများ ခြင်း။ (င)မှားယွင်းသော နှလုံးသွင်းမှုပြုခြင်း။

ဥပေက္ခာ = သုခ ဒုက္ခမဟုတ်သော၊ မုန်းခြင်းချစ်ခြင်းမဟုတ်သော၊ ဝမ်းသာခြင်း ဝမ်းနည်းခြင်း မဟုတ်သော ၎င်းတို့၏အလယ်တည့်တည့်၌ဖြစ်တတ်သော လျစ်လျှူရှုတတ်သော အနက်သဘောရှိ သောကြောင့် …။

ဥပေက္ခာသဟဂုတ်ဖြစ်ကြောင်းတရား(၄)ပါး = ၁။ဥပေက္ခာစိတ်နှင့် ပဋိသန္ဓေနေခဲ့ခြင်း။ ၂။နက်နဲသော သဘောရှိခြင်း။ ၃။အလယ်အလတ်ဖြစ်သော အာရုံနှင့်ပေါင်းဖက်တွေ့ဆုံခြင်း။ ၄။အနှောက်အယှက် များမှ ကင်းလွတ်ခြင်း။

လောဘ = အာရုံခြောက်ပါးတို့၌ နှစ်သက်တွယ်တာ ကပ်ငြိတပ်မက် လိုချင် စွဲလန်းတတ်သော…..။

ဒေါသ = ကြမ်းတမ်းသော မတင့်တယ်သော ထိပါးပုတ်ခတ်တတ်သော ပူလောင်တတ်သော ……။

မောဟ = တွေဝေသော၊ မိုက်မဲသော၊ အသိဉာဏ်ကင်းသော၊ အမှားကို အမှန်ထင်သော၊ အမှန်ကို အမှားထင်သော၊ အမှန်တရားတို့၌ ယုံမှားသံသယဖြစ်တတ်သော အနက်သဘောရှိသောကြောင့်…။

လောဘဖြစ်ကြောင်းတရားများ = ၁။လောဘခြံရံသောကံကြောင့်ရသော ပဋိသန္ဓေရှိခြင်း။ ၂။လောဘ အဖြစ်များသော မင်းစိုးရာဇာ နတ်ဘဝမှလာခဲ့ခြင်း။ ၃။အရာရာ၌ သာယာဘွယ်ဟု ရှုမြင်လေ့ရှိခြင်း။ ၄။ဣဋ္ဌာရုံတို့နှင့် တွေ့ဆုံခြင်း။

ဒေါသဖြစ်ကြောင်းတရားလေးပါး = ၁။ဒေါသအဇ္ဈာသယဓာတ်ခံရှိခြင်း။ ၂။မနက်နဲသော သဘောရှိ ခြင်း။ ၃။အကြားအမြင်နည်းပါးခြင်း။ ၄။အနိဋ္ဌာရုံ(မလိုချင်သော မလိုလားသောအာရုံ)နှင့်တွေ့ဆုံခြင်း။
အကုသိုလ်စိတ်ဖြစ်ကြောင်း ဝိပတ္တိစက်လေးပါး = ၁။သူတော်ကောင်းတရားခေါင်းပါးသောအရပ်၌နေရ ခြင်း။ ၂။သူယုတ်မာတို့ကို ပေါင်းသင်းရခြင်း။ ၃။ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုကံနည်းပါးခြင်း ၄။ဟုတ်တိုင်းမှန်စွာ နှလုံးမသွင်းတတ်ခြင်း။

ပဋိဃ = အာရုံကို ထိခိုက်တတ်သောသဘော ကြမ်းတမ်းသောသဘောရှိသောကြောင့်…။

ဝိစိကိစ္ဆာ = သဘောအမှန်ကို စူးစမ်းဆင်ခြင်သည်ရှိသော ပင်ပန်းခြင်းသဘောရှိသောကြောင့်..။ (ဝါ)အသိဉာဏ်တည်းဟူသော ကုစားခြင်းမှကင်းသောကြောင့်….။

ဥဒ္ဓစ္စ = ဟိုရောက် ဒီရောက် လွင့်ချင်ရာလွင့်တတ်သော မတည်ငြိမ်သောအနက်သဘောရှိသော…..။

အဟိတ် = သေးနုတ်သိမ်ငယ်သော ကိစ္စ ဌာနရှိ၍ အကြောင်းရင်းဇနကကံအားနည်းရကား ယှဉ်ဘော် ယှဉ်ဘက်ဟိတ် မရှိသောကြောင့် အဟိတ်ဟုခေါ်ဆိုပါသည်။

စက္ခုဝိညာဏ် = မျက်စိအကြည်ဓာတ်တည်းဟူသော စက္ခုပသာဒကိုမှီ၍ သိတတ်သောစိတ်။

သောတဝိညာဏ်စသည် = နည်းတူမှတ်ပါ..။

စက္ခဝိညာဏ်ဖြစ်ကြောင်းတရားလေးပါး = ၁။မပျက်မစီး ကြည်လင်သော မျက်စိအကြည်ဓာတ်ရှိခြင်း။ ၂။အလင်းရောင်ထင်ရှားရှိခြင်း။ ၃။မြင်လောက်သော ရူပါရုံအဆင်းရှိခြင်း။ ၄။ထိုအာရုံကို ဆင်ခြင်သော အာဝဇ္ဇန်း-မနသိကာရရှိခြင်း။

သမ္ပဋိစ္ဆိုင်း = ပဉ္စဝိညာဏ်သည်ယူအပ်သော အာရုံငါးပါးကို ခံယူသောအခြင်းအရာအားဖြင့် လက်ခံ တတ်သောအနက်သဘောကြောင့်….။

သန္တီရဏ = သမ္ပဋိစ္ဆိုင်းသည် လက်ခံအပ်သော အာရုံငါးပါးကို စုံစမ်းတတ်သောကြောင့် သန္တီရဏ….။

ပဉ္စဒွါရာဝဇ္ဇန်း = ငါးဒွါရ၌ထင်လာသောအာရုံငါးပါးကို ရှေးဦးစွာ ဆင်ခြင်တတ်သောကြောင့် …..။

မနောဒွါရဝဇ္ဇန်း = မနောဒွရ၌ထင်လာသော အာရုံခြောက်ပါးကို ရှေးဦးစွာဆင်ခြင်တတ်သောကြောင့်.။

ဟသိတုပ္ပါဒ် = မရုံ့ရင်းမကြမ်းတမ်း,အပြစ်ကင်း၍ သန့်ရှင်းသိမ်မွေ့သော အာရုံတစ်ခုခုကို အာရုံပြုကာ ဘုရား ရဟန္တာတို့သန္တာန် ပြုံးရွှင်သောစိတ်…။

ဝိပါက် = ရင့်ကျက်သောအဖြစ်သို့ရောက်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးတရားသည်…။

ကိရိယာ = ပြုခါမတ္တမျှသာဖြစ်သောသဘောရှိသောကြောင့်..။ အာဝဇ္ဇန်းဒွေးမှတစ်ပါး ကြွင်းသော ကိရိယာစိတ် (၁၈)ပါးသည် ရဟန္တာတို့၏ သန္တာန်မှာသာဖြစ်ကြ၍ အနုသယကင်းပြတ်ကြသဖြင့် ထိုထို ကိစ္စမှန်သမျှကို ပြုကာမတ္တ(အကျိုးမပေး)သော အနက်သဘောရှိသောကြောင့်…။

သောမနဿဖြစ်ကြောင်းတရားလေးပါး = ၁။အားကြီးသောသဒ္ဓါတရားရှိခြင်း။ ၂။ဉာဏ်အမြော်အမြင် နှင့် ပြည့်စုံခြင်း။ ၃။လှူဘွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်တို့၏ပြည့်စုံခြင်း။ ၄အလိုရှိအပ်သော ဣဋ္ဌာရုံနှင့် တွေ့ဆုံ ခြင်းတို့ဖြစ်ပါသည်။

ဉာဏသမ္ပယုတ်ဖြစ်ကြောင်းတရားလေးပါး = ၁။ပညာဉာဏ်ကိုဖြစ်စေတတ်သော ကံတရားရှိခြင်း။ ၂။ဗြဟ္မာ့ဘုံ၌ဖြစ်ခဲဘူးခြင်း။ ၃။ဣနြေ္ဒရင့်ကျက်ခြင်း။ ၄။ကိလေသာမှ ကင်းဝေးခြင်း။

အသင်္ခါရိက ကုသိုလ်ဖြစ်ကြောင်းတရား(၆)ပါး = ၁။အသင်္ခါရိကနှင့် ပဋိသန္ဓေနေခဲ့ခြင်း။ ၂။ရှေးဘဝ၌ လေ့ကျက်ခဲ့ဘူးသော အထုံဝါသနာရှိခြင်း။ ၃။လျှောက်ပတ်သော ဥတု ဘောဇဉ်ရ၍ ကိုယ်စိတ်ချမ်းသာ ခိုက်ရှိခြင်း။ ၄။မြော်မြင်တတ်သော အရွယ်သို့ရောက်ခြင်း။ ၅။သဒ္ဓါ ပညာနှင့်ပြည့်စုံခြင်း။ ၆။ကြည်နူး ဘွယ်သော လှူဘွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်နှင့်ပြည့်စုံခြင်း။

ဝိတက် = အာရုံသို့ စိတ်ကိုရှေးရှုတင်ပေးသော ဆောင်ပေးသောသဘော။ ဥပမာ - ရှင်ဘုရင်နှင့် အ ကျွမ်းဝင်သူမိတ်ဆွေက တောသားတစ်ယောက်ကို နန်းတော်သို့တက်ရောက်နိုင်အောင် တင်ပေးသကဲ့ သို့ ဝိတက်သည် ယှဉ်ဘက်တရားတို့ကို အာရုံသို့တင်ပေးခြင်းလက္ခဏာရှိပါသည်။

ဝိစာရ = ဝိတက်တင်ပေးသော အာရုံကို အဖန်ဖန်သုံးသပ်ခြင်းလက္ခဏာရှိပါသည်။

ဝိတက် ဝိစာရတို့၏ထူးခြားပုံ = ဝိတက်သည် ရုံ့ရင်းကြမ်းတမ်းသော သဘောရှိသောကြောင့်၎င်း၊ ရှေ့ ကသွားသော သဘောရှိသောကြောင့်၎င်း၊ ရှေးဦးစွာ တီးခတ်သောခေါင်းလောင်းသံနှင့်တူပါသည်။ ဝိစာရသည် သိမ်မွေ့သော သဘောရှိသောကြောင့်၎င်း၊ အဖန်ဖန်သုံးသပ်ခြင်း သဘောရှိသောကြောင့် ၎င်း၊ တီးခတ်ပြီးသော ခေါင်းလောင်းသံ၏ ဆက်လက်မြည်ဟီးသောအသံနှင့်တူလှပါသည်။

ပီတိ = ကိုယ်စိတ်နှစ်ပါးကို ရောင့်ရဲစေတတ်၊ တိုးပွားစေတတ် ကြည်နူးနှစ်သိမ့်စေတတ်သောသဘော။

သုခ = သမ္ပယုတ်တရားတို့ကို ချမ်းသာစေတတ်သောသဘောရှိပါသည်။ ဥပမာ ချမ်းသာသုခကို ခံစား သော မင်းနှင့်တူပါသည်။

ပီတိနှင့်သုခအထူး = သဲကန္တာရ၌ ခရီးပမ်းလာသူသည် တောအုပ် အရိပ် ရေတို့ကို မြင်သောအခါ နှစ် သက်ခြင်းကဲ့သို့ အာရုံကို နှစ်သက်ခြင်းပျော်ရွှင်ခြင်းသဘောသည် ပီတိမည်ပါသည်။ တောအုပ်ကိုဝင် ပြီး အရိပ်မှာ ခိုရသည့်အခါ၊ ရေကို သောက်ရ ချိုးရသည့်အခါကဲ့သို့ အာရုံကို ခံစားခြင်းသဘောသည့် သုခမည်ပါသည်။

ဧကဂ္ဂတာ = အာရုံအမျိုးမျိုး၌ ပျံ့လွင့်ခြင်းသဘောမရှိ အာရုံတစ်ခုတည်း၌ တည်တတ်သောသဘော လက္ခဏာရှိပါသည်။

ဈာန် = ကသိုဏ်းစသော အာရုံကို ကပ်၍ရှုတတ်သောကြောင့်၎င်း၊ ဆန့်ကျင်ဘက် လောဘစသော နီဝရဏတရားတို့ကို လောင်မြိုက်စေတတ်သောကြောင့်၎င်း ဈာန်မည်ပါသည်။

အာကာသာနဉ္စာယတန = အဆုံးပိုင်းခြားမရှိသော ကောင်းကင်ပညတ်ဟုဆိုအပ်သော အာရုံရှိသော ကြောင့် အာကာသာနဉ္စာယတနခေါ်ပါသည်။ ကောင်းကင်ပညတ်လျှင် တည်ရာအာရုံရှိသောဈာန်စိတ် သည် အကာသာနဉ္စာယတနဈာန်စိတ်ဟုခေါ်ပါသည်။

ဝိညာနဉ္စာယတနဈာန်စိတ် = ပထမာရုပ္ပဝိညာဏ်တည်းဟူသော အကာသာနဉ္စာယတနဈာန်စိတ်လျှင် တည်ရာရှိသော ဈာန်စိတ်သည်…မည်ပါသည်။

အကိဉ္စညာယတနဈာန်စိတ် = ပထမာရုပ္ပဝိညာဏ် စိုးစဉ်းအနည်းငယ်မျှ အကြွင်းအကျန်မရှိသော နတ္ထိဘောပညတ်လျှင်အာရုံရှိသော ဈန်စိတ်သည်….မည်ပါသည်။

နေဝသညာနာသညာယတနဈာန်စိတ် = တတိယာရုပ္ပဝိညာဏ်လျှင်တည်ရာရှိသောဈာန်စိတ်သည်… မည်ပါသည်။ ထိုဈာန်စိတ်သည် အလွန်နူးညံ့သိမ်မွေ့လှသဖြင့် ၎င်းစိတ်နှင်ယှဉ်ကြကုန်သော သညာ ဝေဒနာစသော နာမ်တရားစုတို့မှာလည်း အလွန်နူးညံ့သိမ်မွေ့ကုန်၏။ ထို့ကြောင့် သမာပတ်ရှစ်ပါးတွင် အသိမ်မွေ့ဆုံး အလွန်ကဲဆုံးဖြစ်သည်။ သက်တမ်းလည်းအရှည်ဆုံး ဘုံအားဖြင့်လည်း အမြင့်ဆုံးဖြစ်၏ ထိုဈာန်ထက် သိမ်မွေ့သောတရားမရှိ။ ထို့ထက်သိမ်မွေ့ပါလျှင် နာမ်တရားတို့ အရှင်းမပေါ်ဘဲ ချုပ်ငြိမ်း ရလိမ့်မည်။ ထိုသို့ချုပ်ငြိမ်းမှုသည် နိရောဓသမာပတ်မည်၏။ ထို့ကြောင့် နိရောဓသမာပတ်ဝင်စားတော် မူကြကုန်သော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တို့သည် ဈာန်အဆင့်ဆင့် ဝင်စားလာကြရာ နောက်ဆုံးတွင် အသိမ်မွေ့ဆုံးဖြစ်သော နေဝသညာနာသညာယတနဈာန်ကို ဝင်စားပြီးနောက် နာမ်တရားတို့၏ ဖြစ်မှု ပျက်မှုပြတ်စဲ ချုပ်ငြိမ်းရသော နိရောဓသမာပတ်ဖြစ်လာပါသည်။

သမာပတ်ရှစ်ပါး = ရူပါဝစရဈာန်စိတ်(၅)ပါးကို စတုက္ကနည်းအားဖြင့် (၄)ပါးယူပြီး အရူပါဝစရဈာန်စိတ် လေးပါးနှင့်ပေါင်းသော သမာပတ်ရှစ်ပါးဖြစ်ပါသည်။ စတုက္ကနည်းယူပုံမှာ = ပထမဈာန် ဒုတိယဈာန် သည် ပထမဈာန်မည်၏။ တတိယဈာန်သည် ဒုတိယဈာန်။ စတုတ္ထဈာန်သည် တတိယဈာန်။ ပဉ္စမ ဈာန်သည် စတုတ္ထဈာန်မည်၏။ ဤသို့လေးပါးဖြစ်လာသည်။

လောကုတ္တရာ = လောကကိုလွန်မြောက်ခြင်း၊ လောကကိုလွှမ်းမိုး၍တည်ခြင်းသဘောရှိပါသည်။
လောကကိုလွန်မြောက်ပုံ = သောတာပတ္တိမဂ်သည် ပုထုဇဉ်ဟူသော သတ္တလောက၊ အပါယ်လေးပါး ဟူသော သြကာသလောကမှ လွန်မြောက်ပါသည်။ သကာဒါဂါမိမဂ်သည် သောတာပန်ပုဂ္ဂိုလ်ဟူသော သတ္တလောက၊ ကာမဘုံတစ်စိပ်တစ်ဒေသဟူသော သြကာသလောကမှလွန်မြောက်ပါသည်။ အနာဂါ- မိမဂ်သည် သကဒါဂါမ်ဟူသော သတ္တလောက၊ ကာမဘုံဟူသော သြကာသလောကမှ လွန်မြောက်ပါ သည်။ အရဟတ္တမဂ်သည် အနာဂါမ်ဟူသောသတ္တလောက၊ ရူပ အရူပဘုံဟူသော သြကာသလောက မှလွန်မြောက်ပါသည်။

မဂ် = ကိလေသာကိုသတ်၍ နိဗ္ဗာန်ကိုသွားတတ်သောကြောင့် မဂ်ဟုခေါ်ပါသည်။

သောတာပတ္တိမဂ် = အရိယာမဂ်တည်းဟူသော အယဉ်သို့ ရှေးဦးစွာရောက်ခြင်းဖြင့် ရအပ်သော မဂ်သည်…။

သကဒါဂါမိမဂ် = ပဋိသန္ဓေနေခြင်း၏အစွမ်းအားဖြင့် ဤလူ့ဘုံသို့ တစ်ကြိမ်သာလာခြင်းရှိသော မဂ် သည် သကဒါဂါမိမဂ်မည်ပါသည်။

အနာဂါမိမဂ် = ပဋိသန္ဓေနေခြင်း၏အစွမ်းအားဖြင့် ကာမဘုံသို့တစ်ကြိမ်သာလာတတ်သောမဂ်သည်..။

အရဟတ္တမဂ် = မြတ်သောအလှူကိုခံထိုက်သည်၏အစွမ်းဖြင့် ပူဇော်အထူးကိုခံထိုက်သော မဂ်သည် အရဟတ္တမဂ်မည်ပါသည်။

စေတသိက်တို့၏ အဓိပ္ပါယ်များ

ဖဿ = အာရုံတို့ကိုတွေ့ထိခြင်းသဘောသည် ဖဿမည်၏။ ဥပမာ ချဉ်သီးစားနေသူကို တစ်ပါးသူ များက မြင်သောအခါ သွားရည်ယိုသကဲ့သို့ အဆင်းနှင့်စက္ခုဒွါရပေါင်းဆုံသောခါ မြင်သိစိတ်ကိုလာ ရောက်တွေ့ထိသောသဘောပင်တည်း။

ဝေဒနာ = အာရုံ၏ ဣဋ္ဌ အနိဋ္ဌစသော အရသာကို ခံစားခြင်းသဘောသည် ဝေဒနာမည်၏။

သညာ = ကောင်းဆိုးနှစ်ပါး အာရုံများကို အမှတ်ပြု၍သိခြင်းသဘော။အဖြူ အနီ အညိုစသည်တို့ကို မှတ်သားခြင်းသည် သညာသိမည်၏။ စာပေများကို ကျက်မှတ်ခြင်းသည်သညာသိ။ စာပေများကို ဉာဏ်ဖြင့် ဝေဖန်ပိုင်းခြား၍သိခြင်းသည် ပညာသိမည်၏။

စေတနာ = နှိုးဆော်တိုက်တွန်းခြင်း ကြောင့်ကြစိုက်စေခြင်းသဘောသည် စေတနာမည်၏။

ဧကဂ္ဂတာ = အာရုံတစ်ခုတည်း၌ တည်တည်တန့်တန့် စူးစိုက်တည်ကြည်ခိုင်မာသောသဘောသည်..။

ဇီဝိတိနြေ္ဒ = အတူဖြစ်ဖက်တရားတို့ကို အသက်ရှင်စေအောင်စောင့်ရှောင်ခြင်း အစိုးရခြင်းသဘော…။

မနသိကာရ = အာရုံသို့ရောက်အောင် နှလုံးသွင်းခြင်း၊ အာရုံ၌စိတ်ကို မောင်းနှင်ခြင်းသဘောသည်….။

မနသိကာရသုံးပါး = ၁။ငါးဒွါရ၌ဖြစ်သော ဝီထိစိတ်အစဉ်ကို အာရုံငါးပါးနှင့် ယှဉ်တွဲ၍ပေးတတ်သော ပဉ္စ ဒွါရဝဇ္ဇန်းစိတ်သည် ဝီထိပဋိပါဒက မနသိကာရမည်၏။ ၂။ဇောစိတ်အစဉ်ကို အာရုံအမျိုးမျိုးနှင့် ယှဉ်တွဲပေးတတ်သော မနောဒွါရာဝဇ္ဇန်းစိတ်သည် ဇဝနပဋိပါဒကမနသိကာရမည်၏။ ၃။ချုပ်သွား သောစိတ်အစဉ်များပြန်ဖြစ်ပေါ်လာရန် အာရုံကိုယူရန် စီမံနှလုံးသွင်းပေးတတ်သော အာရမ္မဏ ပဋိပါဒက မနသိကာရ (မနသိကာရစေတသိက်)ဟူ၍သုံးပါးဖြစ်ပါသည်။

သဗ္ဗစိတ္တသာဓာရဏ = စိတ်အားလုံးနှင့် အမြဲယှဉ်တွဲတတ်သောကြောင့် … မည်ပါသည်။

အဓိမောက္ခ = အာရုံကို တိတိကျကျ ခိုင်ခိုင်မာမာ ဆုံးဖြတ်တတ်သောကြောင့် … မည်ပါသည်။

ဝီရိယ = ရဲရဲရင့်ရင့် အားထုတ်ခြင်းသဘော၊ ကြိုစားအားထုတ်မှုသဘောရှိသောကြောင့်…။

ပီတိ = နှစ်သက်ရွှင်လန်း, စိတ်နှလုံးကို ဝမ်းသာစေခြင်းသဘောရှိသောကြောင့် … မည်ပါသည်။

ပီတိငါးမျိုး = ၁။ကိုယ်၌ကျက်သီးမွှေးညှင်းထရုံ နှစ်သက်ခြင်းသည် ခုဒ္ဒကာပီတိ။ ၂။လျှပ်စစ်ပျက်သလို ကိုယ်၌ ခဏခဏ ဖြန်းကနဲ ဖြန်းကနဲနှစ်သက်လျှင် ခဏိကာပီတိ။ ၃။သမုဒ္ဒရာလှိုင်းလို ကိုယ်မှာ တစ်ငြိမ့်ငြိမ့် တစ်သိမ့်သိမ့် နှစ်သက်လျှင် သြက္ကန္တိကာပီတိ။ ၄။နှစ်သက်မှုအရှိန်ကြီးမားကာ ကိုယ်ကို ကောင်းကင်သို့ကြွတက်စေနိုင်သော နှစ်သက်မှုသည် ဥဗ္ဗေဂါပီတိ။ ၅။တစ်ကိုယ်လုံးစိမ့်ကာ တစ်သိမ့် သိမ့်ကြည်နူးချမ်းမြေ့သော (ဝါဂွမ်းအတွင်းသို့ ဆီများစိမ့်ဝင်သကဲ့သို့)နှစ်သက်မှုသည် ဖရဏာပီတိ။

ဆန္ဒ = အာရုံ၌ငြိစွဲသော သဘောမပါဘဲ ပြုလိုကာမတ္တတောင့်တသည့်သဘောသည် … မည်ပါသည်။

အဟီရိက = မကောင်းမှု ဒုစရိုက်ကို ပြုရမှာ မရှက်တတ်သောသဘောသည် …. မည်ပါသည်။ ဥပမာ ဝက်သည် မစင်ကို မစက်ဆုတ်သကဲ့သို့ မကောင်းမှုကို မစက်ဆုတ်ခြင်း မရှက်ခြင်းတည်း။

အနောတ္တပ္ပ = ပိုးဖလံကောင်လေးများသည် မီးကိုတိုးရမှာ မကြောက်သကဲ့သို့ မကောင်းမှုပြုရမှာ မကြောက်ခြင်းသဘောသည် အနောတ္တပ္ပမည်ပါသည်။

ဒိဋ္ဌိ = မှားမှားယွင်းယွင်း သိမြင်ခြင်းသဘောသည် …. မည်ပါသည်။

မာန = တံခွန် မှန်ကင်းကဲ့သို့ ကိုယ့်ကိုယ်ကို မြင့်မောက်မော်ကြွား ထောင်လွှားတတ်သောသဘော…။

ဣဿာ = သူတစ်ပါးတို့ စည်းစိမ်ချမ်းသာပြည့်စုံမှုကို မနာလို မရှုစိမ့်သည်သဘောသည် .....။

မစ္ဆရိယ = မိမိ၏ပြည့်စုံချမ်းသာမှုကို သူတစ်ပါးအား မမျှဝေလို မပေးလို ဝန်တိုသော သဘောသည်…။

မစ္ဆရိယငါးပါး = ၁။အခြံအရံ ဒကာ/ဒကာမစသည်၌ ဝန်တိုမှုသည် ကုလမစ္ဆရိယ။ ၂။လာဘ်လာဘ၌ ဝန်တိုမှုသည် လာဘမစ္ဆရိယ။ ၃။အရိပ် အာဝါသနေရာ၌ ဝန်တိုမှုသည် အာဝါသမစ္ဆရိယ။ ၄။အဆင်း လှပမှု၌ ဝန်တိုမှုသည် ဝဏ္ဏမစ္ဆရိယ။ ၅။တရားဓမ္မ၌ ဝန်တိုမှုသည် ဓမ္မမစ္ဆရိယ။

ကုက္ကုစ္စ = နောင်တတစ်ဖန် ပူပန်ဆင်းရဲသော သဘော။ မပြုမိခဲ့သော သုစရိုက်၊ ပြုမိခဲ့သော ဒုစရိုက် တို့ကိုစွဲ၍ ငါသည် ကောင်းမှုသုစရိုက်ကို ပြုသင့်ချိန်တုန်းက မပြုမိခဲ့လေခြင်း၊ မကောင်းမှု ဒုစရိုက်ကိုမှ ပြုမိခဲ့လေခြင်းဟု နှလုံးမသာယာခြင်း နောင်တတစ်ဖန်ပူပန်ခြင်းသဘောသည် ကုက္ကုစ္စမည်ပါသည်။

ထိန = စိတ်တို့၏ ရွှင်လန်းတက်ကြွမှုမရှိဘဲ တွန့်လိမ်ထူထိုင်းသည့်သဘောသည် …. မည်ပါသည်။

မိဒ္ဓ = စေတသိက်တို့၏ တက်ကြွရွှင်လန်းမှုမရှိဘဲ ပျင်းရိထိုင်းမှိုင်း ငိုက်မြည်းသည့်သဘောသည်..။

ဝိစိကိစ္ဆာ = တစ်ခုခုသော သဘောတရား၌ တိတိကျကျ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သည့် သဘောသည် ဝိစိကိစ္ဆာမည်ပါသည်။

သဒ္ဓါ = ရတနာသုံးတန် ကံနှင့် ကံ၏အကျိုးကို မြတ်နိုးစွာ ယုံကြည်ခြင်းသဘောသည် သဒ္ဓါမည်ပါ သည်။ ရေနောက်မြူနှယ်များကို ကြည်လင်စေတတ်သော ပတ္တမြားရတနာနှင့်တူပါသည်။ ထိုပတ္တမြား ရတနာသည် နောက်ကျုနေသောရေများကို ကြည်လင်သန့်ရှင်းစေသည်။ ပူနေသောရေကို အေးစေ သည်။ ထို့အတူ သဒ္ဓါတရားကလည်း ကိလေသာအပူဓာတ်အလောင်ဓာတ်များကြောင့် နောက်နေ သောစိတ်အစဉ်ကို ကြည်လင်စေသည်။ ပူနေသောစိတ်ကို အေးချမ်းစေပါသည်။

သတိ = ဘုရားစသော အာရုံ၊ ကုသိုလ်ကောင်းမှုများ၌ အောက်မေ့ခြင်းသဘောသည် … မည်ပါသည်။ ယင်းသတိသည် မေ့လျှော့မှုကို ဖျက်ဆီးကာ အာရုံ၌ စိတ်ကိုမျောလွတ်သွားခွင့်မပေးဘဲ အမှတ်ရ အောက်မေ့စေမှုပင်။ သတိစောင့်ရှောက်မှုရှိသောစိတ်သည် အကုသိုလ်တရားတို့ ဝင်ရောက်ဖျက်ဆီး ခွင့်မရပါ။ ချစ်သူရည်းစားကို အောက်မေ့မှု၊ သူတစ်ပါးကို လုပ်ကြံသတ်ဖြတ်ရန် သတိရမှုသည် အမှန် စင်စစ် သတိဟုခေါ်ဆို၍မရပါ။အမှတ်သညာဟုသာ ခေါ်ရပါမည်။ သတိသည် မကောင်းမှု အကုသိုလ် လုံးဝယှဉ်တွဲခွင့်မရှိသောကြောင့်တည်း။

ဟိရိ = မကောင်းမှု ဒုစရိုက်ပြုရမှာ စက်ဆုတ်ရွံရှာ ရှက်တတ်သော သဘောသည် ဟိရိမည်ပါသည်။ အမျိုးကောင်းသမီးသည် ပတ်ဝန်းကျင်ကဲ့ရဲ့ကြမည်ကိုလည်းရှက်၊ မိမိကိုယ်ကိုလည်း ရိုသေကာ မကောင်းမှုပြုရမည်ကို ရှက်သည်နှင့်တူပါသည်။ ၁။မိမိအမျိုးဇာတ်မြင့်မြတ်မှု။ ၂။အရွယ်ကြီးရင့်မှု၊ ၃။ရဲရင့်မှု။ ၄။အကြားအမြင်ရှိမှု၊ ၅။မိမိကိုးကွယ်သည့်ဘုရား၏မြင့်မြတ်မှု၊ ၆။မိမိ၏ သားသမီးများ၏ မြင့် မြတ်မှု၊ ၇။မိမိအဆွေခင်ပွန်း၏ မြင့်မြတ်မှုတို့ကိုဆင်ခြင်ကာ မိမိဟူသော အဇ္ဈတ္တကို အာရုံပြုကာ မကောင်းမှုပြုရမှာ ရှက်၏။

သတ္တပ္ပ = မကောင်းမှု ဒုစရိုက်ပြုရမှာ ထိတ်လန့်သည့်သဘောသည် သြတ္တပ္ပမည်ပါသည်။ ဥပမာအား ဖြင့် ရဲရဲတောက်ပူသော သံတုံးကို ပူမည်ကြောက်သောကြောင့် မကိုင်ကြသကဲ့သို့ဖြစ်ပါသည်။ ၎င်း သြတ္တပ္ပဖြစ်ကြောင်းကတော့ ၁။ကိုယ့်ကိုယ်ကို စွပ်စွဲမှုဘေး။ ၂။သူတစ်ပါးတို့က စွပ်စွဲမှုဘေး။ ၃။မင်းစိုး ရာဇာတို့၏ အပြစ်ဒဏ်ဘေး။ ၄။အပါယ်ကျရောက်မည့်ဘေး များကိုဆင်ခြင်ကာ ဗဟိဒ္ဓပြင်ပကို အာရုံ ပြု၍ မကောင်းမှုကို မပြုလုပ်ပါ။

မှတ်ချက် / ဟိရိ နှင့် သြတ္တပ္ပတရားနှစ်ပါးကို လောကကိုစောင့်ရှောက်တတ်သောကြောင့်
လောက ပါလတရား - ဒေဝဓမ္မတရား ဟုခေါ်ဆိုပါအပ်ပါသေးသည်။

အလောဘ = လောကီအာရုံ ကာမဂုဏ်ဝတ္ထုတို့၌ မကပ်ငြိ မတွယ်တာသောသဘော၊ကပ်ငြိတွယ်တာ တတ်သော လောဘ၏ဆန့်ကျင်ဘက်သဘောသည် အလောဘမည်ပါသည်။ စွန့်လွှတ်လိုသော အနစ် နာခံလိုသော ပေးကမ်းလှူဒါန်းလိုသော နေက္ခသဘောရှိပါသည်။

အဒေါသ = မကြမ်းတမ်း မခက်ထန် မပြစ်မှားသောသဘောရှိသောကြောင့် အဒေါသဟုခေါ်ပါသည်။ အဒေါသဟူသည်မှာ စင်စစ်မေတ္တာတရားသာဖြစ်ပါသည်။ သတ္တဝါများကို အဆင့်အတန်း မခွဲခြားဘဲ အညီအမျှချစ်ခင်ကြင်နာခြင်းသဘောဖြစ်ပါသည်။ ဥပမာအားဖြင့် ရေကြည်ရေအေးနှင့်တူပါသည်။
ရေကြည်ရေအေးသည် အဆင့်အတန်း မခွဲခြားဘဲ သောက်သုံးသူတိုင်းကို အေးမြချမ်းသာသော ဓာတ် သဘောကို ဆောင်သကဲ့သို့ဖြစ်ပါသည်။

အမောဟ/ပညာ = မမြဲခြင်းစသော သဘောတရားတို့ကို ဟုတ်တိုင်းမှန်စွာ မဖောက်မပြန် မတွေမဝေ ထင်ထင်ရှားရှား သိတတ်သော အနက်သဘောရှိသောကြောင့် အမောဟ/ပညာဟုခေါ်ပါသည်။ အသိ အလိမ္မာ ဉာဏ်ပညာ အမြော်အမြင် ဆင်ခြင်မှုတရားတို့သည် အမောဟ/ပညာ၏သဘောတရားတို့ ချည်းသာဖြစ်စ်ကြပါသည်။

အသိသုံးပါး = ၁။စာချောက်ရုပ်ကို လူကဲ့သို့ ထင်မှတ်သော သမင်တို့ကဲ့သို့ တစ်စုံတစ်ရာကို အထူး အထွေမကြံစည်ပဲ နဂိုမှတ်သားထားသည့် သညာအတိုင်းသိသောအသိသည် သညာသိမည်ပါသည်။ ၂။သညာထက်ထူးကဲစွာ ကြံတတ်သိတတ်သော အသိသည် ဝိညာဏ်သိမည်ပါသည်။ ၃။အသိတရား တို့တွင် အလွန်ကဲဆုံး အထူးထူးအပြားပြား ဟုတ်တိုင်းမှန်စွာ ဝေဖန်၍သိသော အသိသည် ပညာသိ မည်ပါသည်။ ဥပမာ ကလေးတစ်ယောက် ရွှေကိုကောက်ရသကဲ့သို့ ကလေးက ဝါဝါဝင်းဝင်း အတုံး အခဲလေးလှသည်ဟုသိ၍ကောက်လာသည်။ မိခင်ကိုပြသောအခါ မိခင်ကရွှေဟုသိ၏။ ရွှေပန်းထိမ် ဆရာကို ပြသ၏။ ရွှေပန်းထိမ်ဆရာက ဤရွှေသည် ရွှေရည်ဘယ်နှစ်ပဲရှိသည် အလေးအချိန်ဘယ် လောက်သားရှိနိုင်သည်၊ ဘယ်လောက်တန်ဘိုးရှိသည်ကိုသိသည်။ ထို့အတူ သညာသိက ကလေးသိ။ ဝိညာဏ်သိက မိခင်သိ။ ပညာသိက ရွှေပန်းထိမ်ဆရာသိဖြစ်ပါသည်။

တတြမဇ္ဈတ္တတာ = ချိန်ခွင်လျှာကဲ့သို့ သမ္ပယုတ်စိတ် စေတသိက်တရားတို့ကို ပိုမိုခြင်း ယုတ်လျှော့ခြင်း မရှိစေဘဲ အလယ်တည့်တည့် ညီမျှစွာ လျှစ်လျှူရှုတတ်သောသဘောရှိသောကြောင့်…။

ကာယပဿဒ္ဓိ = ရေထဲသို့ပစ်ချလိုက်သော ငါးကဲ့သို့ ကုသိုလ်ကောင်းမှုတို့၌ စေတသိက်တို့၏ ငြိမ်း အေးခြင်းသဘောသည် ကာယပဿဒ္ဓိမည်ပါသည်။ ထို့အတူပင် စိတ်တို့၏ ငြိမ်းအေးခြင်းသဘောကို စိတ္တပဿဒ္ဓိဟုခေါ်ပါသည်။

ကာယလဟုတာ = လေးလံလွန်းသော ဝန်ထုတ်ဝန်ပိုးကြီးကို ခေါင်းပေါ်မှပစ်ချလိုက်ရသကဲ့သို့ ကုသိုလ်ကောင်းမှုတို့၌ စေတသိက်တို့၏ ပေါ့ပါးခြင်းသဘောသည် ကာယလဟုတာမည်ပါသည်။ ထို့ အတူ စိတ်တို့၏ ပေါ့ပါးခြင်းသဘောသည် စိတ္တလဟုတာမည်ပါသည်။ လေးလံထိုင်းမှိုင်းသော ထိန မိဒ္ဓ တို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။

ကာယမုဒုတာ = လိုသလိုပုံသွင်းလို့ရသော ရွှေစင်နှစ်ကဲ့သို့ ကုသိုလ်ကောင်းမှု၌ စေတသိက်တို့၏ လွန်စွာ နူးညံ့ပျော့ပြောင်းခြင်းသဘောသည် ကာယမုဒုတာမည်ပါသည်။ ထို့အတူ စိတ်တို့၏ နူးညံ့ပျော့ ပြောင်းခြင်းသဘောသည် စိတ္တမုဒုတာမည်ပါသည်။ ခက်ထန်မာကြောသော ဒိဋ္ဌိ မာနတို့၏ ဆန့်ကျင် ဘက်ဖြစ်ပါသည်။

ကာယကမ္မညတာ = ကြိုချက်ထားသော ရွှေစင်နှစ်သည် လိုသလိုပုံသွင်းနိုင်သကဲ့သို့ ကုသိုလ်ကောင်း မှုပြုလုပ်ရာ၌ အလိုရှိတိုင်း ချောချောမောမော ပြီးမြောက်စေသောသဘောသည် ကာယကမ္မညတာ မည်ပါသည်။ ထို့အတူ စိတ်တို့၏ အလိုရှိရာကောင်းမှုကုသိုလ်တိုင်း ပြုပြင်နိုင်စွမ်းရှိသော သဘော သည် စိတ္တကမ္မညတာမည်ပါသည်။

ကာယပါဂုညတာ = ရေနက်ထဲသို့ ပစ်ချလိုက်သော မိကျောင်းကဲ့သို့ ကုသိုလ်ကောင်းမှုပြုလုပ်ရာ၌ စေတသိက်တို့၏ အလေ့အကျင့်ရပြီးသော ကျွမ်းကျင်နိုင်နင်းသောသဘောသည် ကာယပါဂုညတာ မည်ပါသည်။ ထို့အတူ စိတ်တို့၏ လေ့လာနိုင်စွမ်း ကျွမ်းကျင်မှုသဘောသည် စိတ္တကမ္မညတာမည်၏။

ကာယုဇုကတာ = ကာယ ဥဇုကတာ - လေးသမားပစ်လွှတ်အပ်သော လေးသည် ဖြောင့်ဖြောင့်မတ် မတ်သွားသကဲ့သို့ စေတသိက်တို့၏ ကောင်းမှုကုသိုလ်တို့၌ ဖြောင့်ဖြောင့်မတ်မတ် သွားရောက်ခြင်း သဘောသည် ကာယုဇုကတာမည်၏။ ထို့အတူ စိတ်တို့၏ ကောင်းမှုကုသိုလ်တို့၌ ဖြောင့်ဖြောင့်မတ် မတ်သွားရောက်ခြင်းသည် စိတ္တုဇုကတာမည်၏။

သမ္မဝါစာ = အသက်မွေးဝမ်းကြောင်းနှင့် မဆိုင်ဘဲ ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်သော ကောင်းစွာ ပြောဆိုခြင်းသဘောသည် သမ္မာဝါစာမည်၏။(ဝစီဒုစရိုက်လေးပါး - မုသာဝါဒ-လိမ်လည်ပြောဆိုခြင်း။ ပိသုဏဝါစာ - သူတစ်ပါးတို့ ချစ်ခင်ခြင်းကို ကွဲပြားအောင် ဂုန်းတိုက်ခြင်း။ ဖရုသဝါစာ - ကြမ်းတမ်း ယုတ်မာသောစကားကိုပြောဆိုခြင်း။ သမ္ဖပ္ပလာပဝါစာ - အကျိုးမရှိသော စကားဖျင်းစကားညံ့တို့ကို ပြောဆိုခြင်း)။

သမ္မာကမ္မန္တ = အသက်မွေးဝမ်းကြောင်းနှင့် မဆိုင်ဘဲ ကာယဒုစရိုက်သုံးပါးမှရှောင်ကြဉ်သော ကောင်း စွာပြုလုပ်ခြင်းသဘောသည် သမ္မာကမ္မန္တမည်ပါသည်။ (ကာယဒုစရိုက်သုံးပါး - ပါဏာတိပါတ - သူ တစ်ပါးအသက်ကို သတ်ဖြတ်ခြင်း။ အာဒိန္နာဒါန - ပိုင်ရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ ကာမေသုမိစ္ဆာစာရ - သူတစ်ပါးတို့၏ ကာမဂုဏ်ကို ကျူးလွန်ခြင်း။)

သမ္မာအာဇီဝ = အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်၍ ကောင်းသော အသက်မွေးဝမ်းကြောင်းခြင်းသဘောသည် သမ္မာအာဇီဝမည်၏။

ကရုဏာ = သူတစ်ပါးတို့၏ ဆင်းရဲခြင်းကိုမြင်သိ၍ သူတော်ကောင်းတို့၏ နှလုံးပင်ပန်းခြင်းသဘော သည် ကရုဏာမည်၏။ ဆင်းရဲနေကြသူများ ဆင်းရဲမှလွတ်မြောက်ကြစေလိုသော သနားကြင်နာခြင်း သဘောသည် ကရုဏာမည်၏။ ဒေါသ ဗျာပါဒသည် သူတစ်ပါးဆင်းရဲနေသည်ကို ကျေနပ်နေခြင်း ဆင်းရဲဒုက္ခရောက်စေလိုခြင်းသဘောဖြစ်၍ ကရုဏာသည် ဒေါသ ဗျာပါဒ၏ဆန့်ကျင်ဘက်တည်း။

မုဒိတာ = သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာပြည့်စုံချမ်းသာမှုကို မြင်သိရ၍ အားရရွှင်လန်း ဝမ်းမြောက်ခြင်း သဘောသည် မုဒိတာမည်၏။ သူတစ်ပါးတို့ ပစ္စည်းဥစ္စာပြည့်စုံချမ်းသာမှုကို မြင်သိရ၍ စိတ်နှလုံးမသာ ယာခြင်း မနာလိုမရှုစိမ့်ခြင်းသဘောရှိသော ဣဿာနှင့် ဆန့်ကျင်ဘက်ဖြစ်၏။

နာမ်တေပညာသ = နာမ်တေပညာသဆိုသည်မှာ နာမ်တရား ၅၃-ပါးကိုဆိုလို၏။ စိတ်အားလုံးသည် အာရုံကိုသိမှုချည်းသာဖြစ်၍ တစ်ခုပြု၊ စေတသိက် (၅၂)ပါးနှင့်ရောလျှင် နာမ် (၅၃)ပါးဖြစ်၏။

ဝေဒနာသုံးပါး = ၁။သုခဝေဒနာ။ ၂။ဒုက္ခဝေဒနာ။ ၃။ဥပေက္ခဝေဒနာ ပေါင်း သုံးပါးဖြစ်၏။

သုခဝေဒနာ(၆၃)ပါး = လောဘမူသောမနဿ (၄)ပါး။ အဟိတ်သောမနဿ(၂)ပါး။ အဟိတ် ကုသလဝိပါက်သုခသဟဂုတ်စိတ်(၁)ပါး။ ကာမသောဘနစိတ်(၂၄)ပါးထဲက သောမနဿ ၁၂-ပါး။ ရူပါဝစရစိတ် (၁၅)ပါးထဲက သောမနဿ ၁၂-ပါး။ လောကုတ္တရာအကျယ် ပထမဈာန်(၈)ပါး။ ဒုတိယ ဈာန်(၈)ပါး။ တတိယဈာန်(၈)ပါး။စတုတ္ထဈာန်(၈)ပါး။ ပေါင်း (၆၃)ပါး။

ဒုက္ခဝေဒနာသုံးပါး = ဒေါသမူစိတ် (၂)ပါး။အကုသလဝိပါက်စိတ်(၇)ပါးမှ ဒုက္ခသဟဂုတ် ကာယ ဝိညာဏ်စိတ်တစ်ပါး။ပေါင်းသုံးပါးကို ဒုက္ခဝေဒနာသုံးပါးဟုခေါ်သည်။

ဥပေက္ခာဝေဒနာ (၅၅)ပါး = လောဘမူဥပေက္ခာ လေးပါး။ မောဟမူစိတ်(၂)ပါး။ ဒွေးပဉ္စဝိညာဏ် (၁ဝ)ပါး။ သမ္ပဋိစ္ဆိုင်း (၂)ပါး။ ဥပေက္ခာသန္တီရဏစိတ် (၂)ပါး။ ကာမသောဘနစိတ်(၂၄)ပါးထဲမှ ဥပေက္ခာသဟဂုတ်စိတ် (၁၂)ပါး။ ရူပါဝစရပဉ္စမဈာန်ဥပေက္ခာ (၃)ပါး။ အရူပါဝစရစိတ် (၁၂)ပါး။ လောကုတ္တရာအကျယ် ပဉ္စမဈာန်(၈)ပါး ပေါင်း (၅၅)ပါး။

မှတ်ချက်/ တစ်နည်းအားဖြင့် ဝေဒနာငါးပါးယူလျှင် သုခဝေဒနာ(၆၃)ပါးထဲမှ သုခသဟဂုတ်ကာယ ဝိညာစိတ်ကို သုခဝေဒနာတစ်ပါးဟုယူပါ။ ၎င်းမှကျန်သောစိတ်(၆၂)ပါးကို သောမနဿသဟဂုတ် (၆၂)ပါးဟုယူပါ။ ဒုက္ခဝေဒနာသုံးပါးမှ ဒေါသမူစိတ် (၂)ပါးကို ဒေါမနဿဝေဒနာဟုယူပါ။ ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ်ကို ဒုက္ခဝေဒနာဟုယူပါ။ ဥပေက္ခာ ၅၅-ပါးကိုကား ဥပေက္ခာဝေဒနာ ယူ၍ ဝေဒနာငါးပါးရပါသည်။

ဟိတ်ခြောက်ပါး = လောဘဟိတ် ။ ဒေါသဟိတ်။ မောဟဟိတ်။ အလောဘဟိတ်။ အဒေါသဟိတ်။ အမောဟဟိတ် ပေါင်း ဟိတ်(၆)ပါးဖြစ်ပါသည်။

အဟိတ်စိတ် = ဟိတ်အားလုံးနှင့် ယှဉ်တွဲခွင့်မရှိသော အဟိတ်စိတ် (၁၈)ပါးသည် အဟိတ်မည်၏။

ဧကဟိတ်စိတ် = ယှဉ်ဘော်ယှဉ်ဘက် မောဟဟိတ်တစ်ပါးသာရှိသော မောဟမူစိတ် ၂ပါးသည် ဧကဟိတ်စိတ်မည်၏။

ဒွိဟိတ်စိတ် = လောဘမူစိတ်(၈)ခု၊ ဒေါသမူဒွေ။ ကာမသောဘနစိတ် (၂၄)ပါးထဲက ဉာဏဝိပ္ပယုတ် စိတ် (၁၂)ပါး။ ပေါင်း ၂၂-ပါးသည် ယှဉ်ဘက်ဟိတ် ၂ပါးသာရှိသောကြောင့် ဒွိဟိတ်စိတ်မည်၏။ ဟိတ် နှစ်ပါးယှဉ်ပုံမှာ လောဘမူစိတ်ရှစ်ပါး၌ လောဘဟိတ် မောဟဟိတ်ယှဉ်၏။ ဒေါသမူစိတ် ၂ပါး၌ ဒေါသ ဟိတ် မောဟဟိတ်ယှဉ်၏။ ကာမသောဘနဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါး၌ကား ဉာဏ်နှင့်မယှဉ်သော ကြောင့် အလောဘဟိတ် အဒေါသဟိတ် နှစ်ပါးယှဉ်ပါသည်။ အမောဟဟိတ်မယှဉ်။

တိဟိတ်စိတ် (၄၇)ပါး = ယှဉ်ဘော်ယှဉ်ဘက် အလောဘဟိတ် အဒေါသဟိတ် အမောဟဟိတ်အား ဖြင့် ဟိတ်သုံးပါးရှိသောစိတ်သည် တိဟိတ်စိတ်မည်၏။ ၎င်းတို့ကား ကာမသောဘနစိတ် (၂၄)ပါးထဲမှ ဉာဏသမ္ပယုတ်စိတ် (၁၂)ပါး။ ရူပါဝစရစိတ် (၁၅)ပါး။ အရူပါဝစရစိတ် (၁၂)ပါး။ လောကုတ္တရာစိတ် (၈)ပါး ပေါင်း ၄၇-ပါးဖြစ်ပါသည်။

ကိစ္စ = ပရမတ်ဖြစ်သော နာမ်တရားတို့သည် မျက်စိတစ်မှိတ်လျှပ်တစ်ပျက်ခဏလေးတောင် ရပ်နားမှု မရှိဘဲ အာရုံစသော အကြောင်းအားလျှော်စွာ မိမိတို့၏ ကိစ္စကိုယ်စီကို ဆောင်ရွက်နေကြ၏။ စိတ္တ နိယာမလမ်းစဉ်အတိုင်း စိတ်ကိစ္စများကို စိတ်ကဆောင်ရွက်နေကြ၏။

ပဋိသန္ဓေကိစ္စ = ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်းကိစ္စသည် ပဋိသန္ဓေကိစ္စမည်၏။ စုတိကိစ္စ၏ အခြားမဲ့၌ အနန္တရပစ္စည်းသတ္တိအားဖြင့် ဆက်တိုက် ပဋိသန္ဓေကိစ္စကိုပြုပါသည်။

ဘဝင်ကိစ္စ = ပဋိသန္ဓေစိတ်ဖြစ်ပြီးသည့်နောက် စုတိပြတ်ကြွေ မသေခင်ကာလအတွင်း တစ်ခြားသော စိတ်များ မဖြစ်ပေါ်သည့်ကာလမှာဖြစ်ပေါ်လေ့ရှိသောစိတ်ကို (ဘဝမပြတ်အောင် ဆက်စပ်ပေးသော စိတ်ဖြစ်သောကြောင့်) ဘဝင်စိတ်ဟုခေါ်၏။ ဘဝင်စိတ်၏ နိယာမလမ်းစဉ်အတိုင်း ဆောင်ရွက်ခြင်း သည် ဘဝင်ကိစ္စမည်၏။

အာဝဇ္ဇန်းကိစ္စ = ဘဝင်စိတ်အစဉ်မှလွှတ်၍ အသစ်ဖြစ်သော အာရုံတစ်ပါးပါးသို့ စိတ်ကို ရှေးရှုဦးတည် ပေးခြင်း ကိစ္စသည် အာဝဇ္ဇန်းကိစ္စမည်၏။

ပဉ္စဝိညာဏ်ကိစ္စအသီးသီး = စက္ခုဝိညာဏ်ဒွေးသည် မြင်ခြင်း ဒဿနကိစ္စ။ သောတဝိညာဏ်ဒွေး သည် ကြားခြင်း သဝနကိစ္စ။ ဃာနဝိညာဏ်ဒွေးသည် အနံ့ရှူခြင်း ဃာယနကိစ္စ။ ဇိဝှါဝိညာဏ်ဒွေးသည် အရသာခံခြင်း သာယနကိစ္စ။ ကာယဝိညာဏ်ဒွေးသည် တွေ့ထိခြင်း ဖုသနကိစ္စတပ်ကြပါသည်။

သမ္ပဋိစ္ဆိုင်းကိစ္စ = ဝိညာဏ်ငါးက ယူပြီး၍ ချုပ်ဆုံးသွားသောအာရုံကို မကွယ်ပျောက်ရအောင် လက်ခံ သိမ်းပိုက်ထားခြင်းကိစ္စသည် သမ္ပဋိစ္ဆိုင်းကိစ္စမည်၏။

သန္တီရဏကိစ္စ = သမ္ပဋိစ္ဆိုင်းသိမ်းပိုက်ထားသောအာရုံကို စုံစမ်းခြင်း စီစစ်ခြင်းကိစ္စသည် သန္တီရဏ ကိစ္စမည်၏။

ဝုဋ္ဌောကိစ္စ = သန္တီရဏစုံစမ်းပြီးသော အာရုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်းကိစ္စရှိသော မနောဒွါရာ ဝဇ္ဖန်းစိတ်သည် ဝုဋ္ဌောကိစ္စတပ်ပါသည်။

ဇောကိစ္စ = အရှိန် အဟုန်နှင့်တကွ ကျရောက်၍ အာရုံ၏အရသာကိုခံစားမှုကိစ္စသည် ဇောကိစ္စမည်၏၊

တဒါရုံကိစ္စ = ဇောအာရုံပြုသော အာရုံကိုပင် ဆက်လက်အာရုံပြု၍ ဇောသို့အစဉ်လိုက်သောကိစ္စသည် တဒါရုံကိစ္စမည်၏။

စုတိကိစ္စ = ပစ္စုပ္ပန်ဘဝမှ စုတိပြတ်ကြွေ သေလွန်ခြင်း၊ ဘဝဟောင်းမှ ဘဝသစ်သို့ ရွေ့လျှောခြင်းကိစ္စ သည် စုတိကိစ္စမည်၏။

ဒွါရ = အိမ် ကျောင်း မြို့ရွာတို့၌ လူတို့၏ ဝင်ရာထွက်ရာအပေါက်ကို တံခါးဟုခေါ်သကဲ့သို့ ကိုယ်တွင်း စိတ်စေတသိက်တို့သည်၎င်း၊ ပြင်ပအာရုံ ၆-ပါးတို့သည်၎င်း (ဆိုင်ရာ အာရုံနှင့်စိတ်စေတသိက်တို့၏ ပေါင်းသင်းဆက်ဆံ) ဝင်ထွက်ရန်တံခါးပေါက်နှင့်တူသော မျက်စိအကြည် နားအကြည်စသော အကြည် ဓာတ်ခြောက်ပါးကို ဒွါရဟုခေါ်သည်။

စက္ခုဒွါရ = မျက်စိအကြည်ဓာတ် အဆင်းဝင်ရာတံခါးပေါက်။ သောတဒွါရ = နားအကြည်ဓာတ် အသံ ဝင်ရာတံခါးပေါက်။ ဃာနဒွါရ = နှာခေါင်းအကြည်ဓာတ် အနံ့အသက်ဝင်ရာတံခါးပေါက်။ ဇိဝှါဒွါရ = လျှာအကြည်ဓာတ် အရသာကိုသိသော အသိစိတ်များဝင်ရာတံခါးပေါက်။ ကာယဒွါရ = ကိုယ်အကြည် ဓာတ် နူးညံ့/ကြမ်းတမ်းသော အတွေ့အထိများကို အာရုံခံရာတံခါးပေါက်။ မနောဒွါရ = စိတ်အကြည် ဓာတ် နာမ်တရား တွေးတောကြံစည်စိတ်များဝင်လာရာ တံခါးပေါက်။

အာရုံခြောက်ပါး = ၁။ အဆင်းအမျိုးမျိုးသည် ရူပါရုံမည်၏။ ၂။ အသံအမျိုးမျိုးသည် သဒ္ဒါရုံမည်၏။ ၃။ အနံ့အမျိုးမျိုးသည် ဂန္ဓာရုံမည်၏။ ၄။ အရသာအမျိုးမျိုးသည် ရသာရုံမည်၏။ ၅။ အတွေ့အထိအမျိုးမျိုး သည် ဖောဋ္ဌဗ္ဗာရုံမည်၏။ ၆။ စိတ် ၈၉ပါး၊ စေတသိက် ၅၂-ပါး၊ ပသာဒရုပ် ၅-ပါး၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်၊ ပညတ်တို့သည် ဓမ္မာရုံမည်၏။

ဝီထိ = လူတို့ခရီးသွားရာလမ်းစဉ်ကဲ့သို့ ရှေ့စိတ် နောက်စိတ်တို့၏ စိတ္တနိယာမသဘောအရ ဖြစ်စဉ်ကို ဝီထိဟုခေါ်ပါသည်။ မြစ်ရေအယဉ်စီးဆင်းသကဲ့သို့ စိတ်တို့၏ အစဉ်မပြတ် ဆက်ကာ ဆက်ကာ ဖြစ် ပေါ်နေသည်ကို ဝီထိဟုခေါ်ပါသည်။

ဝီထိစိတ် (၈၀) = ဒွါရဝိမုတ်စိတ်များဖြစ်သော ရူပါဝစရဝိပါက်စိတ် (၅)ပါး၊ အရူပါဝစရဝိပါက်စိတ် (၄)ပါးတို့မှတစ်ပါး ကျန်သောစိတ်ပေါင်း (၈၀)သည် ဝီထိစိတ်မည်၏။

ဝီထိမုတ်စိတ် ၁၉-ပါး = အဟိတ် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်(၂)ပါး၊ မဟာဝိပါက်စိတ် (၈)ပါး၊ ရူပါဝစရဝိပါက်စိတ် (၈)ပါး၊ အရူပါဝစရဝိပါက်စိတ် (၄)ပါးသည် ဝီထိမုတ်စိတ်လည်းမည်၏။ ပဋိသန္ဓေ စိတ်လည်းမည်၏။ ဘဝင်စိတ်လည်းမည်၏။ ၎င်းတို့တွင် ဥပေက္ခာသန္တီရဏ (၂)ပါးနှင့် မဟာဝိပါက်စိတ် (၈)ပါးတို့သည် ဝီထိစိတ်(၈၀)တို့တွင်လည်း ပါဝင်ကြ၏။ ယင်းတို့သည် ရံခါ ဝီထိစိတ်မှလွတ်၍ ရံခါဝီထိ စိတ်၌ ပါဝင်ကြသောကြောင့်တည်း။

တစ်ဘဝ၌တူမြဲသောတရား ၁၉-ပါး = ဝီထိမုတ်စိတ် (၁၉)ပါးသည် ပဋိသန္ဓေကိစ္စတပ်ချိန်တွင် ပဋိသန္ဓေစိတ်မည်၏။ စုတိပြတ်ကြွေသေလွန်ချိန် စုတိကိစ္စ၌ စုတိမည်၏။ ဝီထိစိတ်အစဉ်ပြတ်သော ကြားကာလအချိန်တွင် ဘဝင်စိတ်မည်၏။ ထိုစိတ်ကိုပင် ပဋိသန္ဓေ/ဘဝင်/စုတိဟုခေါ်ဆိုရသော ကြောင့် တစ်ဘဝ၌တူမြဲသောတရားဟုခေါ်ပါသည်။

စက္ခုဒွါရဝီထိစဉ် = မြင်သိစိတ်ဖြစ်ပေါ်တိုင်းကျရောက်တတ်သော စက္ခုဒွါရဝီထိစဉ်ကား ၁။အတီတ ဘဝင် (အတိတ်ဘဝင်)တစ်ချက်လွန်။
၂။ဘဝင်္ဂစလန(အာရုံနှင့် ဒွါရတို့ပေါင်းဆုံသောအခါ ဝီထိစိတ် ဖြစ်ပေါ်ဖို့ရန် အနားပေးထားသော ဘဝင်စိတ်ကို လှုပ်နှိုးခြင်း)။
၃။ဘဝဂုင်္ပစ္ဆေဒ (အိပ်ပျော်ရာမှ နိုးထ လာသကဲ့သို့ ဘဝင်စိတ်ကိုဖြတ်ခြင်း။
၎။ပဉ္စဒွါရဝဇ္ဇန်း(ငါးဒွါရတို့အနက် ဒွါရတစ်ခုခုကနေဝင်လာသော အာရုံကို ဆင်ခြင်သော ဝီထိစိတ်ဖြစ်ပေါ်သည်)။
၅။သမ္ပဋိစ္ဆိုင်း (ဝင်လာသော အာရုံကို လက်ခံသော ဝီထိစိတ်)။
၆။သန္တီရဏ သမ္ပဋိစ္ဆိုင်းလက်ခံထားသော အာရုံကို စုံစမ်းသောဝီထိစိတ်။
၇။ဝုဋ္ဌော (စုံစမ်း ပြီးသော အာရုံကို အခိုင်အမာဆုံးဖြတ်ချက်ချပေးသော ဝီထိစိတ်)။
၈။ဇော (၇)ကြိမ် (အခိုင်အမာဆုံး ဖြတ်ပြီးသော ဝီထိစိတ်အစဉ်များအရ ကုသိုလ်စိတ် အကုသိုလ်စိတ်များဖြစ်ခြင်းသည် ဇောကျသည် မည်၏)။ ဇောသည် သာမာန် အင်အားကောင်းချိန်၌ (၇)ကြိမ်ကျ၏။ သေခါနီးအချိန်၌ (၅)ကြိမ်ကျ၏။
ထို့နောင် ဇောသို့အစဉ်လိုက်သော တဒါရုံဝီထိစိတ်များဖြစ်ကာ
ဘဝင်စိတ်များပြန်လည်ဖြစ်လေ၏။

ဝီထိစဉ်အတိုကောက် = တီ - န - ဒ - ပ - စ - သံ - ဏ - ဝု - ဇ ဇ ဇ ဇ ဇ ဇ ဇ - ရုံ - ဘ - ။

မှတ်ချက် / သောတဒွါရစသော ဝီထိစဉ်များလည်း ထို့အတူပင်တည်း။

ပြုလုပ်ဆောင်ရွက်သောကိစ္စရှိသောကံလေးပါး =
၁။ ဇနကကံ - ဝိပါက်ပဋိသန္ဓေအကျိုးကိုဖြစ်စေ သောကံ (သူတစ်ပါးအသက်ကိုသတ်ဖြတ်သောကံကဲ့သို့ ငရဲပဋိသန္ဓေ ငရဲသားဘဝရောက်စေသော ကံတည်း)။

၂။ဥပထမ္ဘကကံ = တစ်ပါးသောကံကို အကျိုးပေးသန်အောင် ထောက်ပံ့ပေးသောကံ။ (ဥပမာအားဖြင့် ကုသိုလ်ကံကြောင့် လူ့ဘဝကိုရပြီး လူ့ဘဝတွင် စိတ်ကောင်းစေတနာကောင်းဖြင့် ကုသိုလ် ကောင်း မှုများ မပြတ်ပြုခြင်းကြောင့် တစ်ဆင့်ထက်တစ်ဆင့်မြင့်သည်ထက်မြင့်သော ဘဝကဲ့ သို့တည်း)။

၃။ဥပပီဠကကံ = ဇနကကံကို ညှိုးနွမ်းအောင် ကပ်၍နှိပ်စက်တတ်သောကံ(ဥပမာအားဖြင့် ကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝကိုရသော်လည်း မကောင်းမှုဒုစရိုက်များကိုပြုလုပ်သည့်အတွက် ကြောင့် ကုသိုလ်ကံအကျိုး ညှိုးမှန်ကွယ်ပကာ ဒုက္ခခံစားရသကဲ့သို့တည်း)။

၎။ ဥပဃာတကကံ = ကပ်၍သတ်တတ်သောကံ (ဥပမာ အချို့မုဆိုးတံငါများသေခါနီးကာလ ငရဲနိမိတ်များထင်လာသောအ ခါမှ ကုသိုလ်ကောင်းမှုကို ကပ်၍ပြုသည့်အတွက် သုဂတိနိမိတ်များ အဖြစ်ပြောင်းလည်းသွားသကဲ့သို့ လက်ငင်းပြုသော ကံတစ်ခု အတိတ်ကပြုခဲ့သောကံများ အကျိုးပေးခွင့်မရအောင် ဖြတ်တောက်ပေး သောကံတည်း)။ သုဂတိနိမိတ် - ကောင်းရာသုဂတိ ဘုံဗိမာန်နိမိတ်များ ထင်မြင်လာခြင်း။ နောက်ဥပမာအားဖြင့် အင်္ဂုလိမာလထေရ်ကဲ့သို့မှတ်ပါ။

အကျိုးပေးသောအစဉ်အားဖြင့် ကံလေးပါး

၁။ဂရုကံ - တစ်ပါးသောကံများက တားမြစ်၍မရနိုင် သော တမလွန်ဘဝ၌ ဧကန်အကျိုးပေးမည့်ကံ (ဥပမာ ကုသိုလ်ဘက်၌ ရူပါဝစရကုသိုလ်ကံကဲ့သို့တည်း။ ရူပါဝစရဈာန်ကုသိုလ်ရပြီး ပထမဈာန် ကိုရလျှင် ပထမဈာန်ဗြဟ္မဘုံသို့ ဧကန်မုချရောက်ရ မည့်ကံ။ အကုသိုလ်ဘက်၌ ပဉ္စာနန္တရိယ ကံကြီးများကို ပြုလုပ်ထားပြီးပါက တမလွန်ဘဝ၌ ဧကန်မုချ ငရဲသို့ကျရောက်ရမည့်ကံတည်း၊ အလွန် ကြီးလေးသောကြောင့် ဂရုကံဟုခေါ်သည်။ မိစ္ဆာဒိဋ္ဌိ အယူမှားသောကံကြီးသည်လည်း ထို့အတူ ဂရုကံ ကြီးသာတည်း)။

၂။ အာသန္နကံ = သေခါနီးကာလ၌ ပြုလုပ်အပ် အောက်မေ့အပ်သောကံသည် အာသန္နကံမည်၏။ (ထို အာသန္နကံသည်လည်း သေခါနီးကာလ မကောင်းသော ငရဲနိမိတ်များထင်လာသောအခါ ကုသိုလ် ကျန်ရစ်သူသားသမီးများက ကုသိုလ်ကောင်းမှုကိုပြုပေးခြင်း ကုသိုလ်ကောင်းမှုများကို ပြန်လည်သတိ ရအောင်ပြောပြခြင်းဖြင့် ပြုလုပ်အပ် အောက်မေ့အပ်သောကံတည်း)။

၃။ အာစိဏ္ဏကံ = နေ့စဉ်မပြတ်ပြုလုပ်အပ်သော ဒါနမှု၊ သီလမှု၊ ဘာဝနာမှုများသည် အာစိဏ္ဏကံမည် ပါသည်။ အကုသိုလ်ဘက်၌လည်း ထိုနည်းတူစွာ နေ့စဉ်မပြတ်ပြုလုပ်သော ဒုစရိုက်များသည် အာစိဏ္ဏ ကံမည်ပါသည်။

၎။ကဋတ္တာကံ = သာမန် အကျိုးပေးကာမျှသောကံသည် ကဋတ္တာကံမည်၏။ အကျိုးပေးရာအစဉ်အား ဖြင့်ဖြစ်သောကံလေးပါးတို့သည် ဂရုကံသည် ဒုတိယဘဝ(တမလွန်)ဧကန်အကျိုးပေးမည်။ ဂရုကံမရှိ လျှင် အာသန္နကံက တမလွန်ဘဝ၌ ပဋိသန္ဓေကျိုးပေမည်။ အာသန္နကံကို ကောင်းအောင် ဆိုးအောင် အာစိဏ္ဏကံက ထောက်ပံ့ပေး၏။ အာသန္နကံ အကျိုးမပေးသေးလျှင် အာစိဏ္ဏကံက အကျိုးပေးမည်။ အာစိဏ္ဏကံက အကျိုးမပေးသေးလျှင် ကဋတ္တာကံက အကျိုးပေးမည်။

အကျိုးပေးရာကာလ၏အစွမ်းအားဖြင့် ကံလေးပါး

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ = လက်ရှိဘဝမှာပင် အကျိုးပေးသောကံ(ကုသိုလ်ဇောပဲဖြစ်ဖြစ် အကုသိုလ် ဇောပဲဖြစ်ဖြစ် ဇောခုနစ်ကြိမ်အနက် ပထမဇောစေတနာသည် လက်ငင်းဘဝမှာပင် အကျိုးပေး၏။ ထို့ ကြောင့် လှူရင်းဒါန်းရင်းပိုပြီးချမ်းသာ သာဓကများ၊ သတ်ရင်းဖြတ်ရင်း အသေဆိုးသေကြသော သာဓကများရှိနေကြပါသည်)။

၂။ ဥပပဇ္ဇဝေဒနီယကံ = ဒုတိယဘဝ(တမလွန်ဘဝ)၌ အကျိုးပေးသောကံ။(ဇော ခုနစ်ကြိမ်အနက် ခုနစ်ခုမြောက်ဇောသည် ဒုတိယဘဝ၌ အကျိုးပေး၏ သတ္တမမြောက်ဇောသည် အကျိုးပေးအသန်ဆုံး ဖြစ်သည်။ အဆုံးဇောဖြစ်၍ အလွန်အားကောင်းသည်)။

၃။ အပရာပရိယဝေဒနီယကံ = တတိယဘဝမှစ၍ တောက်လျှောက် အခွင့်သာတိုင်း အကျိုးပေးသော ကံတည်း။(ဥပမာအားဖြင့် အချို့လူများ၌ သေဆုံးသည်အထိ အန္တရာယ်မကြုံရသော်လည်း မကြာခဏ ဘေးတွေ့ရတတ်၏။ထိုသို့ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရခြင်းသည် ဘဝတစ်ခုခု သူတစ်ပါးအသက်ကို အန္တရာယ်ပေးခဲ့သော အပရာရိယဝေဒနီယကံက အခွင့်သာတိုင်း အကျိုးပေးနေခြင်းသဘောတည်း)။

၎။ အဟောသိကံ = အကျိုးပေးပြီးလည်းမဟုတ် ပေးလတံ့လည်းမဟုတ်သော ပြုပြီးကာမတ္တကံသည် အဟောသိကံမည်၏။ (ဥပမာအားဖြင့် အင်္ဂုလိမာလ လူပေါင်းများစွာ သတ်ခဲ့သော်လည်း ရဟန္တာဖြစ် သွားသည့်အတွက်ကြောင့် နောင်ဘဝ နောင်ခန္ဓာမရှိ။ နောင်ခန္ဓာမရှိသောကြောင့် သူပြုခဲ့သော အကု သိုလ်ကံများက အကျိုးပေးလတံ့မဟုတ်သောကြောင့် အဟောသိကံဖြစ်သွားသကဲ့သို့တည်း)။
ဒုစရိုက်ဆယ်ပါး

၁။ပါဏာတိပါတ = သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း။ (ပါဏာတိပါတအင်္ဂါများ - ၁။သတ္တဝါတစ် ယောက်ဖြစ်ခြင်း။ ၂။သတ္တဝါဟုအမှတ်ရှိခြင်း။ ၃။သတ်လိုသောစိတ်ရှိခြင်း။ ၄။သတ်ခြင်းငှါလုံ့လပြုခြင်း၊ ၅။ထိုလုံ့လပယောဂကြောင့် သေသွားခြင်း)။

၂။အဒိန္နာဒါန = ပိုင်ရှင်မပေးသောသူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (အဒိန္နာဒါနကံမြောက်ကြောင်းအင်္ဂါ များ - ၁။သူတစ်ပါးတို့ဥစ္စာဖြစ်ခြင်း။ ၂။သူတစ်ပါးဥစ္စာဟု အမှတ်ရှိခြင်း။ ၃။ခိုးယူလိုသောစိတ်ရှိခြင်း။ ၄။ခိုးခြင်း၌ လုံ့လပြုခြင်း။ ၅။ခိုးယူခြင်း )။

၃။ကာမေသုမိစ္ဆာစာရ = သူတစ်ပါး သားသမီး သားမယား၌ ပြစ်မှားကျူးလွန်ခြင်း။ (ကံမြောက် ကြောင်းအင်္ဂါများ - ၁။ မကျူးလွန်အပ်သောသူဖြစ်ခြင်း။ ၂။မှီဝဲလိုသောစိတ်ရှိခြင်း။ ၃။မှီဝဲလိုသောစိတ် ဖြင့် လုံ့လပြုခြင်း။ ၄။ကျူးလွန်ခြင်းအပေါ်၌ သာယာခြင်း။ (ဤသုံးပါးကို ကာယဒုစရိုက်သုံးပါးဟုခေါ်)။

၎။မုသာဝါဒ = မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း။ (မုသာဝါဒကံမြောက်ကြောင်း အင်္ဂါလေးပါး - ၁။မမှန်သော အကြောင်းအရာဖြစ်ခြင်း။ ၂။လိမ်ညာလိုသောစိတ်ရှိခြင်း။ ၃။လုံ့လပြုခြင်း။ ၄။သူတစ်ပါး တို့က လိမ်ညာမှုကိုလက်ခံခြင်း)။

၅။ပိသုဏဝါစာ = သူတစ်ပါးတို့၏ ချစ်ခင်မှုကို ကွဲပြားအောင် ဂုန်းချောခြင်း။ (ပိသုဏဝါစာကံမြောက် ကြောင်းအင်္ဂါလေးပါး - ၁။ချစ်ခင်ညီညွတ်နေသူများဖြစ်ခြင်း။ ၂။ကွဲပြားစေလိုသောစိတ်ရှိခြင်း။ ၃။ကုံး တိုက်ခြင်းငှါလုံ့လပြုခြင်း။ ၄။လှည့်စားသောစကားများကို သူတစ်ပါးတို့က လက်ခံခြင်း(။

၆။ဖရုသဝါစာ = ကြမ်းတမ်းသောစကား ဆဲရေးသော စော်ကားသောစကားကိုပြောဆိုခြင်း။ (ဖရုသ ဝါစာကံမြောက်ကြောင်းအင်္ဂါ ၃-ပါး - ၁။ဆဲရေးခြင်းလိုသောစိတ်ရှိခြင်း။ ၂။စိတ်ဆိုးခြင်း။ ၃။ဆဲရေးခြင်း အကြောင်းအင်္ဂါဆယ်ပါးတို့ဖြင့် ဆဲရေးခြင်း)။

၇။သမ္ဖပ္ပလာပဝါစာ = အကျိုးမဲ့သောစကားများကို ပြောဆိုခြင်း။ (သမ္ဖပ္ပလာပဝါစာကံမြောက်ကြောင်း အင်္ဂါ နှစ်ပါး ၁။အကျိုးမဲ့သောစကားကို ရှေးရှုခြင်း။ ၂။ထို စကားကိုပြောဆိုခြင်း)။

၈။အဘိဇ္ဈာ = သူတစ်ပါးစည်းစိမ်ချမ်းသာကို လိုချင်သောစိတ်ဖြင့် ရှေးရှုကြံစည်ခြင်း။ (အဘိဇ္ဈာကံ မြောက်ကြောင်းအင်္ဂါ ၂-ပါး - ၁။ သူတစ်ပါး စည်းစိမ်ဥစ္စဖြစ်ခြင်း။ ၂။မိမိစည်းစိမ်ဖြစ်လျှင်ကောင်းမှာပဲဟု ရှေးရှုကြံစည်ခြင်း)။

၉။ဗျာပါဒ = သူတစ်ပါးတို့ ပျက်စီးစေလိုသော ဒုက္ခရောက်စေလိုသော ကြံစည်ခြင်း။ (ဗျာပါဒကံမြောက် ကြောင်းအင်္ဂါ ၂-ပါး = ၁။တစ်ပါးသော သတ္တဝါဖြစ်ခြင်း။ ၂။ထိုသတ္တဝါတို့ သေကြလျှင်ကောင်းမှာပဲကြံ စည်ခြင်း)။ မှတ်ချက်/ သေသည်အထိကြံစည်မှ ကမ္မပထမြောက်သည်။ ဆင်းရဲစေလိုမှုသာဆိုလျှင် ကံသာမြောက်သည်။ ကမ္မပထမမြောက်သေးပါ။

၁၀။မိစ္ဆာဒိဋ္ဌိ = မှားယွင်းသောအယူကို ယူခြင်း။ (မိစ္ဆာဒိဋ္ဌိကံမြောက်ကြောင်းအင်္ဂါ ၂-ပါး = ၁။မိမိယူထား သောအယူသည် မဟုတ်မမှန်ဖောက်ပြန်သော သဘောရှိခြင်း။ ၂။ထိုမှားယွင်းသည့်အတိုင်း ယူဆထား ခြင်း)။ မှားယွင်းသော အယူများတွင် ကမ္မပထမြောက်သောမိစ္ဆာဒိဋ္ဌိတို့ကား နတ္ထိကဒိဋ္ဌိ၊ အဟေတုက ဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိသုံးပါးတို့ဖြစ်ပါသည်။ ကြွင်းသော သဿတဒိဋ္ဌိစသည်တို့ကား ကံသာမြောက်သည်။

ဆက်လက်ဖေါ်ပြပါဦးမည်
အရှင်ဇဝန(ကုန်းဇောင်း)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့