တစ်နေ့.....
ကျနော် နှင့်ချစ်သူသည် ကန်ဘောင် နံဘေး ရှိ ထိုင်ခုံလေး တစ်ခုတွင် ထိုင်ဖြစ်ကြသည်။
ချစ်သူက ကျနော့် အတွက်ဟု ဆိုကာ ၀ယ်လာသော ပန်းလိမ္မော်သီး များကို သေချာစွာ လွှာနေလေ၏။
ပြီးနောက်....
လွှာပြီးသား လိမ္မော်သီး စိတ်လေးများကို...
"မောင်....ပါးစပ်ဟ"
ဟုဆိုကာ ကျနော်အား လာခွံ့လေသည်။
ချစ်သူ ကျွှေးသော လိမ္မော်သီး စိတ်အား မစားပဲ မျက်နှာကို တမင်တည်ကာ တစ်ဖက်သို့လှည့်နေလိုက်သည်။
ချစ်သူက နားမလည်စွာဖြင့်....
"မောင်.....ဘာဖြစ်လို့လည်းဟင်"
ဟုမေးလေသည်။ ကျနော်ကတော့ခပ်တည်တည်ပင် ပြန်မဖြေ။
ချစ်သူက စိုးရိမ်သွားကာ.....
"မောင်...နေမကောင်းဖြစ်နေတာလား"
ဟုဆိုကာ ကျနော့် နဖူးအား လာစမ်းလေသည်။
"ဟင်....ကိုယ်လည်းမပူပါဘူး ၊ မောင်ဘာဖြစ်နေတာလည်းဆို"
ချစ်သူကနားမလည်စွာ ထပ်မေးလေသည်။
ထိုအခါ ကျနော်က ချစ်သူဘက်လှည့်ကာ ကလေးဆိုး တစ်ယောက်နှယ် မျက်နှာကို စူပုပ်ပြီး....
"ညက ဖုန်းဆက်တုန်းက သန္တာ ပြောတယ်လေ"
"အင်း"
"အင်း" ဟု ချစ်သူက စကားထောက်ပေးသည်။
ကျနော်ကဆက်၍.....
"အဲ့တုန်းက သန္တာ ပဲပြောတယ်လေ ၊ မောင်အိပ်ပျှော်အောင်အိပ်ဆို ၊ မောင့်အိမ်မက်ထဲ သန္တာ လာခဲ့မယ်ဆို ၊"
ချစ်သူက ကျနော့် ပုံစံကို ကြည့်ကာ ပြုံးနေလေ၏။
ကျနော်က မျက်နှာကို အစွမ်းကုန် တည်ထားပြီး.....
"အဲ့ဒါ ညတုန်းက မောင်အိမ်မက်ထဲမှာ သန္တာ့ကိုရှာတာမတွေ့ဘူး ၊ ဘာဖြစ်လို့မလာတာလဲ"
ဟု စိတ်ဆိုးသောဟန်ဖြင့် ပြောလိုက်သည်။
ချစ်သူက ကျနော်စကားဆုံးသောအခါ ပြုံးနေရာမှ သွားလေးများပေါ်အောင် ရယ်လိုက်ရင်း....
"မောင်ကလည်းကွာ...ကလေးကျနေတာပဲ"
ဟု အရယ် တစ်ဝက်ဖြင့်ပြောလေ၏။
ကျနော်က....
"ဟုတ်တယ်လေ...သန္တာ လာမယ်ပြောပြီးတော့ မလာတာ ကတိပျက်တာပေါ့..."
ချစ်သူကပြုံးရင်း....
"သန္တာ ကတိ မပျက်ပါဘူးနော် ၊ သန္တာ လာသားပဲ"
"လာတယ်ဆို မောင်ရှာတာ ဘာလို့မတွေ့တာလဲ"
ချစ်သူက ကျနော့်အား မျက်စောင်း လှလှလေး ထိုးရင်းဖြင့်....
"မောင်က အဝေးကြီးလိုက်ရှာနေတာကိုး ၊ သန္တာ ကမောင့်ရင်ခွင်ထဲမှာလေ"
" အယ် ! "
ကျနော် " အယ် " ခနဲ ဖြစ်သွားသည်။ မျက်နှာကိုလည်း တည်မထား နိုင်တော့ပေ။
ပြုံးရင်ဖြင့် စကား တတ်လှစွာသော ချစ်သူလေးအား အသည်းယားစွာ ဖြင့် ဖက်နမ်းပစ်လိုက်သည်။
"ဟာ....မောင်နော်"
ချစ်သူရှက်သွားသည်။
ထို့နောက်....
ချစ်သူသည် လွှာထားသော လိမ္မော် စိတ်ကလေးများအား ကျနော့်အား ခွံ့လေသည်။
ကျနော်ကျေကျေ နပ်နပ်ကြီးပင် စားပစ်လိုက်သည်။
ထို လိမ္မော်သီး အရသာသည် ကျနော်ယခင် စားဖူးနေကျ လိမ္မော်သီး အရသာနှင့် မတူပဲ တမူထူးခြား သော အရသာရှိသည်။
ချစ်သူ၏ စေတနာ ၊ အကြင်နာ တွေ ပေါင်းစပ် ပါဝင်နေ ၍ ဖြစ်ပေလိမ့်မည်။
ချစ်သူက ကျနော့် ပုခုံး ပေါ်ကို ခေါင်းလေမှီရင်း....
"မောင့် ကို သန္တာ မေးစရာရှိတယ်..."
"အင်း...မေးလေ သန္တာ"
ချစ်သူက ဆက်၍...
"သန္တာ ကြားဖူးတယ်သိလား....အချစ်မှာ နှစ်မျိုး ရှိတယ်တဲ့ ၊ ရယူပိုင်ဆိုင်ခြင်း နဲ့ စွန့်လွှတ် အနစ်နာခံခြင်းတဲ့ ၊
မောင်ကရော သန္တာ့ ကို ဘယ်လို အချစ်မျိုးနဲ့ ချစ်တာလဲဟင်...."
ဟုမေးလေသည်။
ကျနော်က ချစ်သူ လက်ဖ၀ါးနုနုလေးအား ဆုပ်ကိုင်လိုက်ရင်း.....
"ဟုတ်တယ် သန္တာ အချစ်မှာ ရယူ ပိုင်ဆိုင်ခြင်း နဲ့ စွန့်လွှတ် အနစ်နာခံခြင်း ဆိုပြီး နှစ်မျိုးရှိတယ် ၊ ဒါပေ့မယ်
ရယူ ပိုင်ဆိုင်ခြင်း တစ်ခုတည်း နဲ့လည်း ပြီးပြည့်စုံ တဲ့ အချစ်ကို မရနိုင်သလို စွန့်လွှတ် ပေးဆပ်ခြင်း နဲ့လည်း
ပြီးပြည့်စုံတဲ့အချစ်ကို မရနိုင် ပြန်ဘူး ၊ အဲ့ဒီ နှစ်ခုကို ပေါင်းစပ်မှသာ အချစ်က ပြီးပြည့်စုံတယ် ၊
မောင် က သန္တာ့ကို ရယူ ပိုင်ဆိုင်ခွင့် ရပြီး တစ်ဘ၀လုံး အနစ်နာခံ ပေးဆပ်ပြီး ချစ်နေချင်တယ် ......"
"မောင်ရယ်....."
ဟုဆိုကာ ချစ်သူ ကျနော့်အားမော့ကြည့်လေသည်။
ချစ်သူက....
"မောင် သန္တာ တို့ တစ်ဘ၀လုံး မခွဲတမ်း ချစ်နေကြမယ်နော်..."
ကျနော် ကျေကျေ နပ်နပ် ကြီးခေါင်းကိုညိတ်ပြလိုက်သည်။
ထို့နောက်...
ချစ်သူအား သူတစ်ပါး လုယူသွားမှာ စိုးသည့်အလား ရင်ခွင်ထဲထည့်ကာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။

No comments:
Post a Comment