Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

အလွမ်းနဲ့ မိတ်ဖွဲ့ရင်း စောင့်မျှော်နေမယ်

~~~~~ ရေမြေတွေခြားနေပေမယ့်…… ခေါ်သံလေးနားထဲကြားသလိုပဲ…အဆင်ပြေမလားတွေးရင်းနဲ့ ရင်မော…. နင်နေများကောင်းရဲ့လား ~~~~~~~
~~~~~~ မိုင်ထောင်ချီဝေးနေပေမယ့် …… နင် ငါ့အနားအမြဲတမ်းရှိသလိုပဲ… ယုံကြည်လိုက်ချစ်ရဆုံးသူရယ်….. အတူတူပဲ တွေးရင်းစိတ်ပူတယ် ~~~~~~
                   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
                   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စက်ပစ္စည်းအရောင်းဆိုင်မှ ယဉ်ယဉ်လေးနဲ့ထွက်လာတဲ့သီချင်းသံကြောင့် လောနေတဲ့ ကျမရဲ့ ခြေလှမ်းတွေဟာ လိပ်လိုနှေးတုတ်နှေးတုတ်နဲ့ စွဲဆန့်ထားနိုင်ခဲ့တယ်။ အဲဒီသီချင်းဟာ ယောက်ျားလေးတွေရဲ့ ခံစားချက်နဲ့ ဖွဲ့ဆိုထားတဲ့ တေးသီချင်းဆိုပေမယ့် ရေမြေခြားဝေးနေရတဲ့ ချစ်သူတိုင်းအတွက် ဟက်ထိစေခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ အခုလဲ ကြည့်.. ကျမအတွက်သက်သက် ရေးစပ်ထားတဲ့သီချင်းများလားထင်ရတယ်။ သီချင်းစာသားတွေတိုင်းက ကျမရဲ့ အဖြစ်အပျက်တွေကို အသက်ဝင်လှုပ်ရှားစေခဲ့တယ်။
“ အော်…အော်… ဘာကြောင့်များ ဒီလောက်ထိတောင်တိုက်ဆိုင်နေရတာလဲ ”
အလုပ်ကိစ္စကြောင့် အလောပေါင်းလေးဆယ်နဲ့ ခေါင်းပူရှုပ်ထွေးနေတဲ့ ကျမက အဲဒီသီချင်းကြောင့် စိတ်ကို ဖြေလျှော့နိုင်ခဲ့တယ်။ သီချင်းသံထွက်လာနေတဲ့ ဆိုင်ရဲ့ဆောင်ပုဒ်ကို လှည့်ကြည့်ရင်း ကျေးဇူးတင်နေခဲ့မိတယ်။
                                                -----------------။ ။ ။ ။ ----------------

“ ဟေ့… ဆောင်း ဒီည နင် လိုင်းသွားတတ်မှာလား ”
“ အင်း သွားမယ်လေ ငါလဲ တင်စရာရှိတယ် ။ နင်ရော သွားမှာလား။ ”
“ အေး… သွားကြမယ်လေ။ ငါလဲ ဒီည ချိန်းထားတာရှိလို့”
“ အော်… အော်… လက်ဆတ်သက်တော့ အဲဂလိုကိုး အင်း အင်း ဟုတ်ပါပီ ဟုတ်ပါပီ ”  ခေါင်းတငြိမ့်ငြိမ့်နဲ့ကျမ ထောက်ခံနေခဲ့တယ်။ ပြောပြောဆိုဆိုနဲ့ နာရီလှည့်ကြည့်လိုက်တော့ သုံးနာရီထိုးနေပြီမို့ နှစ်ယောက်သား စကားပြောရင်းကနေရပ်ပြီး ကိုယ်စီ ကိုယ်ငှ သန့်ရှင်းရေးတွေထလုပ်ကြတယ်။ နေ့တဓူဝ လုပ်နေကျဖြင့်တဲ့ ကြမ်းတိုက်၊ ဖုန်သုတ်၊ ညရောင်းဖို့အကင်တွေ တုတ်နဲ့ထိုးပြီး လှလှပပလေးး စားချင်စဖွယ်ဖြစ်အောင် အရောင်ကွဲတွေ လင်ပန်းထဲ ညီညီညာညာတန်းဆီထည့်ထားရတယ်။ အဲဒီအလုပ်တွေဟာ မပင်ပန်းဘူး ဆိုပေမယ့် လူရှိနေလျှင် တနေကုန် တညနေလုံး သွားလာလှုပ်ရှားနေရတာမို့ ညညဆိုလျှင် ရောက်တိုင်းစေ့ ညောင်းညာကိုက်ခဲတယ်လို့ ငြီးငြူနေတတ်ကြတယ်။ အလုပ်ကစပြီဆိုတာနဲ့ ဆိုင်ထဲမှာ စကားသံတွေက တိတ်ဆိတ်နေတတ်ပြီး သီချင်းသံနဲ့ လမ်းဖြတ်ကားသံဆိုင်ကယ်သံတွေပဲ တစ်ဆိုင်လုံးကို ဖြေဖျော်ပေးနေတော့တယ်။ အလုပ်တွေပြီးစီးလို့ အလှည့်ကျ ရေမိုးချိုးပြီး အလှကိုယ်စီပြင်ဆင်ပြီးစီးလို့ အောက်ထပ်ဆင်းလာတဲ့အချိန်မှာ ညနေစောင်းလို့ မိုးချုပ်နေပြီဖြစ်တယ်။ သူငယ်ချင်းလေးယောက်ရှိတဲ့အနက်မှာမှ လူခွဲပြီး လိုင်းသွားတက်ဖို့ အချင်းချင်း ညှိနှိုင်းတိုင်ပင်လေ့ကြတယ်။ သူငယ်ချင်းလေးယောက်ထဲမှာ စရိုက်အမူအရာတွေမက နေရပ်တွေလဲ ကွဲပြားခြားနားကျပါတယ်။ နေရာချင်း၊ စရိုက်ချင်းကွဲပြားနေကျပေမယ့် ခင်ခင်မင်မင်ရင်းရင်းနှီးနှီးနဲ့ ကျမတို့တွေ ပေါင်းသင်းနိုင်ခဲ့ကျတယ်။ မတူညီတဲ့သံစဉ်လှိုင်းတွေကို ကျမတို့ အကောင်းဆုံးတီးခတ်နိုင်ခဲ့ကျတယ်။

“ ငမိုး ဒီည ငါနဲ့ ချယ်ရီ လိုင်းသွားတက်မယ်နော် ခဏလေးပါပဲ။ ပိုစ့်တင်စရာရှိလို့ နော်…..နော် ”
ကိုယ်ပိန်ပိန်သေးသေးလေးနဲ့ ပြတ်သားတတ်တဲ့ ငမိုးဟာ အသံနဲ့မလိုက်အောင်ကို လူတွေကမကြာခဏ ယောက်ျားလေးအသံနဲ့ မှားတတ်ကြတယ်။
“ အေ့… ရတယ်..သွားလေ ”
အချင်းချင်းသဘောတူညီမှုတွေရပြီးနောက် နှစ်ယောက်သားပီတိအပြုံးမပျက်ဘဲ စကားတွေ တီးတိုးတီးတိုးပြောရင်း အင်တာနက်ဆိုင်ဖက်ကို ဦးတည်ပြီး လစ်ကြတယ်။ Ezee – Net နက်ဆိုင်က ကြီးကြီးကျယ်ကျယ် လှလှပပလေးမရှိပေမယ့် လမ်းမကြီးနဲ့ နဲနဲအလှမ်းဝေးလေတော့ ထိုင်ရတာအဆင်ပြေတဲ့အတွက်ကြောင့် အဲဒီဆိုင်မှာပဲ အမြဲတမ်းထိုင်ဖြစ်ကြတယ်။ ဒါပေမယ့် အဲဒီဆိုင်ကိုထိုင်ဖို့ဟာ စနေနေ့နဲ့ တနင်္ဂနွေနေ့ကို အမြဲတစေ ရှောင်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဆိုင်က အင်တာနက်နဲ့ဂိမ်းကိုတွဲဖွင့်ထားလေတော့ ကျောင်းပိတ်ရက်မှာ ကလေးတွေက အရင်နေရာဦးတတ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် ငြင်းခုန်လို့ ဆူညံနေတတ်ကြတယ်။ ပြီးတော့ တခါတလေမှာ ကိုယ်က အင်တာနက်သုံးနေတဲ့အချိန်မှာ သူတို့လေးတွေက လာလာချောင်းကြည့်တတ်လို့ ချက်ရတာသိပ်အဆင်မပြေဘူး။ တချို့ကလေးတွေက ချက်တာကိုကြည့်ယုံသာကြည့်တယ်။ တချို့ကလေးတွေကကျတော့ အဲလိုမဟုတ်ဘူး ကြည့်ရင်းနဲ့အသံပီကလာမပီကလာနဲ့ အသံထွက်အောင် စာလုံးပေါင်းပြီးရေရွတ်ဖတ်ရင်း ရယ်နေတတ်ကျတဲ့အတွက်ကြောင့်မို့ သူတို့တွေကို နဲနဲတော့အားနာမိတယ်။ သူတို့လေးတွေက ဆရာကြီးတွေဆိုတော့လေ။ ဒါပေမယ့် သူတို့လေးတွေရဲ့ ကြားမှာ ထိုင်ရတာလဲ ပျော်ရွှင်မှုတခုဖြစ်စေပါတယ်။ သူတို့မသိတာလေးရှိရင် သူတို့က မေးခွန်းထုတ်တယ် ကျမက ပြန်ပြန်ဖြေပေးနေရတော့ ကိုယ်အမှတ်မထင်မေ့ထားတဲ့အရာတွေကို ပြန်လည်မှတ်မိစေသလို သူတို့ကိုလဲ ကိုယ်သိတဲ့ပညာနဲနဲလေးကို မျှဝေပေးနိုင်ခဲ့တဲ့တွက်ကြောင့် ကျေနပ်မိတယ်။ ပြီးတော့ သူတို့လေးတွေက တယောက်နဲ့တယောက်ငြင်းခုန်လို့သာငြင်းခုန်ကျတယ် ခိုက်ရန်မဖြစ်အောင် ကိုယ့်စိတ်ကိုထိန်းနိုင်ခဲ့ကျတယ်။ ငြင်းခုန်ရင်း တစ်ယောက်နဲ့တစ်ယောက်အလျှော့အတင်း ဆိုတာရှိထားလေတော့ ငြင်းခုန်ရင်းနဲ့ရယ်မောနေကျတာကို အရမ်းသဘောကျမိတယ်။ အပူပင်ကင်းတဲ့ သူတို့လေးတွေက ဒေါသ မောဟ လောဘ ကို ထိန်းချုပ်ထားနိုင်ခဲ့ကြတယ်။ အဲလို စွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်ဖို့ဟာ အင်မတန်မှ ခက်ခဲပါတယ်။ စာအုပ်ထဲမှာဖတ်ဖူးတဲ့ အကြောင်းအရာတခုကို သတိရသွားမိတယ်။ “ လူကြီးတွေလုပ်ဖို့ခက်ခဲနေတဲ့အရာတချို့ဟာ ကလေးတွေထံမှာ ကျွမ်းကျင်တတ်မြောက်တတ်ကျတယ်။ ” တဲ့ သိပ်မှန်နေပါလား။ အင်တာနက်ဆိုင်နဲ့ ကျမတို့နေတဲ့နေရာနဲ့ သိပ်မဝေးလေတော့ စကားစမြည်တွေပြောရင်းဆိုရင်း ဆိုင်နားရောက်သွားကျတယ်။ ဆိုင်ထဲမ၀င်ခင်မှာ ဆိုင်ထဲကလူတွေကို အကဲခပ်ရင်း ခြေသံဖျောက်ပြီး ဖြေးဖြေးလေးလျှောက်လာခဲ့ကျတယ်။ ဆိုင်ကိုတခါတခါသွားရင် နေရာရှိပါစေ နေရာရှိပါစေနဲ့ ရင်တဒိတ်ဒိတ်နဲ့ ကျိတ်ပြီးဆုတောင်းနေရတယ်။ ဘာကြောင့်လဲဆိုတော့ အလောတကြီးနဲ့ ဗုန်းဒိုင်းကြီး ရောက်သွားလို့ နေရာမရရင် မျက်နှာပူနေရမှာစိုးလို့ပါ။ နေရာမရလို့ မျက်နှာပူပူနဲ့ လှည့်ပြန်နေရတာလဲ မကြာခဏပဲမို့ ကြောက်နေရတယ်။ အရင်ဦးဆုံးလူအကဲခပ်လို့ နေရာလွတ်တယ်ဆိုမှ ဆိုင်ရှင်ကို လိုင်းရမရမေးပြီး ထိုင်တတ်ကျတယ်။

ကွန်ပြူတာပါဝါဖွင့်လိုက်ပြီဆိုတာနဲ့ အရင်ဦးဆုံး လုပ်ဖြစ်တဲ့အလုပ်က ဂျီတော့ကို အရင်ဖွင့်တာပါပဲ။ ဂျီတော့ဖွင့်ပြီး နာမည်နဲ့ ဖက်စဝေါ့ ရိုက်ထည့်လိုက်လို့ ဆိုင်းအင်ဖြစ်သွားတဲ့အချိန်မှာ ဂလုန်….ဂလုန်……….နဲ့ သူငယ်ချင်းများရဲ့ ချန်စာတွေက အရင်ဦးဆုံး နှုတ်ခွန်းဆက်တတ်ကျတယ်။ သူငယ်ချင်းတွေရဲ့ ချန်စာတွေထဲမှာ့ ဘာအကြောင်းတွေရေးထားမှန်းမသေးသိခင် စိတ်ထဲမှာတော့ ပီတိအရင်ဖြစ်နေမိတယ်။ အွန်လိုင်းမှာပဲဆိုပေမယ့် ကျမကို ခင်နေကျတဲ့ သူငယ်ချင်းတွေရှိနေတယ်ဆိုတာကို သက်သေပြနေတော့ အရမ်းဝမ်းသာနေမိတယ်။ တချို့သူငယ်ချင်းတွေက ခင်မင်လေတော့ သူတို့တွေရဲ့ အွန်လိုင်း အတွေ့အကြုံတွေကို ဖလှယ်ပေးကျတယ်။ အွန်လိုင်းကို မယုံနဲ့ အွန်လိုင်းက လူလိမ်လူညာများတယ်။ လျှောက်ကြူနေတဲ့လူတွေပဲများနေတယ်လို့ သတိပေးသူတွေကပေးကျပါတယ်။ ဒါပေမယ့် လူလိမ်လူညာများတယ်ဆိုတဲ့တားမြစ်ချက်ထဲကိုမှ မလွှဲမရှောင်နိုင်ဘဲ သံယောဇဉ်တွယ်ငြိနေမိကျတယ်။ လူတွေရဲ့သဘာဝဆိုသလိုအတိုင်းပါပဲ ဆန့်ကျင်ဘက်လုပ်တတ်တဲ့စရိုက်တွေကရှိနေတော့ ဖြစ်ပြီးပျက်ပြီးမှပဲ နောင်တတွေရတတ်ကျတယ်။ တချို့လူတွေက လိုင်းကို အယုံအကြည်မရှိပေမယ့် တချို့လူတွေက အယုံအကြည်ရှိလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ခပ်များများက အကြူဇယားထဲမှာ ပါနေကျတော့ လူတွေက ရှိန်နေကျတယ်။ ကိုယ်အလိမ်ခံခဲ့ရသလို သူ့ကိုလဲ လိမ်ကြည့်မယ်ဆိုတဲ့ စိတ်တွေ မွေးနေရင်တော့ အွန်လိုင်းမှာလူလိမ်လူညာတွေ ပေါသွားတယ်လို့ထင်မိတယ်။
                            
***************************************************

အွန်လိုင်းက သူငယ်ချင်းတွေရဲ့ သတိပေးချက်တွေကြောင့် နောက်တနေ့ ဂျီတော့ထဲမှာ စာကြောင်းတချို့ကို စဉ်းစားပြီး ရေးတင်ဖြစ်ခဲ့တယ်။ “ အွန်လိုင်းမှာ လူသူမသိကျဘူးဆိုပေမယ့် သူငယ်ချင်း အချင်းချင်း စာနာစိတ်တွေထားတတ်ရင် ခင်မင်မှုကို တန်ဖိုးထားတတ်ရင်  အွန်လိုင်းကနေတဆင့် ယုံကြည်မှုတွေမတည်ဆောက်နိုင်စရာအကြောင်းမရှိပါဘူး။ အဓိကသော့ချက်ဟာ ခင်မင်မှုကို အလွဲမသုံးမိဖို့ပါပဲ။ ကိုယ်လည်းသူ့လို သူလဲကိုယ့်လိုတွေပါပဲ ဘယ်သူမဆိုအလိမ်ခံရရင် ပေါက်ကွဲပြီး ၀မ်းနည်းနေကျမှာပဲလေ။ လိမ်တယ်ညာတယ်ဆိုတာက အပြုသဘောဆောင်လိမ်ညာခြင်းမျိုးပဲဖြစ်ပါစေ ။ လူတစ်ဖက်သားကို ထိခိုက်ကြေကွဲနာကျင်အောင် လိမ်ညာခြင်းမျိုးကို ရှောင်နိုင်တယ်ဆိုရင် သင်ဟာ အကောင်းဆုံးသောလူသားတစ်ယောက်ပါပဲ။ ”
အဲဒီစာသားကြောင့် မေးခွန်းတွေ၊ လှောင်ပြောင်သံတွေ၊ ဝေဖန်ချက်တွေ ထင်မြင်ချက်တွေ ထောက်ခံချက်တွေ တဂွန်…ဂွန်နဲ့ ပေးလာကျတယ်။ အဲဒီစာကြောင်းကြောင့် မဟုတ်ဘဲ ခင်မင်ချင်ရုံသက်သက်လား ဒါမှမဟုတ် တခြားရည်ရွယ်ချက်နဲ့ကြောင့်လားမသိဘဲ ဘယ်တုန်းက လက်ခံလိုက်မှန်းမသိတော့တဲ့ အကောင့်တစ်ကောင့်ဆီက ရုတ်တရက် လာတဲ့နှုတ်ဆက်သံကြောင့် အံ့အားသင့်နေမိတယ်။
“ ဟိုင်း ချစ်လေး နေကောင်လား ”
ဘာတွေတုန်း လူကို အစိမ်းကြီးနဲ့ ချစ်လေးနဲ့လာခေါ်နေတယ်။ ဘယ်လိုလူပါလိမ့်။ သူလဲဘဲ အကြူဇယားထဲမှာ ပါနိုင်လောက်ပါတယ်။ ဒါကြောင့်မို့ မျက်နှာပြောင်နဲ့ အဲလိုအခေါ်အဝေါ်တွေလာသုံးနေတာနေမှာ သတိထားအုံးမှပဲလေ။ ဒါပေမယ့် အကောင့်ထဲမှာ သူငယ်ချင်းနဲနေတော့ သူ့ကိုအပြစ်မမြင်ပဲနဲ့ အဲဒီ ချစ်လေး ဆိုတဲ့ ခေါ်သံလေးကိုလဲ ဥပေက္ခာပြုဘေးဖယ်ထားပြီး ပြန်ဟိုင်းလိုက်ပါတယ်။ မေးခွန်းထုတ်တာပြန်ဖြေမိတော့ ကိုင်း…အရစ်ရှည်သွားပြီ။ ထုံးစံအတိုင်းဖြစ်တဲ့ မိတ်ဆက်ခြင်း နေရပ်လိပ်စာတွေ ပြောကျရင်းနဲ့ ခင်မင်မှုလမ်းကို အစပျိုးခဲ့ကျတယ်။ နေရပ်ချင်းလဲမတူ လူမျိုးချင်းလဲကွဲပြားကျတဲ့အပြင် ကျမထက် အသက် ငါးနှစ်ကြီးပါတယ်။ ကျမတို့တွေက ခင်မင်မှုကို ရှေ့တန်းတင်ပြီး ယုံကြည်မှုကို တည်ဆောက်ခဲ့ကျပါတယ်။ အသက်အရွယ်ကြီးတယ် ငယ်တယ်ဆိုတာကို ကျမတို့ ဘယ်သောအခါကမှ မပြောမိခဲ့ကျဘူး။ စိတ်ထဲမှာ ခင်မင်မှုတွေက ကြီးစိုးနေခဲ့တော့ ဘယ်သူ့ရဲ့အားနည်းချက်ကိုမှ ကျမတို့ထုတ်ဖော်မပြောဆိုခဲ့ကျဘူး။ ခင်မင်မှုရက်စွဲတွေက တဖြေးဖြေးနဲ့ ရက်ရှည်လာတော့ တစ်ယောက်အကြောင်းတစ်ယောက်ဖွင့်ပြောခဲ့ကျတယ်။ အဲဒီအကြောင်းထဲမှာ အတိတ်ကအဖြစ်အပျက်တွေကို ပြောဖြစ်တာများပါတယ်။ ကျမတို့ရဲ့ ငယ်ဘ၀စဟာ အထီးကျန်ခဲ့ခြင်းတူတူဖြစ်နေခဲ့တယ်။ ငယ်စဉ်ကတည်းက မိဘညီကိုမောင်နှမတွေနဲ့ အဝေးတနေရာဆီမှာ ကြီးပျင်းလာခဲ့ကြတယ်။ အဲဒီအတိတ်က အကြောင်းတွေဖလှယ်ရင်း အားငယ်ဝမ်းနည်းမှုတွေ ကျမတို့ ဘေးဖယ်ထားနိုင်ခဲ့ကျတယ်။ ငယ်ဘ၀တခုထဲသာမကပါဘူး ။ လုပ်ငန်းခွင် ၊ မိသားစုအတွင်းထဲမှာ ဖြစ်ပျက်နေတဲ့ပြဿနာချင်းလဲ တူညီကြပြန်တယ်။ ဒီလိုတိုက်ဆိုင်မှုက အခြားသူအတွက် မထူးဆန်းပေမယ့် ကျမအတွက်တော့ ဆန်းကျယ်နေခဲ့တယ်။ ကျမတို့တွေဟာ ဘ၀တူ တွေမို့လား ဒါမှမဟုတ် နာကျင်ဒဏ်ကို ကျေလည်ခဲ့သူတွေပဲမို့လား ခန့်မှန်းလို့မရတော့တဲ့ အခြေအနေတခုမှာ ကျမတို့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတွေ စာနာမှုတွေ နားလည်မှုတွေ ကျမတို့ နှလုံးသားထဲမှာ ခိုအောင်းနေခဲ့ကျတယ်။ အွန်လိုင်းမှာ ပြောတဲ့စကားကို ယုံကြည်နေရင် အရုးပဲလို့ ပြောချင်ပြောနေကျပါလိမ့်မယ်။ ကိုယ့်နေရာ သူ့နေရာ ၀င်ခံစားကြည့်မိရင် သူ့ဆီက အမဲစက်ဒဏ်ရာတွေကို အလွယ်တကူနဲ့ တွေ့နိုင်ပါလိမ့်မယ်။ အဲဒီလို အမဲစက်တွေ ကိုယ့်ဆီမှာရော ဖြစ်ခဲ့ဖူးလား ဒါမှမဟုတ် လက်တလောလည်း တိုက်ဆိုင်နေလား အဲလိုဆို သူပြောတဲ့စကားတွေက ယုံကြည်လို့ရမရ ခန့်မှန်းပြီးသိနိုင်ပါတယ်။  

***************************************

တနေ့ပြီးတနေ့ ချက်တင်ထဲမှာ စကားပြောရင်း ချက်ရင်းနဲ့ ကျမတို့ရဲ့ ခင်မင်မှုလမ်းခရီးက အချိန် (၇) နှစ်လတာကြာခဲ့ပြီဖြစ်တယ်။ ရုံးနဲ့ အလုပ်တွဲလုပ်နေတဲ့အချိန်မှာတုန်းက တနေ့ခြားလိုင်းပေါ်ရောက်နိုင်ခဲ့ပေမယ့် အလုပ်နေရာပြောင်းလိုက်ရတော့ လိုင်းကို  တစ်လမှာ တခါ နှစ်ခါပဲထိုင်ဖြစ်တော့တယ်။ လိုင်းမတက်နိုင်ခဲ့ပေမယ့် ကျမတို့ရဲ့ ရင်းနှီးမှုက လိုင်းနဲ့အတူ ပျက်မသွားခဲ့ကျပါဘူး။ တနေ့မှာ လိုင်းသွားတက်ရင်း သူနဲ့ဆုံဖြစ်ခဲ့တဲ့အချိန်မှာ ကျမရဲ့ အကျိုးအကြောင်းကို ပြောပြရင်း သူလဲ ကျမ ဟန်းဖုန်းနံပါတ်ကို တောင်းတော့ ပေးထားခဲ့လိုက်တယ်။ နဂိုကတည်းကလဲ ပေးချင်နေခဲ့တဲ့ဆန္ဒတွေရှိနေခဲ့တော့ ဘာမှဟန်ဆောင်မှုမရှိတော့ဘဲနဲ့ နောင်တမရခင်မှာ ခပ်သွပ်သွပ်လေး ပေးလိုက်တယ်။ ဆက်လို့ရတယ်မရဘူးဆိုတာတော့ အပထား။ ဖုန်းနံပါတ်ပေးထားပြီးနောက်မှာ မျှော်တော်ဆက်တတ်တဲ့ရောဂါပိုးက ထလာတယ် ။ ဘယ်အချိန်မှာ ဘယ်နေ့မှာဘဲ ဖုန်းလာမလဲလို့ ရင်ခုန်ရင်းနဲ့ ဖုန်းမြည်သံကို နားစွင့်နေခဲ့မိတယ်။ ဆောင်း ဆိုတဲ့ခေါ်သံလေးကို အရမ်းကြားချင်နေခဲ့မိတယ်။ တနေ့မှာ မထင်မှတ်ပဲ နိုင်ငံခြားခေါ နံပါတ်တခုဝင်လာတော့ ဖုန်းကိုင်လက်ခံဖို့တောင် လက်က ကတုန်ကယင်ဖြစ်နေခဲ့မိတယ်။ သူ….သူ…..သူ…. တကယ် သူပဲဖြစ်ရမယ်ဆိုတဲ့ အတွေးကြောင့်နဲ့ အရမ်းရင်ခုန်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖုန်းကို လက်ခံခဲ့မိတယ်။ ကျမ ကျမကြားချင်ခဲ့တဲ့ အတိုင်း “ဆောင်းလား” ဆိုတဲ့ မေးခွန်းကို သူအရင်စမေးခဲ့တယ်။ ကျမရဲ့ ဖြေကြားမှုနောက်မှာ နေကောင်းလား ၊ အလုပ်အဆင်ပြေလား၊ ဘာညာ တွေမေးတော့ ပီတိမှုများစွာနဲ့ ခပ်သွပ်သွပ်ဖြေကြားခဲ့တယ်။ ဖုန်းနဲ့စကားသာပြောနေတာ အိပ်မက် မက်နေသလိုခံစားရတယ်။ ကိုယ့်ရဲ့ ဖြိုးဖြိုးပြည့်ပြည့်နဲ့ ပါးကိုတောင် ခိုးပြီး ဆိတ်ကြည့်မိသေးတယ်။ နာသားပဲ အဟိ…. အိပ်မက်မဟုတ်မှန်းသိလိုက်ရတော့ တစ်နေကုန် အူမြုးနေတော့တာပါပဲ။ ဖုန်းအဆက်အသွယ်ရပြီးနောက် ကျမတို့ရဲ့ ရင်းနှီးမှုက ပိုပိုနက်ရှိုင်းလာခဲ့တော့တယ်။ သံယောဇဉ်ကြိုးက ပိုပို ငြိတွယ်ခဲ့မိကျတယ်။ လွယ်လင့်တကူ နံပါတ်နှိပ်လိုက်တာနဲ့ စကားပြောလို့ရတဲ့ အချိန်မှာ ကျမတို့ တစ်ယောက်ကြောင်းတစ်ယောက်ပိုမိုကျေညှပ်အောင် သိနိုင်ခဲ့ကျတယ်။ အတိတ်ကြောင်းကို နားလည်မှုတွေနဲ့ ဖာထေးခဲ့ကျပြီး ပစ္စုပ္မန်ကို လွမ်းစရာနဲ့ ဖြေသိမ့်ခဲ့ကျတယ်။ အနာဂတ်ကို နှစ်ယောက်ကြား စိတ်ချင်းဆက် သိနေခဲ့တဲ့ ချစ်ခြင်းတွေနဲ့ လမ်းခင်းလျှောက်ဖို့ဆုံးဖြတ်ချက်တွေ ဆွေးနွေးချက်တွေ တိုင်ပင်ချက်တွေ ချထားခဲ့ပေမယ့် ဖြစ်လာမယ် ဖြစ်မလာဘူးဆိုတာ ကျမတို့အမှုမထားခဲ့ပါဘူး ။ လက်တလောမှာ ကျမတို့ တစ်ယောက်ကိုတစ်ယောက် အားပေးနှစ်သိမ့်ရင်း ပျော်ရွှင်ကြည်နူးနေဖို့က အရေးကြီးနေခဲ့ပါတယ်။ တစ်နေ့သာကို ပျော်ရွှင်မှုတွေနဲ့ ဖြတ်ကျော်နိုင်မှ ကျမတို့ ပုံဖော်ထားခဲ့တဲ့ အနာဂတ် မြင်ကွင်းတွေ ရုပ်ပုံတွေ ပေါ်လာမှာဖြစ်တယ်။ မဖြစ်လာသေးတဲ့ အနာဂတ်ကို ကြိုတွေးပြီး ပူပင်နေရမှာဆိုးလို့ လက်ရှိဖြစ်နေတာကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားကျဖို့ ဂတိတွေ ပေးခဲ့ကြတယ်။ အချိန်တခုမှာ ကျမတို့ တွေ့ဆုံဖို့ ချိန်းဆိုခဲ့ကျပါတယ်။ အဲဒီချိန်းဆိုမှုဆီရောက်နိုင်မရောက်နိုင် ကျမတို့ရဲ့ ယုံကြည်ချက်နဲ့ ပြဿနာကို ဘယ်အခြေအေနေထိ တစ်ယောက်ကိုတစ်ယောက် သီးခံနိုင်ကျမလဲ ဆိုတဲ့အတိုင်းအတာဟာ ကျမတို့ရဲ့ အချစ်ပင်လယ်ကို ဘယ်လောက်ထိကူးခက်နိုင်မလဲဆိုတာ သက်သေပြပေးပါလိမ့်မယ်။ ဆုံမယ့်အချိန်လေးကို ရင်ခုန်စွာ စောင့်မျှော်ရင်း သီချင်းလေးတစ်ပုဒ်ညည်းဆိုချင်နေမိတယ်။ ဟို အရင် လက ကြားခဲ့ရတဲ့ စက်ပစ္စည်းအရောင်းဆိုင်မှာ ဖွင့်ထားတဲ့ သီချင်းတစ်ပုဒ်ကို အမှတ်ရနေဆဲဖြစ်တယ်။  ရည်မှန်းချက်ကိုဆီ ရည်ရွယ်ချက်ကိုဆီနဲ့ ချစ်ရတဲ့သူကို ထားရစ်ခဲ့ရပြီး အဝေးကိုထွက်ခွာခဲ့ရတဲ့ ချစ်သူတိုင်းအတွက် ချစ်သူ့အလွမ်းပြေခံစားနိုင်ရင်း၊ ချစ်သူ နားဆင်နိုင်စေဖို့အတွက် ဒီကနေတစ်ဆင့် ဒီသီချင်းလေးကို အမှတ်တရလက်ဆောင်အဖြင့် လက်ဆင့်ကမ်းမျှဝေးပေးရင်း………………..

V1;       ရေမြေတွေခြားနေပေမယ့်…… ခေါ်သံလေးနားထဲကြားသလိုပဲ…
အဆင်ပြေမလားတွေးရင်းနဲ့ ရင်မော…. နင်နေများကောင်းရဲ့လား ….

V2; မိုင်ထောင်ချီဝေးနေပေမယ့် …… နင် ငါ့အနားအမြဲတမ်းရှိသလိုပဲ…
ယုံကြည်လိုက်ချစ်ရဆုံးသူရယ်….. အတူတူပဲ တွေးရင်းစိတ်ပူတယ် ….

Cho; တကယ်လို့သာ ပြန်မဆုံနိုင်ဖြစ်ခဲ့ရင်
နင်ငါ့ကိုသာ မေ့သွားခဲ့ရင် ရင်ကွဲရပြီပဲ အို ချစ်ရသူလေးရယ်
ဘယ်ဆီမှာများလဲ ဘယ်ရင်ခွင်နားမလဲ ဒီအချိန်ဆို ဘယ်သူနဲ့ရှိနေမလဲ
စိတ်ချလိုက်ချစ်သူရယ် မပြောင်းလဲတဲ့အချစ်တွေနဲ့ ထာဝရ နင့်တစ်ယောက်တည်းကိုပဲ ယုံကြည်ချင်သေးတယ် ပြန်လာရင်ပွေ့ဖက် ရှောင်ဖယ်ကာ ဟိုအဝေးမသွားပါနဲ့
ငါ့ဘ၀ရဲ့နားခိုရာ အေးချမ်းခြင်းစောင့်တည်ရာယုံကြည်ပါချစ်ရတဲ့သူရာ နင်တစ်ယောက်တည်းကိုချစ်တာ

တူတူ သံပြိုင်သီဆိုရင်း ချစ်တဲ့သူနဲ့ မြန်မြန်နီးဆပ်နိုင်ဖို့ ဆုပန်ရင်း ဒီက စောင့်နေပါမယ်။ချိန်းဆိုထားတဲ့ကျမတို့ရဲ့ ဂတိတွေ လမ်းခင်းလျှောက်မယ့် တို့ရဲ့ အနာဂတ်ဆီကို အတူတူအားတင်းရင်း အတူတူဖေးမရင်း အတူတူအလွမ်းနဲ့မိတ်ဖွဲ့ရင်း စောင့်မျှော်နေပါမယ် သိပ်ချစ်ရတဲ့ ချစ်သူရယ်………။

မှတ်ချက်။                 ။ အခြေနေအကြောင်းကြောင်းကြောင့် ကောင်လေးရဲ့ နာမည်ကို ထည့်မဖော်ပြပေးနိုင်တဲ့တွက် အားလုံးကို ကြိုတင်တောင်းပန်အပ်ပါသည်။ အမှားပါသွားခဲ့ရင် ခွင့်လွတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

လာရောက်ဖတ်ရှု့အားပေးကြသူတိုင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ဆုမွန်တောင်းခြွေရင်း …… ဆက်လက်ကြိုးစားနေလျှက်ပါ……………..ကျေးဇူးအထူးတင်လျှက်…………….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့