“သမုဒယတွေသာ နှောင်ကြိုးလိုမငင်ခဲ့ရင်…”
(ပထမပိုင်း)
အဲ့ဒီနေ့က မိုးလည်းမရွာ လေလည်းမဖြိုက် တိမ်တိုက်တွေကြည်လင်နေတဲ့ ကောင်းကင်အောက်မှာ သူ့ကို စတွေ့ခွင့်ရခဲ့တယ်… အလျှားလိုက်ကလေးတွေ တန်းစီဆောက်ထားတဲ့ ကျောက်ဆည်နည်းပညာ တက္ကသိုလ်ကြီးရဲ့ ကျောင်းဆောင်တစ်ခုနောက်ကျောက သူထွက်လာခဲ့တယ်… ကျောင်းရုံးခန်းဆီကို ဦးတည်နေတဲ့ သူ့ခြေလှမ်းတွေကို ကျောက်ခင်းလမ်းမှုန်မှုန်ကလေးပေါ်မှာ ဖွဖွကလေး နင်းလာတာတွေ့ရတယ်… သူ့မျက်နှာပေါ်မှာ ထူးထူးဆန်းဆန်းအပြုံးတွေမရှိဘူး… နီရင့်ရင့်နောက်ခံမှာ ၀ါကျင်ကျင်သစ်ရွက်ကလေးတွေကွပ်ထားတဲ့ လေဒီရှပ်လက်တိုနဲ့အတူ နီညိုညိုထမီစကပ်ကို သူတွဲဝပ်ဆင်ထားတယ်… သူ့ခြေဖမိုးလေးတွေက လိုတာထက်ပိုဖြူပြီး မွှေးညှင်းနုနုကလေးတွေက သူ့ခြေမပေါ်နဲ့ ခြေချောင်းဖြူဖြူကလေးတွေပေါ်မှာ နေရာယူနေကြခဲ့ကြတယ်… သူ့ဆံပင်တွေကို နဖူးထိသပ်တင်ထားပြီး ခေါင်းစီးကြိုးနဲ့မြဲမြံစွာတုပ်နှောင်ကာ နောက်ကျောဘက်ဆီမှာ ရမ်းခါသွားတတ်တဲ့ ဆံသားရှည်ရှည်ကလေးတွေကိုလည်းတွေ့ရတယ်… သူ့မျက်နှာပေါ်က သနပ်ခါးရည်ကျဲကျဲဟာ သူ့ကိုစတွေ့ရချိန်မှာ သစ်လွင်နေပုံတော့ မပေါက်ဘူး… သူလှသလားလို့ ကိုယ်လည်း ဘာသာမပြန်တတ်ခဲ့ဘူး…
“စိတ်ကူးချိုချို အိမ်မက်တွေပေးပါ…”
ဘာကြောင့်ရယ်တော့မသိ… နှလုံးသားက ထိချက်တစ်ခုတည်းနဲ့တင် အကောင်လိုပေါက်လာတဲ့ ဆန္ဒတွေက ရင်ထဲမှာမြည်ဟည်းသွားကြတယ်…
“♫ ♪...ကျောင်းဖွင့်ချိန်… စိန်ပန်းတွေလည်း မြေမှာကျဲပြန့်နေ… ကန့်ကော်ပန်းတွေနဲ့အတူ… သူနဲ့တွေ့ရာမြေ…♫ ♪ ”
ကျောင်းဖွင့်ချိန်သီချင်းလေးကို စိတ်ထဲက တိုးတိုးလေးဆိုညည်းနေမိပေမယ့် မြကျွန်းသာအင်းယားမဟုတ်တဲ့ ဒီကျောက်ဆည်နည်းပညာတက္ကသိုလ်ကြီးထဲမှာ စိန်ပန်းနီနီတွေ ကျဲပြန့်မနေခဲ့ပါဘူး… ကန့်ကော်တွေလည်း ဖူးပွင့်မနေခဲ့ပါဘူး… မြက်ခင်းတွေကြားထဲမှာ စတင်စိုက်ပျိုးထားခဲ့တဲ့ သစ်ပင်ကြီး သစ်ပင်ငယ်အနည်းငယ်နဲ့ ကျောင်းတည်ဆောက်စဉ်ကတည်းကရှိခဲ့တဲ့ ပေါက်ပင်အိုအိုကြီးတစ်ပင်သာ ထီးထီးကြီးရှိနေခဲ့ပါတယ်… ရင်ခုန်လှိုက်မောဖွယ်ရာ အရိပ်အာဝါသတွေ မရှိဘူး… အိပ်ပျော်နေတဲ့ နှလုံးသားတွေကို နှိုးဆွပေးမယ့် စွယ်တော်ရွက်နုတွေ မဝေဘူး… ရနံ့ပျင်းပျင်းနဲ့ အချစ်ကို ရစ်မူးစေမယ့် နှင်းဆီနီနီတွေမပွင့်ဘူး… သူ့ခြေလှမ်းတွေကလွဲလို့ ကိုယ့်မျက်စိရှေ့မှာ ဘာမှမရှိဘူး…
“ကျောင်းသားကဒ်ချိတ် ဘယ်မှာဝယ်ရလဲ…”
“……………….”
“ဟေ့… ဒီမှာ… ကျောင်းသားကဒ်ချိတ် ဘယ်မှာဝယ်ရလဲ…”
“သြော်… ဟုတ်ကဲ့… ကျောင်းသားကဒ်ချိတ်တဲ့ ပလပ်စတစ်ပြားလေးနဲ့ ချိတ်ကလေးကိုပြောတာလား…”
“အေး… ဟုတ်တယ်… နင်ရောဝယ်ပြီးပြီလား…”
“၀ယ်ပြီးပါပြီ… ကျောင်းရုံးခန်းမှာ ၀ယ်လို့ရပါတယ်…”
“ကျေးဇူးဘဲနော်… ဒါနဲ့ နင့်ဇာတိက ဘယ်ကလဲ…”
“ကျွန်တော် စစ်ကိုင်းကပါ…”
“ဟယ်… ဟုတ်လား… ငါလည်း စစ်ကိုင်းကဘဲ…”
“ဒီမှာ စစ်ကိုင်းဘက်ကလူတွေ သိပ်မတွေ့ရဘူး…”
“အေး… ဟုတ်တယ်… ငါလည်း ငါတစ်ယောက်ထဲဘဲ ရှိတယ်မှတ်နေတာ… အဖော်ရတာပေါ့နော်…”
“ဟုတ်ကဲ့… နောက်တွေ့ရင်ခေါ်ပါ… ကျွန်တော်သွားလိုက်ပါဦးမယ်…”
“အေး…အေး… ကျေးဇူးဘဲနော်…”
အမှတ်တမဲ့မှသည် အမှတ်တရဆီသို့ စကားလုံးတွေ ကဗျည်းထိုးခံခဲ့ရပါတယ်… သူအမှတ်မထင်ပြောခဲ့တဲ့ “အဖော်ရတာပေါ့နော်…” ဆိုတဲ့ စကားလုံးလေးဟာ ကိုယ့်ဘ၀ကြီး တစ်ခုလုံးအတွက် အမှတ်တရပေါင်းများစွာ ချန်ထားပေးခဲ့လိမ့်မယ်ဆိုတာ အဲ့ဒီနေ့က ကြိုမသိနိုင်ခဲ့ပါဘူး…
“ငါလွမ်းနေမိတယ် မိသံလွင်… ငါလွမ်းနေမိတယ်… အချစ်ကို နားမလည်တဲ့ ငါ… အချစ်ဆိုတဲ့အရာကို နင့်ဆီက သင်ယူလို့ တတ်မြောက်ခဲ့တဲ့ ငါ… အဲ့ဒီ အချစ်တွေနဲ့ နင့်ကို ချစ်တတ်ခဲ့တဲ့ ငါ… အခုတော့ ငါ… လွမ်းနေရပါပြီ မိသံလွင်… လွမ်းနေရပါပြီ…”
ပေါက်ကွဲခြင်းတွေ မဟုတ်ဘူး…
မျိုသိပ်တတ်ခြင်းတို့ရဲ့ ဓာတ်စာ…
ခံယူချက်တွေ မဟုတ်ဘူး…
ခံစားချက်တို့ရဲ့ လှောင်အိမ်…
နာကျင်ခြင်းတွေ မဟုတ်ဘူး…
ကြင်နာခြင်းတို့ရဲ့ စေရာ…
အမုန်းတရားတွေ မဟုတ်ဘူး…
မမုန်းနိုင်ခြင်းတို့ရဲ့ သခင်…
သတိရခြင်းတွေ မဟုတ်ဘူး…
လွမ်းဆွတ်ခြင်းတို့ရဲ့ ခြေရာ…
ဖြေမဆည်နိုင်ခြင်းတွေ မဟုတ်ဘူး…
ဖြေဆည်ခြင်းတို့ရဲ့ ဒဏ်ရာ…။ ။
“ဟုတ်တယ်… မိသံလွင်… ငါ့ရဲ့နှလုံးသားလှောင်အိမ်မှာ ငါ့ကိုယ်တိုင် အကြိမ်ကြိမ် အကျဉ်းချ… ပြန်လမ်းမရှိတဲ့ ငါ့ဘ၀ထဲမှာ… ဘယ်တော့မှ ငါ မပေါက်ကွဲဘူး… ငါ့ရဲ့မျိုသိပ်တတ်ခြင်းတို့က ငါ့နှလုံးသားကို တိုက်ကျွေးမယ့် ဓာတ်စာဖြစ်ခဲ့ကြပြီ… ငါတို့တွေ ထပ်တူမကျခဲ့တဲ့ ခံယူချက်တစ်ခုအတွက် ငါ့ဘ၀ထဲက ခံယူချက်ပေါင်းများစွာကို ငါ့နှလုံးသားလှောင်အိမ်ထဲမှာ ခံစားချက်တွေအဖြစ်နဲ့ ငါချိတ်ဆွဲတတ်ခဲ့တယ်… ငါဘယ်တော့မှ မနာကျင်ခဲ့ဘူး… ငါနာကျင်ခံစားရတိုင်း နင့်ကို ကြင်နာနေတတ်သေးတဲ့ ငါ့နှလုံးသားက ငါ့ကိုပြန်ကုစား… အမုန်းပွားဖို့ဆိုတာ ငါမသိခဲ့ရိုးအမှန်ပါ… နင့်အပေါ် မမုန်းနိုင်တဲ့ ငါ့ရဲ့ မမုန်းနိုင်ခြင်းတွေကို အခုချိန်ထိ နင်အုပ်စိုးနိုင်သေးခဲ့တယ်… ငါ နင့်ကို သတိရဖို့ မကြိုးစားခဲ့ပါဘူး… ငါ့ရဲ့ လွမ်းဆွတ်ခြင်းကောက်ကြောင်းမှာ ခြေရာထင်ကျန်ခဲ့တဲ့ သဲလွန်စတွေက ငါ့နှလုံးသားဆီကို တိုက်ပွဲဆင်ဝင်ရောက်ကြတာပါ… ဖြေမဆည်နိုင်ခြင်းတွေနဲ့ ငါ မငိုကျွေးခဲ့ဘူး… ငါ့ရဲ့ ငိုကျွေးခြင်းသံစဉ်တွေကို နင့်ဆီပဲ့တင်ထပ်မှာ စိုးရိမ်တတ်ခဲ့ရာက ငါ့နှလုံးသားထဲကို ဖောက်ချစီးဆင်းခွင့်ပြုခဲ့တဲ့ မျက်ရည်တွေဟာ အခုတော့ ဖြေဆည်ခြင်းပန်းတိုင်ဆီ အရောက်ပြေးနေကြပါပြီ… အဲ့ဒီပန်းတိုင်မှာ နင်ရှိလေလိမ့်မလားဆိုတဲ့ အတွေးလေးတစ်ခုထဲနဲ့… လွမ်းနေရတယ် မိသံလွင်ရေ… ငါ လွမ်းနေရတယ်…”
No comments:
Post a Comment