ခင်ဗျားဟာက မြန်မာစာဖတ်တက် ရေးတက်တဲ့ လူတွေကို မြန်မာ ကဗျာ မိတ်ဆက် စာမျိုးရေးတယ်ဆိုတော့ နဲနဲ ကြောင်ရာများ
ကြနေမလားလို့ပါတဲ့ " ။ ထိုကဲ့ သို့ သူ့အမြင် သူ့အတွေး ကို ဒဲ့တိုး ပြောချလိုက်သောအခါ ကျွန်တော့်တွင် ပြောစရာ စကား ချေပစရာ
စကားလုံးပေါင်းများစွာ ရှိလင့်ကစား ၊ ထိုမိတ်ဆွေအား ကျွန်တော် တခွန်းမျှပြန်မပြောပဲ သူပြောသမျှပဲနားထောင်၍ ပြုံးပြုံးလေးပဲနေလိုက်ပါတော့ သည် ။ ကျွန်တော့်အနေဖြင့် သူ့အား အမှန်တကယ်ပင် ပြန်လည်ချေပ ပြောဆိုသင့်သည်မှာမှန်ပါသည် ။
သို့သော် အနို့သော် ကျွန်တော် မည်သို့ပြန်လည်ချေပရမည် မည်သည့်စကားလုံးများဖြင့်ပြန်လည်ခြေပရမည်ကို သိပါလျှက် ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေခဲ့သည်မှာ အကြောင်းရှိပါသည် ။ ကျွန်တော်၏ မြန်မာကဗျာ မိတ်ဆက် ကိုယ် အားပေးလေ့လာ ဖတ်ကြသော
ကျွန်တော်၏မိတ်ဆွေများ သူငယ်ချင်းများ ညီ / ညီမများ ကျွန်တော့်နေရာတွင် ဆိုလျှင် မည်သို့ပြန်လည်ချေပပြောဆိုကြမည်ကို ကျွန်တော်အလွန်သိချင်ပါသောကြောင့် ရေငုံနှုတ်ပိတ် နေခဲ့ခြင်းသာဖြစ်ပါသည် ။ ကျွန်တော့် မိတ်ဆွေ စာဖတ်သူတို့၏ ထင်မြင်ယူဆချက်ကို ကျွန်တော်ပြန်လည် ပြောပြလိုပါသည် ။ ကျွန်တော်နှင့် ထင်မြင်ယူဆချက်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ
လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါသည် ။
အပိုင်း(၁) တွင် မြန်မာကဗျာရေးနည်း၌ အရေးပါ အဓိကကြသော အစပ်(၆) ပါးကို အစဉ်အတိုင်းအကျဉ်းမျှဖော်ပြပြီးပါပြီ ။
ယ္ခု အစပ် (၆) ပါး၏ အဓိပ္ပါယ်ကိုဆက်၍ ရှင်းပြပါမည် ။
(၁) သက်စေ့နှက် သုံးချက်ညီစပ်နည်း
သက်စေ့နှက် သုံးချက်ညီ စပ်နည်းဆိုသည်မှာ ပထမပိုဒ် ၊ ဒုတိယပိုဒ် ၊ တတိယပိုဒ် အားဖြင့် ကာရန်သုံးပိုဒ်လုံးကို (၁) ပသတ် (၂) မသတ်
(၃) တသတ် (၄) နသတ် (၅) ညသတ် (၆) ယ သတ် ဟူသော အသတ် ခြောက်ပါးတို့တွင် တပါးပါးနှင့် အသတ်ကာရန် သုံးချက်စေ့အောင်
အညီအညွတ်စပ်ထားသော အစပ်မျိုးကိုခေါ်သည် ။
(ဥပမာ) နေမိဘုံခန်းပျို့ တွင်
" နံ့မြူးကဲ လွန် ၊ ဖြိုးဖြိုး ၀ှန်လျက် ၊ ချီချန် ဘွင့် နှင့် "
ဟုစပ်ဆိုရာတွင် (လွန်) (၀ှန်) (ချန်) ဟူသောကာရန်သည် ၊ (န)သတ်ချည်း သက်သက် သုံးချက်စေ့အောင် အညီအညွှတ် စပ်ဆိုထားသောကြောင့် သတ်စေ့နှက် သုံးချက်ညီ စပ်နည်းဟုခေါ်ပါသည် ။
အခြားမျိုးကွဲအခေါ်များဖြစ်သော (က) မန်ကျည်းရွက်ထပ်စပ်နည်း (ခ) သုံးချက်ညီနဘေစပ်နည်း (ဂ) လွှချင်းသံ သုံးချက်ညီစပ်နည်း
ဟူ၍ စပ်နည်းအလိုက် ခေါ်ကြပါသေးသည် ။
မှတ်ချက် ။ ။ အစပ် (၆)မျိုးတွင် ယ္ခု ပြခဲ့ပြီးသော သက်စေ့နှက် သုံးချက်ညီ စပ်နည်းသည် ၊ အကောင်းဆုံးသောစပ်နည်းဖြစ်သည် ။
(၂) ဘီလူးရယ်စပ်နည်း
ဘီလူးရယ်စပ်နည်းဆိုသည်မှာ ကာရန်သုံးချက် မညီပဲ နှစ်ချက် ဖြင့်သာ ယိမ်းယိုင်၍ ဘီလူးရယ်သကဲ့သို့ မဖွယ်မရာ စပ်နည်း မျိုးကိုခေါ်သည် ။
(ဥပမာ) (စတုဓမ္မသာရပျို့တွင်)
" ယူခဲ့မကြွင်း ၊ ပင်ရင်း ကပ်ချဉ်း ၊ ခက်မျဉ်း ကိုင်းညွတ် "
ဟုစပ်ဆိုရာတွင် (ကြွင်း) နှင့် (ရင်း) ၊ (ချဉ်း)နှင့် (မျဉ်း ) ကာရန်တို့သည် အပိုဒ်သုံးချက်မငဲ့ဘဲ နှစ်ချက် နှစ်ချက်ဖြင့်သာစပ်၍ သုံးချက်ညီ စပ်နည်းမှ ယိမ်းယိုင်၍ စပ်ထားသောကြောင့် ဘီလူးရယ်စပ်နည်းခေါ်ပါသည် ။
မှတ်ချက် ။ ။ ဘီလူးရယ်စပ်နည်းသည် အစပ်(၆)မျိုးတွင် အညံ့ဆုံးစပ်နည်းဖြစ်သည်ဟု ကဗျာပညာရှိ တို့ အမှာရှိခဲ့သည် ။
(၃) ဦးတိုက်စပ်နည်း
ဦးတိုက်စပ်နည်း ဆိုသည်မှာ ကာရန်နှစ်ပိုဒ်တို့တွင် ပထမပိုဒ်၏အဆုံးကာရန်နှင့် ဒုတိယပိုဒ်၏ အစကာရန် ကိုဦးတိုက်စပ်နည်းမျိုး ဖြစ်သည် ။
(ဥပမာ) (ဘူရိဒတ် ဇာတ်ပေါင်းပျို့တွင် )
" ပါဏာတိ ပါတ် ၊ သတ် သည်သူ့သက် "
ဟုစပ်ဆိုရာတွင် ပထမပိုဒ်၏အဆုံးဖြစ်သော (ပါတ်) ကာရန်နှင့် ဒုတိယပိုဒ်၏အစဖြစ်သော ( သတ်) ကာရန်သည် ဦးတိုက်၍ စပ်ထားသောကြောင့် ဦးတိုက်ကာရန် စပ်နည်း ဟုခေါ်ပါသည် ။ ၄င်းစပ်နည်းကို (က) ရထားပြေးစပ်နည်း (ခ) ရှင်ရဌသာရ စပ်နည်းဟု
လည်းခေါ်ကြပါသည် ။
(၄) ချိန်ခွင်လျှာ စပ်နည်း
ချိန်ခွင်လျှာ စပ်နည်းဆိုသည်မှာ ချိန်ခွင်လျှာသည် အလည်ဗဟို၌ တည့်တည့် နေသကဲ့ သို့ ကာရန်သုံးပိုဒ်တို့တွင် အလယ်ဖြစ်သောကာရန်သည် ရှေ့နောက်ဝဲယာ မလိုက်ပဲ စပ်ထားသောနည်းမျိုးဖြစ်သည် ။
(ဥပမာ) (ဘူရိဒတ် ဇာတ်ပေါင်းပျို့တွင် )
" မည်လျှင်မတိမ် ၊ ကုက္ကို ထိန် ဟု ၊ ချုပ် ငြိမ် သာယာ "
ဟု စပ်ဆိုရာ၌ (တိမ်) (ထိန်) (ငြိမ်) ကာရန် သုံးပိုဒ်တို့တွင် ပညတ်သံဖြစ်သော (န်) သည် ပရမတ်သံ ဖြစ်သော (မ်) နှစ်ချက်ဖက်သို့ မလိုက်ပဲ အလည်တွင် စပ်ထားသောကြောင့် ချိန်ခွင်လျှာ စပ်နည်း ဟုခေါ်သည် ။ ဦးတိုက်စပ်နည်းဟုလည်းခေါ်ကြသေးသည် ။
မှတ်ချက် ။ ။ ဤ စပ်နည်းမျိုးသည် ကဗျာပညာဂုဏ်နှင့်ပြည့်စုံပြီးသော ဆရာကြီးများ ရေးစပ်မိရာ၌ ထေးဖာရန် စပ်နည်းမျှသာဖြစ်သည် ၊ သာမန် ကဗျာဆရာတို့ မရေးအပ်ဟု မှတ်သားဖူးသည် ။
(၅) ထိပ်ချင်း ခတ်စပ်နည်း
ထိပ်ချင်းခတ် စပ်နည်းဆိုသည်မှာ ကာရန်သုံးပိုဒ်တို့တွင် ပထမပိုဒ်နှင့် ဒုတိယပိုက်တို့၌ ပညတ်သံ ၊ လဟုသံ ၊ အနိစ္ဆိ တသံ ဖြစ်သော အသတ်မျိုးကိုစပ်ထား၍ တတိယပိုဒ်၌ ပရမတ်သံ ၊ ဂရုသံ ၊ က္ကုစ္ဆိတသံ ဖြစ်သော အသတ်မျိုးကိုစပ်ထားလျက် အသံထိပ်ချင်း ခတ်၍ စပ်ထားသောနည်းကိုခေါ်သည် ။
(ဥပမာ ) (စတုဓမ္မ သာရပျို့ တွင် )
" ဤ စာကိုးခန်း ၊ ပုလဲ ပန်းဖြင့် ၊ စိတ် ကြမ်း မာန်လျှော့ "
ဟုစပ်ဆိုရာ၌ (ခန်း) (ပန်း) ဟူသော လဟုသံ ကို (ကြမ်း) ဟူသော ဂရုသံ ဖြင့် ထိပ်ချင်း ခတ်စပ်ထားသောကြောင့် ထိပ်ချင်ခတ် စပ်နည်းဟုခေါ်သည် ။
(၆) ထိပ်ချင်းချွတ် စပ်နည်း
ထိပ်ချင်းချွတ်စပ်နည်း ဆိုသည်မှာ ကာရန်သုံးပိုဒ်တို့တွင် ပထမပိုဒ်၌ ပရမတ်သံ ၊ ဂရုသံ ၊ က္ကုစ္ဆိတသံဖြစ်သော အသတ်မျိုးကို စပ်ထား၍ ဒုတိယပိုဒ် ၊ တတိယပိုဒ်တို့၌ ပညတ်သံ ၊ လဟုသံ ၊ အနိစ္ဆိတသံ ဖြစ်သော အသတ်မျိုးကို စပ်ထားလျှက်အစပ်ချင်း မညီမညွတ် လွဲမှားစွာ စပ်ထားသောနည်းမျိုးကိုခေါ်သည် ။
(ဥပမာ) ( စတုဓမ္မသာရပျို့တွင် )
" ပါဠိသ ရုပ် ၊ ပတ်တ ကုတ် ကို ၊ ဖွေ ထုတ် ကျမ်းလာ "
ဟုစပ်ဆိုရာတွင် (ရုပ်) ဟူသော ပထမကာရန် အသံထက် (ကုတ်)(ထုတ်) ဟူသော ဒုတိယ ၊ တတိယကာရန် အသံတို့က ပေါ့သွားသဖြင့်
ဂရုသံမှ ချွတ်ယွင်း၍ လဟုသံဖြင့် စပ်ထားသောကြောင့် ထိပ်ချင်းချွတ် စပ်နည်းခေါ်သည် ။ ဤ သို့ဖြင့် အစပ်(၆)ပါးရှိပါသည် ။
No comments:
Post a Comment