Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 April 2012

နောင်တ...ကင်းသူဖြစ်စေချင်

နောင်တရတယ် ဆိုတဲ့စကားကို ကျွန်တော်တို့တတွေ လွယ်လွယ်ကူကူ နှုတ်ကထုတ်ပြောတတ်ကြပါတယ်။
နောင်တ ဆိုတဲစကားလုံးလေးကို တစ်ပုဒ်ချင်းခွဲပြီး ကြည့်ရင်
နောင်=အခွင့်အရေးအချိန်အခါ ကျော်လွန်သွားပြီးတဲ့ နောင်အခါကျမှ၊ တ=ဆုံးရှုံးသွားပြီးတဲ့
အခွင့်အရေးအချိန်အခါတွေကို ပြန်လည်ပြီး တမ်းတရခြင်း လို့ အဓိပ္ပါယ်ရပါတယ်။


နောင်တရပြီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ အခွင့်အရေးတစ်ခုခု အကျိုးတရား
တစ်ခုခုကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်နေပါပြီ။
ဆုံးရှုံးသွားပြီးတဲ့ အခွင့်အရေး အကျိုးတရားတွေကို ပြန်လည်ရယူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
နောင်တအတွက် ပြင်ဆင်ခွင့်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။


တစ်ချို့ကတော့ ပြောကြပါတယ် နောင်တရတယ်ဆိုတဲ့ အချိန်မှာ
အချိန်မှီပါသေးတယ် ပြန်လည်ပြင်ဆင်နိုင်ပါသေးတယ် ဆိုပြီးတော့ပေါ့။
ဒါပေမယ့် ကျွန်တော်တို့ သေသေချာချာ စဉ်းစားကြည့်ရင် လက်လွှတ်သွားခဲ့ရပြီးတဲ့
အခွင့်အရေးနဲ့ အကျိုးတရားတွေဆိုတာ နောက်တစ်ခါ ကျွန်တော်တို့ဆီကို ပြန်မရောက်နိုင်တော့ပါဘူး။
နောက်တစ်ခါ တွေ့ရတဲ့ အခွင့်အရေး အကျိုးတရားဆိုတာက နောက်ထပ်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။
လက်လွှတ်ဆုံးရှုံးပြီးတဲ့ အခွင့်အရေးအကျိုးတရားတော့ မဟုတ်တော့ပါဘူး။


ဒါကြောင့် ရှေးပညာရှိတွေကတော့ နောင်တတရားဟာ ဘယ်တော့မှ မကောင်းဘူး၊
နောင်တတရားနဲ့ ပြန်လည်ပြင်ဆင်ခွင့်ဆိုတာ ဘယ်တော့မှ မရှိဘူးလို့ မိန့်ဆိုခဲ့ကြပါတယ်။
မိမိကိုယ်ကိုချစ်ရင် စောစောကတည်းက နောင်တမဖြစ်ရအောင်
နေထိုင်ကျင့်သုံး တတ်ဖို့ လမ်းညွှန်တော်မူခဲ့ကြပါတယ်။
နောင်တဖြစ်စေတတ်တဲ့ အကြောင်းတရားတွေကိုလည်း ထုတ်ဖော်ပြောပြတော်မူခဲ့ကြပါတယ်။


ခုကျွန်တော်မှတ်သားမိတဲ့ နောင်တဖြစ်စရာအကြောင်း ဆယ်ပါးကို ဒီမှာတင်ပြပေးချင်ပါတယ်။
ဘုရားဟောတဲ့ (ဇနသန္ဓဇာတ်တော်)ထဲက အကြောင်းတရားတွေပါ။


၁။ ငယ်စဉ်က ပညာမရှာခဲ့ခြင်း
ပညာရှာဖွေသင်ယူရမယ့်အချိန်မှာ ပညာမရှာမိခဲ့ရင် နောင်အသက်အရွယ်ကြီးလို့
အသက်မွေးမှု ပင်ပန်းတဲ့အခါ ဆင်းရဲတဲ့အခါ ''ငါငယ်ငယ်က အသက်မွေးမှုပညာ တစ်ခုခုမှ
မသင်ယူမိခဲ့လေခြင်း'' ဆိုပြီး နောင်တဖြစ်ရတတ်ပါတယ်။


၂။ ဥစ္စာပစ္စည်းရှာဖွေနိုင်တဲ့အချိန်မှာ မရှာဖွေ, ရှာဖွေသော်လည်း မစုဆောင်းခဲ့မိခြင်း
ဥစ္စာပစ္စည်းဆိုတာ အရွယ်ကောင်းစဉ်မှာပဲ ရှာဖွေစုဆောင်းလို့အဆင်ပြေပါတယ်။
အသက်အရွယ်ကြီးရင် အဆင်မပြေတော့ပါဘူး။ ရှာဖွေနိုင်တဲ့အရွယ်မှာ ရှာတော့ရှာပြီး
မစုမဆောင်းတတ်ခဲ့ရင် အသက်ကြီးတော့ ဆင်းရဲဒုက္ခရောက်တတ်ပါတယ်။
ဒီအခါ ''ရှာနိုင်ဖွေနိုင်တုန်းမှာ မစုဆောင်းမိခဲ့လေခြင်း'' ဆိုပြီး နောင်တပူပန်ရတတ်ပါတယ်။



၃။ ချစ်သူခင်သူတို့ကြား အချစ်ပျက်အောင် ဂုံးတိုက်စကားပြောဆိုခဲ့မိခြင်း (ပိသုဏဝါစာ)

၎။ သူ့အသက်သတ်ခြင်း(ပါဏာတိပါတ)

၅။ သူတပါးသားမယားပြစ်မှားလွန်ကျူးခြင်း (ကာမေသုမိစ္ဆာစာရ)

အမှတ် (၃-၄-၅) ဒီသုံးပါးကတော့ အကုသိုလ်ဒုစရိုက်ခေါ်တဲ့ တရားတွေပါပဲ။
အထူးရှောင်ကြဉ်ထိုက်တဲ့ တရားတွေဖြစ်ပါတယ်။
မိမိရဲ့ ဂုဏ်သိက္ခာကို ကျဆင်းဆုတ်ယုတ်စေတတ်တဲ့ တရားများဖြစ်တဲ့အတွက်
နောင်အခါ ဒီအပြုအမူတွေကို ပြန်တွေးမိတဲ့အခါ နောင်တပူပန်ဖြစ်စေတတ်ပါတယ်။



၆။ လှူဒါန်းပေးကမ်းနိုင်သော အင်အားရှိလျက် မလှူဒါန်းမပေးကမ်းခဲ့ခြင်း
ဘဝသံသရာအရေးအတွက် အာရုံပြုမိတဲ့အချိန်မှာ(သို့မဟုတ်)ဘဝသံသရာခရီးလမ်းကို
လျှောက်လှမ်းဖို့ရာ နောက်ဆုံးသေရာညောင်စောင်းလဲလျောင်းရတဲ့အခါ
‘ငါလှူနိုင်တဲ့အင်အား ရှိပါလျက်နဲ့ မလှူမိခဲ့လေခြင်း၊ သံသရာမှာ
အားကိုးထောက်တည်ရာတရားကို မပြုမိခဲ့လေခြင်း’လို့  နောင်တပူပန်ဖြစ်ရတတ်ပါတယ်။



၇။ ပြုစုလုပ်ကျွေးနိုင်ပါလျက် မိဘများကို မပြုစုမလုပ်ကျွေးခဲ့ခြင်း
မိဘနှစ်ပါးဟာ အကြီးမားဆုံးကျေးဇူးရှင်တွေပါ။
ထိုကျေးဇူးရှင်တို့ရဲ့ ကျေးဇူးကြွေးကို ပြန်လည်မပေးမဆပ် မိဘများကို မေ့လျော့ထားခဲ့ရင်
နောင်မိဘများမရှိတော့တဲ့အချိန် (သို့) မိမိကိုယ်တိုင် သားသမီးများရဲ့
ပစ်ပယ်ခြင်းကို ခံရတဲ့အချိန်မှာ နောင်တပူပန်ရတတ်ပါတယ်။



၈။ မိဘဆရာစသည်တို့၏ ဆုံးမစကားများကို မနာယူ/မနာခံခဲ့ခြင်း

၉။ ပညာရှိသူတော်ကောင်း (မိတ်ဆွေကောင်း)တို့ထံ နည်းခံမှတ်သားမပြုခဲ့ခြင်း
ဒီနှစ်ပါးကတော့ အကြောင်းတစ်ခုခုကြောင့် ဒုက္ခတွေ့ရတဲ့အခါ
‘ခလုတ်ထိမှ အမိတ’ဆိုသလို မိမိကို သွန်သင်ဆုံးမပြောပြခဲ့ကြတဲ့
မိဘ ဆရာ ပညာရှိသူတော်ကောင်းတို့ရဲ့ဂုဏ်ကို သတိရပြီး ‘ငါ မနာခံ မိခဲ့လေခြင်း’ဆိုပြီး
နောင်တပူပန်ဖြစ်ရတတ်ပါတယ်။



၁၀။ ကျင့်ထိုက်သော သီလစသည့် အကျင့်မြတ်များကို မကျင့်ခဲ့ခြင်း
ဒီတရားကလဲ သံသရာခရီးအတွက် နောက်ဆုံးအချိန်ရောက်တဲ့အခါ
‘ကိုယ်နှုတ်စိတ်တွေကို ထိမ်းသိမ်းစောင့်ရှောက်ပြီး နေထိုင်ကျင့်သုံးသင့်ပါရက်နဲ့
မကျင့်ခဲ့မိလေခြင်း’လို့ နောင်သံသရာအရေးကို တွေးမိပြီး နောင်တရတတ်ပါတယ်။


ဒီတရားဆယ်ပါးကြောင့် နောင်တရပြီဆိုတဲ့အချိန်ဟာ
တော်တော်ကလေးအချိန်နှောင်းနေတတ်ပါပြီ။ ပြန်လည်ပြင်ဆင်နိုင်ဖို့ဆိုတာလဲ
မလွယ်ကူတော့ပါဘူး။
ယခုဘဝ နောက်ဘဝနှစ်ခုလုံးမှာလဲ နောင်တရှင်တွေရဲ့ ချမ်းသာဖို့အရေးဟာ တွေးဝံ့စရာမရှိပါဘူး။


ဒါကြောင့် ကျွန်တော့ရဲ့တွေ့မြင်ခွင့်ရတဲ့ (ဒိဋ္ဌသဟာယ)မြင်တွေ့မရတဲ့
(အဒိဋ္ဌသဟာယ)သူငယ်ချင်း အပေါင်းတို့ကို နောင်တကင်းစင်ပြီး ဖြောင့်ဖြူးတဲ့
ဘဝလမ်းခရီးကို လျှောက်လှမ်းနိုင်စေချင်တဲ့ စေတနာဆန္ဒအရင်းခံပြီး
နောင်တဖြစ်စေကြောင်း တရားဆယ်ပါးကို ထုတ်ဖော်တင်ပြပေးရခြင်းပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့