Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 April 2012

ပညာသိက္ခာ ၃-မျိုး

အသိအမြင်လွဲနေတာတွေ ပျောက်ကွယ်သွားတဲ့အခါကျတော့ သိတွေ့ရတဲ့ တကယ့်အဖြစ်အပျက်၊ အမှန်တရားဟာ ပညာပါပဲ။ ၀ိပဿနာပါပဲ။

သုတမယပညာ
ပညာသိက္ခာမှာလဲ ၃-မျိုးရှိပါတယ်။ ပထမအသိမျိုးကတော့ သုတမယပညာလို့ ခေါ်ပါတယ်။ တရားဟောတာတွေ နားထောင်ပြီး၊ စာအုပ်တွေ ကျမ်းဂန်တွေဖတ်ပြီး သိရှိရတဲ့ အသိဉာဏ်ပေါ့။ မိမိကိုယ်ပိုင်ဉာဏ် အသိဉာဏ်တော့ မဟုတ်ပါဘူး။ တခြားပုဂ္ဂိုလ်တစ်ဦး ရဲ့ အသိဉာဏ်ပါ။


ယောဂီကကြားလိုက်ရတယ်၊ နာလိုက်ရတယ်၊ ဖတ်လိုက်ရပါတယ်။ ပြီးတော့ လက်ခံလိုက်ပါတယ်။ အဲဒါ သူတစ်ပါးဆီကရထားတဲ့ သုတမယပညာဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးဟာ မိသားစုတစ်စု၊ အုပ်စုတစ်စု၊ ရိုးရာတစ်ခုထဲမှာ မွေးဖွားလာပြီး ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီးတော့ အဲဒီမိသားစုရဲ့ ယုံကြည်တဲ့တရားကို သူတို့အမြင်အတိုင်း ဟောပြောတာတွေကို နားထောင်ခဲ့ရပါတယ်။ ဒါတွေကို ထပ်တလဲလဲ ပြန်ပြန်ကြားနေရတော့ ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ သူကြားနေခဲ့ရတာတွေဟာ အလွှာလိုက် အလွှာလိုက် ထပ်ထပ်ပြီးဆင့်ဆင့်ပြီး ရှိနေပါတယ်။


ငယ်စဉ်ကပဲကြားနေရတဲ့ မိဘဘိုးဘွားများကစပြီး ယုံကြည်ချက်တွေဟာ စိတ်ထဲမှာ လေးလေးနက်နက်ကြီး စွဲမြဲနေပါတယ်။ ဒီကြားခဲ့ရတာတွေကို စွဲမြဲယုံကြည်ပြီး ရိုးရာယုံကြည်မူ၊ ဘာသာဝါဒဓလေ့ ထုံးစံတွေအဖြစ်နဲ့ လက်ခံနေပါတယ်။ စိတ်ထဲမှာ ခိုင်မြဲနေပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဒီယုံကြည်ချက်တွေကို မှန်မမှန် မဝေဖန်တော့ဘဲနဲ့ မျက်ကန်းယုံကြည်မူ မျက်ကန်းလက်ခံမူတွေသာပါပဲ။ သုတမယပညာဟာ ကောင်းပါတယ်။ စိတ်ကိုနိုးဆော်ပေးတတ်ပါတယ်။


စိန္တာမယပညာ

ဒုတိယအမျိုးအစား ပညာဖြစ်တဲ့ စိန္တာမယပညာကို ညွှန်ကြားပေးတတ်ပါတယ်။ သိထား လက်ခံထားတဲ့တရားကို မိမိရဲ့ဦးနှောက် အသိဉာဏ်နဲ့ စဉ်းစားလာပါတယ်။ ဆင်ခြင်သုံးသပ်ပြီးတော့မှ လက်ခံပါတယ်။ များသောအားဖြင့် လူတွေကတော့ ဒီဒုတိယအဆင့် စိန္တာမယပညာအထိတောင် မတက်ကြတော့ပါဘူး။


တတိယအဆင့်ကတော့ ဝေးစွပါပဲ။ မိရိုးဖလာကိုးကွယ်တာမို့ အပါယ်လားမှာ ကြောက်လို့ နတ်စည်းစိမ်ခံစားချင်လို့ လက်ခံကြတယ်၊ ယုံကြည်ကြတယ်ဆိုရင်တော့ ဒါဟာကိုယ့်ကိုယ်တိုင် လက်တွေ့ သိရှိခံစားရတဲ့ပညာ အသိဉာဏ်မှ မဟုတ်ပါပဲ။ ဒါတွေဟာ ကိုယ့်အတွက် အနှောက်အယှက် အနှောင်အဖွဲ့ အတားအဆီးတွေတောင် ဖြစ်နေပြီး ဒုတိယအဆင့်ဖြစ်တဲ့ စိန္တာမယပညာကိုတောင် မတက်နိုင်တော့ပါဘူး။


ယောဂီဟာ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်တဲ့ ဝေဖန်ကြည့်တဲ့အခါမှာလည်း အနှောင်အဖွဲ့ချည်းဖြစ်ပြီး ရှေ့မတိုးပဲ နေတတ်ပါသေးတယ်။ ငါတွေ မာနတွေ တက်လာတတ်ပါတယ်။ “ငါအကုန် သိတာပဲ” ငါ တရားတွေ ဟောပြောနိုင်တာပဲ။ ဆွေးနွေးနိုင်တာပဲ၊ တရားစာအုပ်တွေ ရေးနိုင်တာပဲ။ ငါရဲ့တရားဟာ ဘယ်လို၊ တကယ့်အမှန်တရားဆိုတာကို ငါရှင်းလင်း ပြသနိုင်ပါတယ်။ တခြားလူတွေဟာ အမှားတွေချည်းပဲလို့ စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အခုအသိဟာလဲ ဦးနှောက်အသိပါပဲ။


ဘာဝနာမယပညာ

ကိုယ်တိုင် ကိုယ်ထိလက်ရောက်ထိတွေ့ခံစားပြီး သိရတဲ့ဉာဏ်ကျတော့မှ တတိယဖြစ်တဲ့ ဘာဝနာမယပညာဉာဏ် ဖြစ်ပါတယ်။ ဒိဋ္ဌတွေ့ကြုံရတဲ့ ကိုယ်တွေ့အသိ ဖြစ်ပါတယ်။ ဒီဋ္ဌတွေ့ကြုံရတဲ့ ကိုယ်တွေ့အသိဖြစ်ပါတယ်။ ဘာဝနာမယပညာဉာဏ်ကမှ ကိလေသာအညစ်အကြေးတွေက လွတ်မြောက်စေနိုင်ပါတယ်။


ယောဂီတို့စိတ်အတွင်းမှာ ထုံးထားတဲ့ အထုံးတွေကို ဖြေနိုင်ပါတယ်။ ကြိုးထုံးတွေ ထုံးတဲ့အကျင့်ကလဲ ရပ်စဲသွားပြီ ကလိလေသာ အနှောင်အဖွဲ့တွေကို အထုံးတွေကို အကုသိုလ် အထုံးအဖွဲ့တွေကို ဖြေတတ်တဲ့အကျင့် ဖြစ်လာပါတယ်။ စိတ်က ပိုမိုစင်ကြယ်လာပြီး ကိလေသာ အညစ်အကြေးအသစ်တွေလဲ နောက်ထပ် မဖန်တီးတောဘဲ ရှိပြီးသား ဖြစ်ပြီးသား ကိလေသာ အကုသိုလ်တွေကို ဖျောက်ဖျက်ပစ်လာပါတယ်။


ပထမပိုင်းမှာတော့ စိတ်ရဲ့အပေါ်ယံပိုင်းမှာရှိတဲ့ အညစ်အကြေးတွေကစပြီး နောက်တစ်စတစ်စနဲ့ အတွင်းနက်နက်ကို ရောက်သွားပြီး တရားထိုင်ရာမှာ သြဠာရိက - နေပြီး သုခုမ-သုခုမ၊ အကြမ်းကနေပြီး သိမ်မွေ့သိမ်မွေ့ လာပါလိမ့်မယ်။ ဒီလိုနဲ့ ကိလေသာ အညစ်အကြေးတွေဟာလဲ နည်းနည်းလာပြီး နောက်ဆုံးကျတော့ အားလုံးအကုန် စင်ကြယ် သွားကြပါလိမ့်မယ်။ ဒါဟာ ဘာဝနာမယ ဉာဏ်နဲ့လုပ်မှသာ ဖြစ်နိုင်ပါတယ်။


တရားအမည်တပ်ပြီး ပါးစပ်နဲ့ ၀တ်ပြုနေရုံနဲ့တော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ ကိုယ့်အတွက် အချုပ်အနှောင်တွေတောင် ဖြစ်နိုင်ပါသေးတယ်။ ကိုယ်ကိုယ်တိုင် လက်တွေ့ကျင့်သုံးပြီး အနိစ္စကို လက်တွေ့ ခံစားနိုင်ရမှာ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ အတွေ့အကြုံနဲ့ ကိုယ်က နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ပါဘူး။ စိတ်အားတက်စေရုံလောက် လမ်းပြပေးရုံလောက်သာ ဖြစ်ပါတယ်။


မိတ်ဆွေတို့က မိမိတို့ကိုယ်တိုင် မိမိတို့ကိုယ်တွေ့အသိဉာဏ်ကို ပွားကြရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရား တရားအားထုတ် ပွားများတာဟာ မြတ်စွာဘုရား တစ်ပါးတည်းကိုသာ နိဗ္ဗာန် မျက်မှောက် ပြုနိုင်စွမ်းရှိပါတယ်။ တခြားဘယ်သူတစ်ဦး တစ်ယောက်ကိုမှ နိဗ္ဗာန်ကို မပို့စွမ်းနိုင်ပါဘူး။ လူတိုင်း လူတိုင်းဟာ ကိုယ်တိုင် တရားကို ပွားများအားထုတ်ဖို့ ဖြစ်ပါတယ်။ တရားဟောတာကို ယုံကြည်နေရုံ တရားဟောတာကို နားလည်နေရုံနဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြု နိုင်သေးပါဘူး။


ဒါကြောင့် မိမိတို့ကိုယ်တိုင် တရားကို လက်တွေ့သိရှိ ခံစားနိုင်ရန်အတွက် မိတ်ဆွေတို့ တရားစခင်းဝင် တရားထိုင် တရားအားထုတ်ဖို့ သွားရောက်ကြတာ ဖြစ်ပါတယ်။ ဦးနှောက်အသိဉာဏ်နဲ့ သိဖို့၊ ဘုရားရှိခိုးဖို့၊ တရားနာဖို့ တရားဆွေးနွေးဖို့ဆိုရင် အပေါ်ယံစိတ် နှစ်သိမ့်မူကိုတော့ ရနိုင်ပါတယ်။ မိတ်ဆွေတို့ တရားစခန်းကို သွားကြ လာကြတာဟာ အပေါ်ယံ စိတ်နှစ်သိမ့်မူအတွက်သာ မဟုတ်ပဲ မိမိတို့ ကိုယ်တိုင်ကိုယ်တွေ့ လက်တွေ့တရားကို သိရှိဖို့ တကယ်အကျိုးကျေးဇူး ဖြစ်ဖို့ရာအတွက် လာကြတာဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့