Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 April 2012

ကိုယ့်ချစ်ဦး

*လေသည် သစ်ရွက်ကြိုကြိုကြားကြားမှ ဖြတ်သန်း၍ ပန်းရနံ့သင်းသင်းကိုဆောင်ကာ အသော့ပြေးသည့်အခါ
သေးသေးမှုန်မှုန် ခရေပွင့်များသည် မြေပေါ်သို့ တဖြုတ်ဖြုတ် ကြွေဆင်းကြသည်။
အုန်းလက်များသည်လည်း လေးလေးပင်ပင်နှင့် ဘယ်ညာလွှဲကာ အငြိမ့်စီးကြသည်။
မိုးသားပြာပြာနှမ်းနှမ်းများသည်လည်း အနိမ့်သို့ပြိုဆင်းကာ မြေပြင်ပေါ်က
နက်မှောင်သည့် အရိပ်အားလုံးကို ဖျော့တော့မှုန်ရီစေလေသည်။
*သည်လို နယုန်လ၏ အထွေးထွေးအေးအေး နံနက်ခင်းမှာ မေသီသည်
ကြည်ဆွတ်သည့်နှလုံး၊ ချိုပြုံးသည့်မျက်နှာဖြင့် ခြံထဲသို့ ပြေးဆင်းခဲ့မြဲဖြစ်၏။
မနင်းရက်စရာ၊ မြေကွက်လပ် တစ်စကလေးမှ မကျန်အောင် ကြွေကျထားသည့်
ခရေပွင့်အခင်းပေါ်မှာ ကိုယ်ကိုဖော့၍ ဖြတ်ခဲ့မြဲဖြစ်၏။
တွဲလဲကျနေသောဒန်း၏ ထိုင်ခုံကလေးပေါ်သို့ မတ်တတ်ကလေးကျအောင်
ပေါ့ပါးစွာ ခုန်တက်လိုက်ပြီးသည်နှင့် တစ်ချက်တည်း ဇောက်ထိုးမိုးမျှော်ဖြစ်အောင်
တအားလွှဲကာ စီးမြဲဆော့မြဲ ဖြစ်ပေသည်။
*ယနေ့အဖို့မူကား ဘာကိုမှ သတိမရသောစိတ်နှင့် ခေါင်းငိုက်စိုက်ကျကာ လေးဆေးနှေးတုံ့စွာသာ
လာသည့်လာရိုးလာစဉ်အတိုင်းသာ ခြေကလှမ်းလာသည်။
ရည်ရွယ်ချက်ကားမရှိချေ။ ဒန်းမှထိုင်ခုံကလေးပေါ်တွင် တင်ပါးလွှဲထိုင်လိုက်မိကာ
 တဖြည်းဖြည်း စိတ်လက်မပါ စတင်၍လွှဲရင်း ငိုင်လျက်နေမိသေးသည်။
*ခါတိုင်းကဲ့သို့ သီချင်းမျိုးစုံလည်း တစ်ခုပြီးတစ်ခု ဆက်၍မဆိုမိ။
ဒန်းအရှိန်ကြောင့် သစ်ကိုင်းပေါ်မှ ငှက်ကလေးများ လန့်ပြေးသည်ကို
ကြည့်၍ သဘောကျကာလည်း မရယ်မိ။
ဝုတ်ကနဲ ၀ုတ်ကနဲ လေနှင့်တိုးမိသည့်အခါ ခါတိုင်းတွင် ချစ်စရာကောင်းသည့်
အရသာကလေး ဖြစ်သော်လည်း ယခုမူ ခေါင်းထဲတွင် မူး၍မိုက်၍ လာလေတော့သည်။
*ခါတိုင်းလို ဘယ်မှာ ပျော်နိုင်ပါမည်လဲ။
ခါတိုင်းခြံထဲသို့ ဆင်းခဲ့ခြင်း၏ ရည်ရွယ်ချက်နှင့် သည်နေ့ ဆင်းခဲ့သည့် ရည်ရွယ်ချက်ခြင်း တူမှမတူဘဲ။
ခါတိုင်းမူကား ကိုတင်အေး အလုပ်သွားသည်ကို ဒန်းစီးရင်း ဆော့ရင်း စောင့်မည်။
ကိုတင်အေးလာတော့ မြေကြီးနှင့်ဒန်းနှင့် ကပ်သွားစဉ် ခရေပွင့်များကို ကြုံးယူကာ
အပေါ်ရောက်သွားလျင် သူ့ကိုတအားပေါက်၍ နောက်မည်။
သူ မေသီဆီလာလျှင်တော့ အိမ်ပေါ်တက်ပြေးမည်။
ပြောချင်တာတွေ မပြောရသဖြင့် သူရှုံ့မဲ့၍သွားလျှင် မေသီဘောကျကာ သိပ်ရယ်တတ်သည်။
မေသီသည် နှစ်ယောက်တည်းနီးနီး အကပ်မခံချေ။
သူဘာပြောချင်သည်ကို မေသီ ကြို၍သိပြီး ဖြစ်ပေသည်။
*ယနေ့မှာဖြင့် သူမြန်မြန်လာပါစေဟု ဆုတောင်း၍ နေမိတော့၏။
ကိုတင်အေးလာလျှင် မေသီ ထွက်မပြေးပါ။
ကြွက်မကိုလည်း လှမ်းခေါ်မည်မဟုတ်။
ပထမဆုံးအကြိမ် နှစ်ယောက်တည်းနီးနီး အတွေ့ခံပါမည်။
သူပြောမည့် ချစ်စကားတွေကို ပြုံးကာကြည်ကာ နားထောင်ဖို့တော့မဟုတ်။
သူ့မျက်နှာကို စေ့စေ့ကြည့်၍ သူ့စကားတွေကို ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ဖို့ဖြစ်သည်။
*သူတို့နှစ်ယောက် တွေ့ကြပုံမှာ မဆန်းလှ။ ငယ်ငယ်က သူနှင့် ကစားဖက်ဖြစ်သည်။
ကြီးလာတော့ ချစ်သူဖြစ်ကြဖို့ ရှိလေ၏။
သို့သော် မေသီမှာ ကိုတင်အေးကိုချစ်သည်ထက်
နောက်လိုပြောင်လိုစိတ်ကများသဖြင့် အမြဲပင် သူ့ကို အရူးလုပ်လာခဲ့သည်။
*သူတို့နှစ်ယောက်မှာ ဘာကိုမျှ ပူစရာမရှိ။
ချစ်သူအဖြစ်နှင့် စခန်းသွားလိုကသွား၊ မြန်မြန်ဆန်ဆန် လက်ထပ်လိုက လက်ထပ်နိုင်သည်။
နှစ်ဦးစလုံးပင် လွတ်လပ်မှုကိုကြိုက်သော မိဘတို့၏ သားသမီးများဖြစ်သည်။
ထို့ကြောင့် ဖြူးနေသောလမ်းမှာ မေသီသည် အလျင်စလို ပြေးမသွားလိုချေ။
*ကိုတင်အေးကမူ ပိုင်ချင်လေသည်။
စကားစကိုသာရှာကာ အခွင့်ကိုရှာနေ၏။
မေသီမျက်နှာကလေး ပြုံးနေသော်လည်း ချစ်စကားကို ကြားလိုလှသေးသည်။
ဒါပေမယ့် ပါးစပ်ကပြောမှ ချစ်တယ်မမည်ပါဘူး။
*သူပြောချင်တာ ပြောရအောင် တစ်နေ့တွင် အခွင့်ပေးမည်ဟု မေသီစိတ်ကူးထား၏။
အို ... မေသီကများ ပြုံးလိုက်ရင်ဖြင့် သူ သိပ်ဝမ်းသာမှာပဲ၊
ဖြူစင်တဲ့ ငါးရာနှစ်ဆယ့်ရှစ် မေတ္တာနဲ့ပါ ကိုယ့်ချစ်ဦးကို မေသီက ယုယမှာပေါ့။
*သည်နေ့ကို ရောက်လာသည့်အခါ မေသီမျှော်လင့်ထားသလို
ပြုံးရကြည်ရတော့မည် မဟုတ်ကြောင်းကို တွေ့ရလေ၏။
ဒါကတော့ မေသီ့အပြစ်မဟုတ်၊ ကိုတင်အေးအပြစ်ဟုလည်း မဆိုချင်။
မဆိုချင်သည်မှာ ကိုတင်အေးဘာလုပ်လုပ် အပြစ်မဆိုချင်အောင် ချစ်မိသဖြင့် ဖြစ်လေ၏။
ခွင့်လွှတ်ခြင်းသည် အချစ်၏ အတိုင်းအထွာဖြစ်သည်။
သို့သော် ကိုယ့်ချစ်ဦးကိုဖြင့် မေသီ ဆုံးရပြီ။
*ညဥ့်ဦးကလေးက ဦးလေးချစ်က ပြောပြသည်။ ကိုတင်အေးဟာ ရည်းစားနှင့်ဆိုပါကလား။
ကောင်မလေးက ခပ်ငယ်ငယ်၊ ဗိုလ်ဆန်ဆန်နဲ့မို့ အမြဲပဲ ရုပ်ရှင်တွဲကြည့်ကြသတဲ့။
*သည်စကားကိုကြားစဉ်က မေသီသည် ခုပြန်ပြီး မတွေးဝံ့တော့မိအောင် တုန်လှုပ်သွားခဲ့သည်။
အထင်ကြီးထားချက်တွေ၊ ယုံကြည်ချက်တွေ လေထဲသို့ လွင့်ပါသွားတော့သည်။
ချစ်ဦး၏ အလှည့်စားခံရမှုသည် မေသီအား ဣနြေ္ဒမဆည်နိုင်အောင် ထိခိုက်သွားစေလေ၏။
တကယ်ပင် မေသီသည် အင်မတန် နာကြည်းစရာကောင်းအောင် ချစ်ရေးနိမ့်ခဲ့ရပြီ။
*အချစ်ဆိုတာ တစ်ဝက်စီခွဲပြီး လူနှစ်ယောက်ကိုပေးလို့ရသလား၊
လူတစ်ကိုယ်မှာ အချစ်စိတ်ဟာ နှစ်ခုသုံးခုများ ရှိနေသလား။
ဤသို့ မေသီသည် အရူးစိတ်ကူးပမာ အဆီအငေါ်မတည့်စွာ
စိတ်ထဲမှာထပ်တလဲလဲ မေးနေမိလေ၏။
*မေသီသည် မျက်ရည်များ ၀ဲလာလျက်က တစ်ကိုယ်တည်း မဲ့ပြုံးပြုံးမိ၏။
သို့သော် ဘယ်သူ့ကိုပြုံးမိမှန်း သူ့ဘာသာသူမသိ။
ကိုတင်အေးကိုဖြင့် မမုန်းရက်နိုင်ပါ။
အမှန်မှာ ကိုတင်အေး၏အမူအယာ၊ အပြောအဆို၊ အသွေးအသွင်တို့သည်
သူ့အသည်းကို စိုးမိုးနိုင်နင်းနေပေပြီ။
ရက်စက်ပါပေ့ ကိုတင်အေးရယ်ဟု သူ ငိုရှိုက်မိသည့်တိုင်အောင်
ကိုတင်အေး မနက်တိုင်း သူဆီလာသည်ကို သတိရမိသေးသည်။
ချစ်ရိပ်လျှံနေသည့် သူ့မျက်နှာကို မြင်မိသည်။
*မေသီ မဲ့ပြုံးပြူံးသည်မှာ လောကကိုဖြစ်သည်။
ဤလောကသည် အူချာလည်အောင် ရူးသွပ်နေပေသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့