လောက အစောင့်အရှောက် ၂ ပါး
လောကကြီး မပျက်စီးအောင်၊ ထိုက်သလောက်တော့ နေချင့်စဖွယ်ဖြစ်အောင် စောင့်ရှောက်တဲ့
တရားတွေကို လောကပါလ တရားများလို့ ခေါ်ပါတယ်။
ဒီတရား ၂ ပါးကတော့ ဟီရိနဲ့ သြတ္တပ္ပ ဖြစ်ပါတယ်။
ဒီ ၂ ပါး ရှိနေရင် လောကဟာ နေလို့ရနေပြီး ဒီ ၂ ပါး လျော့နည်းရင် လောကဟာ နေလို့ မကောင်းတော့ဘူး။
ဒီ ၂ ပါး လုံးလုံး ပျောက်ကွယ်ရင် လူ့လောက ပျောက်ကွယ်မှာပါပဲ။
ဟီရိ သြတ္တပ္ပ
လူကောင်းသူကောင်းဟာ မကောင်းတာ၊ မဟုတ်တာ လုပ်ဖို့ ရှက်တတ်ရပါမယ်၊
ကြောက်တတ်ရပါမယ်။ မကောင်းမှု ဒုစရိုက် ပြုရမှာကို ရှက်ခြင်းသဘောက ဟီရိဖြစ်ပြီး
ကြောက်လန့်ခြင်းသဘောက သြတ္တပ္ပဖြစ်တယ်။
ဒီဟီရိ သြတ္တပ္ပ ၂ ပါးမှာ-
မိမိရဲ့ ဂုဏ်သိက္ခာကို စောင့်ရှောက်လေ့ ရှိသူမှာ ဟီရိတရားက ထင်ရှားဖြစ်ပြီးတော့
ဆရာ မိဘ ဆွေမျိုး စသူတွေနဲ့ အခြားလူတွေကို လေးစားတဲ့ သူတွေမှာ သြတ္တပ္ပတရားက ထင်ရှားဖြစ်တယ်။
.....................
"ငါဟာ အမျိုးကောင်းတစ်ယောက်ဖြစ်တယ်။ ငါလို အမျိုးကောင်းသူက မကောင်းတာလုပ်ရင်
ရှက်စရာ ဖြစ်နေမယ်" လို့ ကိုယ့်အမျိုးဂုဏ်ကို စောင့်ထိန်းချင်လို့ မကောင်းတာ မလုပ်ဘူး။
မကောင်းတာ လုပ်ရမှာ ရှက်တယ်။
ပညာတတ်တဲ့ သူကလည်း
"ငါလို ပညာရှင်တစ်ယောက်က အောက်ကျတဲ့ မကောင်းမှု အလုပ်ကို လုပ်ရင် ငါ့အဖို့မှာ ရှက်စရာကြီး ဖြစ်နေမယ်"။
အသက်ကြီးတဲ့ သူကလည်း
"ငါလို အဘိုးကြီးက မကောင်းတာ၊ မမှန်တာ လုပ်နေရင် ရှက်စရာကြီးဖြစ်တော့မယ်"။
ဒီလို ကိုယ့်မှာရှိတဲ့ ဂုဏ်တစ်ခုခုကို လေးစားသူ၊ ကိုယ့်ဂုဏ်ကို လေးစားသူကို
ဟီရိတရား ရှိတဲ့သူ၊ ဟီရိတရား ထင်ရှားရှိသူလို့ ခေါ်ပါတယ်။
.........................
"ငါတစ်ယောက်က မဟုတ်တာလုပ်လိုက်ရင် ငါ့မိငါ့ဘ ငါ့ဆွေငါ့မျိုး ငါ့ဆရာသမား
သူတစ်ပါးတွေရဲ့ အကဲ့အရဲ့ ခံရတော့မှာ ... 'တံတွေးခွက် ပက်လက်မျော' ပြီး
'ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံး ပုပ်' တော့မှာပါလားလို့ ရှက်တတ်ရမယ်။
ဒီလို ပတ်သက်စပ်ဆိုင်သူများကို ငဲ့ပြီး မကောင်းတာ မမှန်တာ လုပ်ဖို့
ကြောက်လန့်တတ်သူကိုသြတ္တပ္ပတရား ရှိတဲ့သူ၊ သြတ္တပ္ပတရား ထင်ရှားရှိသူလို့ ခေါ်ပါတယ်။
ဟီရိ သြတ္တပ္ပ ကင်းသူများ
ကိုယ့် ဂုဏ်သိက္ခာကိုလည်းမငဲ့၊ ဆရာသမား မိဘဆွေမျိုး များကိုလည်းမငဲ့
မကောင်းမှု ဒုစရိုက်ကို လုပ်ချင်တိုင်း လုပ်နေသူတွေမှာတော့ဖြင့်
ဟီရိ သြတ္တပ္ပ ၂ မျိုးလုံးကင်းပြီး၊ အဲဒီ ၂ မျိုးကင်းလေ
ဒုစရိုက်အမှုတွေ ထပ်ကာထပ်ကာ ကျူးလွန်လေနဲ့ လူ့လောကကြီး အစောင့်အရှောက်မဲ့လေပြီ။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေကလည်း မိမိ ဂုဏ်သိက္ခာကို မငဲ့ကွက်
အခွင့်ရခိုက် ခိုးလိုက်၊ ၀ှက်လိုက်၊ နည်းမျိုးစုံ ဖန်တီးလိမ်ညာစားသောက်လိုက်နဲ့ ရှက်လည်းမရှက်၊
ကိုယ့် မိဘ၊ သားစဉ်မြေးဆက် 'တစ်လှေလုံးပုပ်' မှာလည်း မကြောက်။
စီးပွားရေးသမားတွေကလည်း ဂုဏ်သိက္ခာထိန်းဖို့ဝေးလို့
အာဏာရှိသူနဲ့ပေါင်း လုယက်၊ လယ်တွေသိမ်းယာတွေသိမ်း၊ လုပ်ပိုင်ခွင့်ယူ၊ လိုင်စင်ရပြီးရော
ဆိုတဲ့ အရှက်မရှိ အပြုအမူတွေနဲ့ သားစဉ်မြေးဆက် ပြန်ခံရမှာလည်း မကြောက်နိုင်။
အနုပညာသမား ဆိုသူများကလည်း အခုထင်ပေါ် အခုကျော်ဇောဖို့အရေး
'မ' က ချွတ်ဖော်၊ 'ဖို' က လှုံ့ဆော်နဲ့ အရှက်ကင်းလေ အောင်မြင်လေ မှတ်နေကြတာတွေ၊
'အဖေများ ရှက်လေမလား' မတွေး၊ ဘယ်မျက်နှာမှ မထောက် မကြောက်မလန့်သူတွေ ...
တိုင်းပြည်ရဲ့မျက်နှာ ပညာရှိ၊ ပညာတတ်၊ ပညာရှင် ဆိုသူတွေကလည်း
စီးပွားရေးသမားအကြိုက်၊ အာဏာရှိသူအကြိုက် လိုက်လို့ ပညာကိုသုံးပေးတဲ့ မရှက်မကြောက်တွေ
လုပ်နေကြတာဟာဖြင့် လောကကြီး ပျက်စီးလုနီးပြီလား တွေးထင်စရာပါ။
ဟီရိ ၾသတၱပၸ တရား ၂ ပါးဟာ ကမ ၻာသူ ကမ ၻာသား လူအမ်ားကို သားနဲ့အမိ မောင်နဲ့နှမ
ခြားနားအောင် စောင့်ရှောက်တဲ့ "လောကပါ=ကမ္ဘာစောင့်တရား" ဖြစ်ပါတယ်။
ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်လို့ "သုက္ကဓမ္မ=ဖြူစင်စေသောတရား"လည်း ဖြစ်တယ်။
ဒီတရား ၂ ပါးသာ မရှိဖူးဆိုရင်တော့ လူ့လောကဟာ တိရ စ္ဆာန်တွေနဲ့မခြား
မှားချင်တိုင်းမှားလို့ မကြားကောင်းမနာသာတွေ ကြုံရ၊ကြားရတော့မှပဲ။
ရှက်ရမှာမရှက်၊ မရှက်ရမှာရှက်
ရှက်တာ ကြောက်တာ ဟီရိ သြတ္တပ္ပ ဆိုသော်လည်း တွေ့ကရာ ရှက်ကြောက်နေတတ်တာကို
ပြောဆိုနေတာ မဟုတ်ပါဘူး။ ဒုစရိုက် မကောင်းမှု ပြုရမှာကိုသာ ရှက်ကြောက်ရမှာပါ။
ဒုစရိုက် မကောင်းမှု ပြုရမှာကိုတော့ မရှက်မကြောက်တတ်ပေမယ့်
ဥပုသ်စောင့်၊ တရားနာ၊ ဘုရားသွားရမှာကိုတော့ ရှက်ချင်ရှက်နေတတ်တာတွေ၊
ပရိတ်ဿတ်ထဲမှာ စာဖတ်၊စကားပြောရမှာ ရှက်တတ်တာတွေ၊
အလုပ်လက်မဲ့နဲ့ တေလေလုပ်ရမှာမရှက် အောက်ကျတယ်ထင်တဲ့ အလုပ်တစ်ခုကို လုပ်ရမှာ ရှက်တာတွေ၊
ယောက်ျားလေးနဲ့ မိန်းကလေးတို့ အချင်းချင်း တွေ့ရင် ရှက်နေတာတွေ
ဒါတွေတော့ ဟီရိအစစ် မဟုတ်ကြပါဘူး။
ပရိယာယ် မာယာများတာ ၊ ဟန်ပန်ကြီးတာ ( ခုခေတ်အခေါ် 'ပဲ' များတာ) သာ ဖြစ်ပါတယ်။
မရှက် ၄ ပါး
လောကအကျိုးစီးပွားအတွက်တော့ မရှက်ရမှာ ၄ မျိုး ရှိတယ် ဆိုကြတယ်။
၁။ ရောင်းဝယ်ဖောက်ကား အတိုးအပွား ပေးသောအခါ
၂။ ဆရာ့ထံ ချဉ်းကပ်၍ အတတ်ပညာ သင်သောအခါ
၃။ အစာစားသောအခါ
၎။ လင်မယား အချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ
ဒီအခါတွေမှာတော့ အရှက်ကို ဖယ်ထားရမတဲ့။
ကြောက်ရမှာမကြောက်၊ မကြောက်ရမှာကြောက်
တရားရုံး၊ ရဲစခန်း စတာတွေကို ကြောက်တာ၊ တောသူတောင်သားတွေ မြို့ပြမှာ အိမ်သာ မသွားဝံ့လို့
ကြောက်တာ၊ လူတစ်ယောက်က တစ်ယောက်ကို၊ ခွေးကို၊ တစ္ဆေကိုကြောက်တာတွေ၊
မရောက်ဖူးတဲ့ အရပ်ကို ခရီးသွားရမှာ ကြောက်တာ၊ ဆရာမိဘ လူကြီးသူမကို ကြောက်တာ၊
အဲဒီလို ကြောက်ခြင်းတွေကလည်း သြတ္တပ္ပ အစစ် မဟုတ်ပါ။
သတ္တိအရာမှာ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။
အဂါရ၀ မဖြစ်အောင်
အကုသိုလ် ဒုစရိုက်အမှု ပြုကြရမှာကို ရှက်ခြင်း၊ ကြောက်ခြင်း ရှိရမယ်ဆိုတာနဲ့
အကုသိုလ် မဖြစ်တဲ့ ကိစ္စတွေ၊ ကုသိုလ်ဖြစ်မဲ့ ကိစ္စတွေမှာ မရှက်မကြောက်ဖို့ တင်ပြထားပါတယ်။
ဒါပေမယ့် မရှက်မကြောက်နဲ့ဆိုလို့ လူမိုက်အားကိုး ရဲရမယ်လို့ ဆိုလိုတာမဟုတ်ပါ။
တစ်ဖက်သားကို မလေးစားတဲ့ အဂါရ၀၊ ဒေါသ၊ မာနတွေ ဖြစ်ပြီး
မိုက်ရူးရဲနဲ့ မှန်တာတော့ ပြောရမှာပဲ ....
ကောင်းတာတော့ ရေးရမှာပဲ .......ဆိုတဲ့ မောဟနဲ့ ဒေါသတွေလည်း မဖြစ်ပါစေနဲ့။
ဒါ့ကြောင့် မရှက်သင့် မကြောက်သင့်တဲ့ ကိစ္စတွေ ဆိုသော်လည်းပဲ
ဆင်ကန်းတောတိုး သဘောမျိုးနဲ့ အကျိုးမရှိတဲ့ မိုက်ရူးရဲနဲ့ ဆရာမိဘ လူကြီးသူမတို့အား
မရိုမသေ မလေးမစား အဂါရ၀မျိုး မဖြစ်စေဘဲ အလိမ္မာဉာဏ်ဖက်ပြီး ကိုယ့်စိတ်ဓာတ် ကိုယ်ပြင်လို့
ကျက်သရေမင်္ဂလာ ဝေဖြာစေမယ့်
အလယ်အလတ် မရှက်မကြောက် တရားမျိုးကိုသာ အလိုရှိထိုက်ပါကြောင်း...။ ။
No comments:
Post a Comment