Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

စပ်မိစပ်ရာဘာညာကွိကွ(၃)

 မပြောပဲလဲမနေနိုင်ဘူး၊ ပြောပြန်ရင်လည်း မောင်မင်းလွန်ရာကြတယ်၊ ဆိုသလိုဖြစ်နေပီဗျာ၊
စပ်မိစပ်ရာလေးတွေပြောဖို့ ဒီခေါင်းစဉ်လေးပေးထားတာပါ။ အခုလည်း မပြောချင်ပေမယ့် ပြောရပါဦးမယ်။
ဘယ်သူကမှားလည်း ဘယ်သူကမှန်လဲတော့ မိသိပါဘူး။
         ဒီမိုကရေစီဆိုတဲ့ စကားကို ဘယ်လိုနားလည်ရမှန်းမသိ သူတို့ကတော့ ဒီမိုကရေစီဆိုတဲ့စကားကို နားလည်လို့မဟုတ်ပါဘူး
အတ္တတွေ မာနေတွေနဲ့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်ပါ။
         သူတို့ဆိုတာက ကျုပ်တို့တောရွာကလူတွေကို ပြောတာပါ။ အခု ရွေးကောက်ပွဲ မဲပေးတဲ့ကာလမှာ ခွပ်ဒေါင်းနဲ့ ခြင်္သေ့ အပြန်အလှန်
ပြိုင်ဆိုင်ကြတာ တစ်ချို့က လင်မယားကွဲတယ်၊ တစ်ချို့က သားအဖချင်းကွဲတယ်။ တစ်ချို့က လင်မယားချင်းကွဲတယ်။
         ဦးသိန်းစိန်နဲ့ ဒေါ်စု တို့က တစ်ဝိုင်းထဲမှာ အတူစားသောက်ပြီးနေနိုင်ပေမယ့် ကျုပ်တို့ရွာကလူတွေက အခု(ဒီစာရေးချိန်)အထိ
လင်မယားချင်း၊ သားအဖချင်း၊ ညီအစ်ကိုချင်း စကားမပြောနိုင်သေးဘူး။
        အစက ခွပ်ဒေါင်းတွေက ခြင်္သေ့ကို မဲလိမ်သူတွေအဖြစ် တိုင်တယ်၊ ဒီတော့ ရပ်ရွာ ဆရာတော်ကြီးတွေက တားမြစ်တယ်၊ အဲဒီလို
မလုပ်သင့်တဲ့အကြောင်း အချင်းချင်း မာန်မာနတွေ မထားသင့်တဲ့အကြောင်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ဆောင်ရွက်ကြတာဖြစ်ကြောင်းအနိုင် အရှုံးအပေါ်ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေမလိုက်ပဲနဲ့ ရပ်ရွာကောင်းကျိုး နိုင်ငံကောင်းကျိုးကိုသာ ကြည့်သင့်တဲ့အကြောင်း ပြောဆိုဆုံးမပါတယ်။ ဒါနဲ့ပဲ ခွပ်ဒေါင်းတွေ နောက်ဆုတ်ပြိးငြိမ်းချမ်းစွာနေလိုက်တယ်။
       ခွပ်ဒေါင်းတွေက နောက်ဆုတ်သွားတော့ ခြင်္သေ့တွေက ပြန်ပြီးတော့ တိုင်တန်းပြန်တယ်။ ခွပ်ဒေါင်းတွေကသာ မဲလိမ်သူတွေဖြစ်
တယ်၊ သူတို့ကိုလည်း မဟုတ်မမှန်တိုင်တန်းတယ်၊ ဆိုပြီးတော့ပါ။
       အခုတော့ ကျုပ်တို့ရွာမှာ ရွေးကောက်ခံတာက နှစ်ပါတီ၊ အခု နှစ်အုပ်စုကွဲနေပီ။ ရွေးကောက်ပွဲပြီးခါစက မယားက ခွပ်ဒေါင်း
လင်က ခြင်္သေ့ သဘောထားကွဲလွဲပြီး မယားက ကွာရှင်းမယ်ဆိုပြီး ရွာကထွက်သွားတာ အခုထိပြန်မလာသေးဘူး၊ ကလေးတွေ
နဲ့ ဒုက္ခရောက်နေတာ။ အဲဒီလို တစ်အိမ်ထဲ တစ်မိသားစုထဲမှာကို နှစ်အုပ်စုကွဲနေတာ။
      သနားစရာအကောင်းဆုံးကတော့ အသက် ၉၀ အရွယ် အဖိုးကြီးပါပဲ။ နေတာက သမီးရဲ့အိမ်၊ စားတာသောက်တာက
သားရဲ့အိမ်။ ရွေးကောက်ပွဲကာလရောက်တော့ အိမ်ထောင်စုစာရင်းက သားအိမ်ဆိုတော့ မဲပေးရမယ့် စာရင်းက သားအိမ်ကို ရောက်လာ တယ်။ ဒီတော့ သားလုပ်တဲ့သူက ခြင်္သေ့ကို မဲထည့်ဖို့ပြောတယ်။ ဖအေလုပ်တဲ့သူက ဘာမှနားမလည်တော့ အေးရာအေးကြောင်းဆိုပြီး
အင်း လို့ပဲပြောတာပေါ့။
        သမီးအိမ်ရောက်တော့လည်း သမီးက ခွပ်ဒေါင်းကို မဲထည့်ဖို့ပြောပြန်တယ်။ ဒီတော့ လည်း အေးရာအေးကြောင်းဆိုပြီး အင်းပဲ
လုပ်လိုက်တယ်။ အခုတော့ မဲကာလမှာ ဘယ်ဟာမဲပေးခဲ့မှန်းမသိပေမယ့် အသက် ၉၀ အရွယ် အဖိုးကြီးဟာ နေတဲ့သမီးအိမ်ကလည်း သမီးက မကြည်ဘူး ခြင်္သေ့ကို မဲထည့်တယ်ပေါ့။ သားလုပ်တဲ့သူကလည်း ကျွေးသာကျွေးမွေးနေရတာ မကြည်ပြန်ဘူး ခွပ်ဒေါင်းကို မဲထည့်တယ်ပေါ့။
         ဘာသာရေးဘက်မှာလည်း ခွပ်ဒေါင်းတွေ သွားရောက်လှူဒါန်းကိုးကွယ်တဲ့ကျောင်းကို ခြင်္သေ့တွေက မသွားဘူးတဲ့။
ဆွမ်းခံလာရင်တောင် ခွပ်ဒေါင်းမို့ မလောင်းဘူးတဲ့ဗျာ။ ခြင်္သေ့တွေ သွားရောက်လှူဒါန်းကိုးကွယ်တဲ့ကျောင်းကိုလည်း ခွပ်ဒေါင်းတွေက
မသွားဘူးတဲ့။ ဆွမ်းလည်းမလောင်းဘူးတဲ့ဗျာ။ ဘာမဆိုင် ညာမဆိုင်နဲ့ မဲပေးခွင့်မရှိတဲ့ ဘုန်းကြီးတွေ၊ မဲနဲ့မသက်ဆိုင်တဲ့ဘုန်းကြီးတွေ
လည်း ရွာအမှု ဘုန်းကြီးပတ်နေလေရဲ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့