Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 29 May 2012

သရဏဂုံ (၃)ပါး

သရဏဂုံ (၃)ပါးကို သိအောင်အရင်လုပ်၊ သိပြီးရင် သရဏဂုံ (၃)ပါးကို တည်နိုင်အောင်ကြိုးစားကြပါ။
သရဏဂုံ (၃)ပါးကို သိအောင်အရင်လုပ်၊ သိပြီးရင် သရဏဂုံ (၃)ပါးကို တည်နိုင်အောင်ကြိုးစားကြပါ။ တရားမြင်မှ ဘုရားကိုမြင်တယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ပထမ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဘုရား ၃ မျိုးရှိတယ်- ပရမတ်ဘုရား၊ သကတ်ဘုရား ၊ ဒြပ်ဘုရား တဲ့။
မိမိသန္တာန်မှာ သစ္စာ ၄ ပါးကိုသိတဲ့ ဉာဏ်ပရမတ်ဘုရား ပေါ်အောင်လုပ်ပြီးတော့ အဲဒီ့ပရမတ်ဘုရားကို ဂစ္စာမိတာကို ပထမ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိလို့ ခေါ်တယ်၊
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
အရဟံ ဂုဏ်တော် ၊ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်၊ ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော် စသော ဂုဏ်တော် ၉ ပါး သကတ်ဘုရား ကို ကြည်ညိုလေးစား၍ ဂုဏ်တော်ကို ပွားများတာ ကို ခေါ်တယ်။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
- ပရမတ်ဘုရား၊ သကတ်ဘုရား တို့ ၏ တည်ရာ ခန္ဓာငါးပါး ဒြပ်တော်ကြီးနှင့် ၎င်း၏အစွယ်အပွား စေတီ လေးပါး ကို ရိုသေလေးစားတာ ကို ခေါ်တယ်။
ဓမ္မံ သရဏံ ဂစ္ဆာမိ
ပထမ ဓမ္မံ သရဏံ ဂစ္ဆာမိ
တရားကလဲ ၃ မျိုးရှိတယ်၊ ပရိယတ္တိ ၊ ပဋိပတ္တိ ၊ပဋိဝေဓ တဲ့၊
ပဋိဝေဓ ဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပေါ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ကို ဆန္ဒာဓိပတိ ပစ္စည်းတပ်နေတာ ပထမ ဓမ္မံ သရဏံ ဂစ္ဆာမိ ပါပဲ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
ဆန္ဒာဓိပတိ ပစ္စည်းတပ်သည့်အတိုင်း ပဋိပတ္တိကို အားထုတ်နေတာ က ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိပေါ့။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
ပဋိပတ်ကို အားထုတ်ဖို့  နည်းနာနယ ဖြစ်တဲ့ ပရိယတ္တိ ကို သင်အံမှတ်သား နေတာက တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ပါပဲ၊
သံဃံ သရဏံ ဂစ္ဆာမိ
ပထမ သံဃံ သရဏံ ဂစ္ဆာမိ
သံဃာ ၂ မျိုးရှိတယ်၊
ပရမတ္ထသံဃာ =အရိယာပုဂ္ဂိုလ် ၈ ယောက်ဆိုယင် လူဖြစ်ဖြစ်၊ ဘုန်းကြီးဖြစ်ဖြစ်၊ မယ်သီလဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် ပရမတ္ထသံဃာလို့ ခေါ်တယ်၊
သမ္မုတိသံဃာ =သိမ်ထဲမှာ ကမ္မဝါနှင့် သမုတ်၍ ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ယင် အရိယာဖြစ်ဖြစ်၊ ပုထုဇဉ်ဖြစ်ဖြစ် သမ္မုတိသံဃာ လို့ ခေါ်တယ်၊
ပရမတ္ထသံဃာ (လူသော၊ ဘုန်းကြီး သော၊ မိန်းမ သော၊ ယောက်ျား သော၊လင်ရှိသော၊မယားရှိသော ) သောပေါင်း ခြောက်ဆယ်ရှုတ်မနေနဲ့ တော့၊ ပရမတ္ထသံဃာ ကိုတွေ့ အောင်ရှာပြီး သစ္စာ ၄-ပါးတရားကိုသာ ဒိဋ္ဌိ၊ဝီစိကိစ္ဆာပြုတ်အောင်နာကွဲ့ ၊ အဲဒါ ပထမ သံဃံ သရဏံ ဂစ္ဆာမိ ပဲ၊
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
ပရမတ္ထသံဃာ မရှိပါက သစ္စာလေးပါးကို ပရမတ္ထသံဃာတွေ သိတာနဲ့ လျော်ညီစွာ ဟောနိုင်သော စူဠသောတာပန် ပုဂ္ဂိုလ် ကိုတွေ့ အောင်ရှာ၍ မှီဝဲဆည်းကပ်မေးမြန်း ဆွေးနွေးတရားနာပါ၊့ ၊ အဲဒါ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ပဲ၊
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
စူဠသောတာပန် ပုဂ္ဂိုလ် မရှိပြန်ရင် ၂၂၇ သွယ်သော သိက္ခာပုဒ်ကို ထိန်းသိမ်းစောင့်ရှောက်၍နေသော သမ္မုတိသံဃာကို ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ လဲ ဤအသွင်ပဲဟု အောက်မေ့သောအားဖြင့်၎င်း၊ မြတ်စွာဘုရား ပညတ်တော်မူသော သိက္ခာပုဒ်တွေကို ထိန်းသိမ်းရှာပေတယ် ဟု သီလကို ကြည်ညိုသောအားဖြင့်၎င်း၊ သင်္ကန်း ဆွမ်း ကျောင်း ဆေး တို့ ဖြင့် ချီးမြှင့် ထောက်ပံ့ရမယ်၊ အဲဒါ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ပဲ၊
နမား ဆရာတော် အရှင်ဉာဏ ၏ နိဗ္ဗန်ကိုသွား ဉာဏ်ရထား စာအုပ် မှ ကောက်နှုတ်ဖော်ပြပါသည်၊
သရဏဂုံ ၃ ပါး ကိုတည်ရင် အပါယ်ဘေးက အေးပါတယ်၊ဒါတင်မက ခပ်သိမ်းသောဒုက္ခမှ အေးရပါတယ်၊သရဏဂုံ ၃ ပါးဟာ ဘယ်လောက်အားထားစရာ ကောင်းသလဲဆိုရင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဘေးတွေ ပျောက်ပြီး နိဗ္ဗာန်ကို ရောက်စေနိုင်တယ်။ သရဏဂုံ အစစ်တည်ချင်ရင် သစ္စာ ၄ ပါးကို ပြနိုင်တဲ့သူ သပ္ပုရိသကို ရအောင်ရှာ၊ ရရင် တရားကိုနာ၊ ရိုရိုသေသေဆင်ခြင်၊ သစ္စာ ၄ ပါးကိုသိအောင် ပွားများ၊ ပွားများလို့ မြင်လာရင် မိမိသန္တာန်မှာ သစ္စာ ၄ ပါးသိတဲ့ ဉာဏ်ဘုရားပွင့်လာလိမ့်မယ်။
ယော ဟိ ပဿတိ သဒ္ဓမ္မံ ၊သောမံ ပဿတိ ပဏ္ဍိတော။
အပဿမာနော သဒ္ဓမ္မံ၊ မံ ပဿမ္ပိ န ပဿတိ။
ယော ပဏ္ဍိတော = သစ္စာ မြင်ငြား အကြင် ချစ်သားသည်
သဒ္ဓမ္မံ = သစ္စာ ၄ ပါးမြတ်တရားကို
ပဿတိ =ကောင်းစွာ ပိုင်နိုင်စွာ သိမြင်၏
သော ပဏ္ဍိတော = ထိုသစ္စာ မြင်သိ ပညာရှိသည်
မံ = ငါဘုရား မြတ်စွာ သင်တို့ ဆရာကို
ပဿတိ = ယူဇနာ (၁၀၀) ဝေးကွာသော်လဲ အမြဲမြင် သည်မည်၏။
ယောဗာလော = အကြင်သစ္စာမသိ လူဒိဋ္ဌိသည်
သဒ္ဓမ္မံ = သစ္စာ ၄ ပါးမြတ်တရားကို
န ပဿတိ =အဝိဇ္ဇာ တိမ်လုံးပိတ်ဖုံးကာ လုံးလုံးမထင် မသိမြင်
သောဗာလော = ထိုသစ္စာမသိ လူငတိ သည်
မံ = ငါဘုရားကို
ပဿမာနော =မျက်လုံးနှစ်လုံးဖြင့် တစ်သက်လုံးထွက်အောင် ကြည့်သော်လည်း
န ပဿတိ = ကောင်းစွာ ထင်ထင်မြင်မြင် မသိမြင်နိုင်ပါတကား။
ကဲ -- မြတ်စွာဘုရားက တရားကိုမြင်မှ ဘုရားကိုမြင်မယ်တဲ့။ ဘုရားကလဲ မိမိကိုယ်သာ မိမိ အားထား ကြရ မယ်ဆိုတာ ဟောတော်မူတယ်၊
အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ၊
အတ္တနာ ဟိ သုဒန္တေန၊
နာထံ လဘတိ ဒုလ္လဘံ။
အတ္တာ ဟိ= မိမိသာလျှင် အတ္တနော = မိမိ၏ နာထော= ကိုးကွယ်အားထားလေးစားရာတည်း။
ကော ဟိ = ဘယ်လူဘယ်နတ်ဘယ်ဗြဟ္မာ သည် နာထော = ကိုးကွယ်အားထားလေးစားလောက်သော ပရော=မိမိမှတပါး သိယာ=မုချမှန်ကန်စွာရှိချေပါအံ့နည်း။
အတ္တနာဟိ= မိမိသာလျှင် သုဒန္တေန =ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို ဆုံးမပဲ့ပြင်သွန်သင်ခြင်းဖြင့်
ဒုလ္လဘံ = ကမ္ဘာကုဋေ သင်္ချေ ကုန်ဆုံးပါလည်း အလွန်တရာ ရနိုင်ခဲသော၊ နာထံ= ကိုးစားလောက်ရာ မဂ် သစ္စာကို၊ လဘတိ = ကောင်းစွာမသွေ ရရှိနိုင်လေသတည်း

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့