Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 29 May 2012

တရားတော်ဟူသည် အမြတ်ဆုံး........

"ဓမ္မံ သရဏံ ဂစ္ဆာမိ" - တရားကို ကိုးကွယ်ပါ၏ - ဟု ဗုဒ္ဓဘာသာဝင် မှန်သမျှ စကားမပီစ အရွယ်ကပင် ရွတ်ဆိုဆောက်တည်ခဲ့ကြသည်။ " မိ " ဟူသော စကားလုံးသည် သဒ္ဒါအနေအားဖြင့်
ပစ္စုပ္ပန်ကာလကို ရည်ညွန်းပါသည်။ မြန်မာအနေအားဖြင့် "မိမိရရ ပိုင်ပိုင်နိုင်နိုင် " ဟု အဓိပ္ပါယ်ရပါသည်။
တရားကို မိမိရရ ကျင့်သုံးပါလျှင် အပါယ်တံခါးပိတ်၍ သံသရာအတွက် စိတ်အေးရ၏။ ဓမ္မ- ဟူသည်
သတ္တ၀ါတို့အား အပါယ်လေးပါး ကျမသွားရအောင် ဆောင်ထားနိုင်သော ဂုဏ်သတ္တိရှိသည်။
ဥပမာ ဆိုရသော်- အရာဝတ္တုတစ်ခုကို လက်ဖြင့်ယူငင်ရာ၌ မိမိရရ မကိုင်မိလျှင် အောက်သို့
ပြုတ်ကျတတ်ပါသည်။ ထို့အတူ- တရားကို မိမိရရ မကျင့်သုံးလျှင် အပါယ်လေးဘုံသို့ ပြုတ်ကျ
နစ်မွန်းရပါမည်။ သံသရာရေအလျဉ်ကြောမှာ စုန်ချည်ဆန်ချည် မျောရပါဦးမည်။
တရားကို အဘယ်သို့ မိမိရရ ကျင့်သုံးရပါမည်နည်း "သတိတစ်လုံး အရှိသုံး အဆုံးနိဗ့္ဗာန်သာ" ဆိုသည့်အတိုင်း တရားမိနိုင်ဖို့အတွက် သတိလက်ကိုင်ထားရှိရပါမည်။
နေ့စဉ်ဘ၀ကို လျောင်း,ထိုင်,ရပ်,သွား ဣရိယာပုထ်လေးပါးဖြင့် တစ်ပါးညောင်းလျှင် တစ်ပါးပြောင်း၍ နေထိုင်ကြရ၏။ ဣရိယာပုထ်အမျိုးမျိုးပြောင်းနေရသော်လည်း မပြောင်းလဲသည်က

အသက်ရှုရှိုက်မှုပင်ဖြစ်သည်။
အသက်ရှုရှိုက်မှုသည် အချိန်တိုင်း နေရာတိုင်း ဣရိယာပုထ်တိုင်းမှာ အကျိုးရှိလှပေသည်။ ၀င်သက်အခိုက် သတိ။ထွက်သက်အခိုက် သတိ။ ၀င်လေထွက်လေကို သတိဖြင့် ဖမ်းနေခြင်းသည်
"ဓမ္မံ သရဏံ ဂစ္ဆာမိ"-အရ တရားကို မိမိရရ ကျင့်သုံးနေခြင်းပင် ဖြစ်သည်။ တရားကိုမိလျှင် အရသာက ရှိလာသည်။ ဓမ္မကိုသိလျှင် ဓမ္မရသက ငြိလာသည်။
ကာမဂုဏ်ရသသည် အရောင်အမျိုးမျိုးပါသော ချိုချိုချဉ်ချဉ် အရသာရှိသည့် ဖျော်ရည်နှင့်တူ၏။
ဓမ္မရသ-ကားပကတိဖြူစင် ကြည်လင်အေးမြသည့် ရေစင်ရေကောင်းနှင့် တူ၏။ ဖျော်ရည် တစ်မျိုးမျိုးကို သောက်ပြီးလျှင် ခံတွင်းချဉ်၏။ ရေသန့် ရေအေးကို သောက်ရသော် ခံတွင်းရှင်း၍ မွတ်သိပ်ခြင်းကင်း၏။ ကာမဂုဏ်ရသသည် ဟိုအာရုံကောင်းနိုး သည်အာရုံကောင်းနိုးဖြင့် အမျိုးမျိုး ပြောင်းလဲသော်လည်း တင်းတိမ်အားရ ကျေနပ်သွားသည်မရှိပေ။ သောက်လေသောက်လေ ငတ်မပြေသည့် သဘောရှိသည်။ ဓမ္မရသ သည်ကားထိုသို့မဟုတ်။ စိတ်ဆာလောက်မှုလည်း ငြိမ်း၏။ ပူပန်မှုလည်း ကင်း၏။ ငြိမ်သက်အေးချမ်း၏။ တစ်စုံတစ်ခု နောက်ထပ်ဖြည့်စွက်စရာ အရသာလည်းမလိုပေ။ ထို့ကြောင့် မြတ်စွာဘုရားက......
" သဗ္ဗရသံ ဓမ္မရသော ဇိနာတိ" အရသာတို့တွင် ဓမ္မအရသာသည် အမြတ်ဆုံး-ဟု ဟောတော်မူခြင်းဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့