Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 29 May 2012

စိတ်နေ.....စိတ်ထားကောင်း

အပြောင်းအလဲ မြန်သောစိတ်
စိတ်က သိပ်ပြီးတော့ အဖြစ်အပျက် မြန်လွန်းတော့ စိတ်အပြောင်းအလဲ ဆိုတာလည်း သိပ်မြန်တော့တာပဲ။
ငါးမိနစ်လောက်အတွင်းမှာကို စိတ်ကောင်းစိတ်ယုတ် ရောနှောဖြစ်ပျက်နေတာကို စောင့်ကြည့်ဘူးသလား။
နံနက်စောစော အိမ်ပေါ်မှာ ဘုရးရှိခိုးနေတုန်း ကုသိုလ်စိတ်ကလေးနဲ့ပေါ့။

အဲဒီအချိန် အိမ်အောက်ထပ်ကရောင်းမှုဝယ်မှုနဲ့ ပတ်သက်တဲ့လူက
ခေါ်သံကြားလိုက်ရရင် လောဘစိတ် ဖြစ်သွားရော။

ကိုယ်ကဘုရားရှစ်ခိုးနေတုန်းမို့ မထူးနိုင်၊ အိမ်ကလူတွေကလည်း ဘယ်ရောက်ပြီး
ဘာလုပ်နေကြမှန်း မသိတော့မထူးနိုင်ဖြစ်နေတုန်း ဟိုလူကလည်း တစ်ကြော်ကြော်ခေါ်ဆို
အိမ်ကလူတွေအပေါ် ဒေါသစိတ်ဖြစ်လာပြန်ရော။

ရောင်းမှုဝယ်မှု လောဘကိစ္စ ပြုတုန်းမှာလည်း လှူချင်တန်းချင် သဒ္ဓါစိတ်ကလေး ၀င်လာတတ်တယ်။
တစ်စုံတစ်ရာ အလိုမကျ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတွေရဲ့ အဆုံးအမ သတိရလိုက်တော့
သတိစိတ်ကလေးဖြစ်လာပြန်တယ်။

သမီးရည်းစား စကားပြောနေစဉ် လောဘစိတ်ကလေးနဲ့ နေရာကနေ ပြောပေါက်မတဲ့တော့
ဒေါသစိတ်ဝင်လာပြန်တယ်။

တစ်ယောက်ယောက်က ပြန်ချော့လိုက်တော့ စိတ်ပျော့သွားပြီး လောဘစိတ် ဖြစ်လာပြန်ရော။

ငါးမိနစ်လောက်ကလေးအတွင်းမှာ ပြောင်းလဲနေတဲ့ ကိုယ့်ရဲ့စိတ်ကို စောင့်ကြည့်နေလိုက်စမ်းပါ။

စိတ်ကပြောင်းအလဲတွေဖြစ်နေတိုင်း မိမိစိတ်ကို "စိတ်ကောင်းလား၊ စိတ်ဆိုးလား"လို့ ခွဲခြားပြီး သိအောင်
သတိထားပြီးတော့ မိမိစိတ်ကို စိတ်ကောင်းများများဖြစ်အောင် ပြင်မကြည့်ချင်ဘူးလား ....။



ရုပ်အမျိုးမျိုး စိတ်အထွေထွေ
လူတွေမှာ ရုပ်တွေ တစ်ယောက်နှင့်တစ်ယောက် မတူကြသလိုပါပဲ စိတ်ချင်းလည်း မတူကြပါဘူး။
ထုံထိုင်းတဲ့ရုပ်၊ သွက်လက်တဲ့ရုပ် ရှိသလို ထုံထိုင်းတဲ့စိတ်၊ သွက်လက်တဲ့စိတ် ရှိတယ်။
ရိုးသားတဲ့ရုပ်၊ ကလိန်ကကျစ်ရုပ် ရှိသလို ရိုးသားတဲ့စိတ်၊ကလိန်ကကျစ်စိတ် ရှိတယ်။


ရုပ်အမျိုးမျိုး အထွေထွေ ကွဲပြားခြားနားလျှက်ရှိရာမှာ အလှဘက်၊ အသွက်ဘက်မှာ
အဆင့်ဆင့်သာပြီး ပြိုင်ဘက်ကင်းလောက်အောင် လှသူ၊ သွက်သူတွေရှိသလောက်၊
အဆိုးဘက်၊ အထိုင်းဘက်မှာလည်း အဆက်ဆက်အောက်ကျပြီး
ဘီလူးတဘက်တမျှ ဆိုးဝါးတဲ့သူတွေလည်း ရှိတယ်။


ဒီလိုပဲ စိတ်အမျိုးမျိုး အထွေထွေ ကွဲပြားခြားနားလျှက် ရှိရာမှာလည်း
စိတ်ကောင်းစိတ်ထက်ဘက်မှာ အဆက်ဆက်တန်းတက်ပြီး ပြိုင်ဘက်ကင်း စိတ်ကောင်းသူ၊
ထက်မြက်သူတွေ ရှိကြပြီး စိတ်ယုတ်မာဘက်၊ စိတ်ထိုင်းဘက်မှာလည်း အဆက်ဆက်ဆိုးကာ
ကြောက်မက် စက်ဆုပ်ဖွယ်ကောင်းအောင်ယုတ်မာသူ၊ သုံးမဖြစ်အောင် ထိုင်းမှိုင်းသူများလည်း ရှိတတ်တာပါပဲ။




စိတ်ကို ပြင်သင့်သော အကြောင်းများ
ကိုယ့်စိတ်ကို ကောင်းအောင်  ပြင်သင့်တဲ့အကြောင်း များစွာရှိပါတယ်။

(၁) ကိုယ့်စိတ်မှာ မကောင်းသေးတဲ့အချက်၊ ယုတ်မာနေတဲ့အချက်ကို ကိုယ်သာ အသိဆုံး နေမှာပါပဲ။
ကိုယ့်စိတ်မှာ ယုတ်မာနေတဲ့အချက် ရှိနေရင် လောကီဂုဏ်တွေမှာ အထက်တန်းရောက်ချင်ရောက်နေမှာဖြစ်ပေမယ့်
စိတ်အနေအထားအားဖြင့် အောက်တန်းကျနေသေးတယ်ဆိုတာ နည်းနည်းတွေးကြည့် သိနိုင်ပါတယ်။
စိတ်အနေအထား အောက်တန်းကျနေရင်တော့ဖြင့်  ယခုဘ၀ ဂုဏ်ရှင်ဒြပ်ရှင်ပေမယ့်
နောက်ဘ၀တော့ဖြင့် အောက်တန်းနောက်တန်း ကျတော့မည်မှာ (စိတ္တနိယာမအတိုင်း) အမှန်ပါပဲ။
ဒီလို တန်းလျောရမယ့်အဖြစ်တော့ ဘယ်သူမှ မလိုချင်၊ မဖြစ်ချင်လောက်တဲ့ အတွက်ကြောင့်
စိတ်နေစိတ်ထား ကြီးမားမြင့်မြတ်အောင် ပြုပြင်ဖို့ရာ ထိုက်လှပါပေတယ်။


(၂) ကိုယ့်မှာ စိတ်ဆိုးစိတ်ယုတ် ရှိနေခဲ့ရင် ကိုယ့်ကိုကိုယ်လည်း မကြည်ညိုနိုင်ပါဘူး။
မိတ်ဆွေချင်း၊ ညီအစ်ကိုမောင်နှမချင်း၊ သားချင်းသမီးချင်း၊ လင်မယားချင်း၊ ဆရာတပည့်ချင်း၊
အပေါင်းအသင်း ရင်းနှီးသူချင်း သူရဲ့ ယုတ်မာကြောင်းကို သိရင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်မှာ မဟုတ်ပါဘူး။
ဒီလိုမျိုး ရင်းနှီးသူအချင်းချင်း အထင်သေးမှာကို စိုးတဲ့အတွက်ကြောင့်လည်းပဲ
မိမိစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြုပြင်ဖို့ရာ ထိုက်လှပါပေတယ်။


(၃) စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူဟာ ဒါနပြုပြု၊ သီလဆောက်တည်ဆောက်တည်၊
ဘာဝနာကမ္မဌာန်း စီးဖြန်း စီးဖြန်း ဘယ်ကုသိုလ်လုပ်ငန်းမဆို ရိုးသားဖြူစင်လိမ့်မယ်လို့ မမှတ်ပါနဲ့။
(ဒီနေရာမှာ လုပ်တာကတော့ ကုသိုလ်ဖြစ် လုပ်ငန်းပေမယ့် "ဟေ့ ... အပါယ်ကျခံ လုပ်မယ်ကွ"
ဆိုတဲ့သူတွေ၊ ကြွေးကြော်တဲ့သူတွေ သတိထားသင့်ပါတယ်၊ ကြောက်သင့်ပါတယ်)
စိတ်ရင်းမကောင်းသူရဲ့ ကုသိုလ်ကံတွေက အကျိုးပေးလည်း စင်စင်ကြယ်ကြယ် မရှိနိုင်တော့ပါဘူး။
အဲဒီလို နောက်နောက်ဘ၀တွေမှာ (ကုသိုလ်ပြုပါသော်လည်း) အကျိုးပေး မစင်ကြယ်မှာ စိုးရတဲ့အတွက်လည်း
မိမိရဲ့ စိတ်နေစိတ်ထားကို ဖြူစင်ကောင်းမြတ်အောင် ပြုပြင်ဖို့ရာ ထိုက်လှပါပေတယ်။


(၄) စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူဟာ အခုတစ်ဘ၀သာ ယုတ်မာတာမဟုတ်ဘဲ
ဖြစ်တိုင်းဖြစ်တိုင်းသော စိတ်ယုတ်မာတွေက တသန္တာန်လုံး ထုံမွမ်းနေတာဆိုတော့
နောက်နောင်ဘ၀ပေါင်းများစွာ အဆက်ဆက် စိတ်ယုတ်မာဓာတ်သတ္တိအဆက်ဆက် ကူးလို့
ဘ၀အဆက်ဆက် စိတ်ယုတ်မာ ရှိသောသူသာ ဖြစ်နေတတ်ပါတော့တယ်။
ဒီလို ဘ၀အဆက်ဆက် စိတ်ယုတ်မာရှိသူ ဆက်ဆက်ဖြစ်နေမှာ စိုးတဲ့အတွက်ကြောင့်လည်း
မိမိရဲ့ စိတ်နေစိတ်ထားကို ဖြူစင်ကောင်းမြတ်အောင် ပြုပြင်ဖို့ရာ ထိုက်လှပါပေတယ်။




မိလိန္ဒမင်း စိတ်ကိုပြုပြင်ပုံ
မိလိန္ဒမင်းကြီးနဲ့ အရှင်နာဂသိန်တို့ ပြဿနာအမေးအဖြေပြုဖို့ ကြုံလာတဲ့အခါ၊
သာသနာတော်ကြီးမှာ အလွန်အရေးကြီးတဲ့ ပြဿနာတွေကို မေးလျှောက်ဖို့ အကြံဖြစ်လာတဲ့အခါ
အဲဒီပြဿနာတွေကို မမေးမလျှောက်သေးဘဲ ၇ ရက်ပတ်လုံး မိမိစိတ်ကို ဖြူစင်အောင် (သမာဓိရအောင်)
ထိန်းသိမ်းစောင့်စည်းနေပုံကို အတုယူစရာအဖြစ် ဖော်ပြချင်ပါသေးတယ်။


မင်းကြီးဟာ နံနက်စောစော အိပ်ရာကထပြီး ကိုယ်လက်သန့်စင် ရေမိုးချိုးပြီး ၀တ်ရိုးဝတ်စဉ်
အ၀တ်တန်ဆာတွေကို မ၀တ်တော့ဘဲ ဖန်ရည်ဆိုးသော အ၀တ်ကို ၀တ်ဆင်ပြီး ဦးခေါင်းကိုလည်း
ခေါင်းတုံးအသွင် မှတ်ထင်ရတဲ့ ခေါင်းစွပ်စွပ်ပြီး (၈)ပါးသော အချက်များကို
၇ ရက်လုံး စောင့်ထိန်းဆောက်တည် နေတော့တယ်။

၁။ ၇ ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။        
                                                  
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။      
                                                  
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။           
                                           
၎။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။          
                                           
၅။ ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမှုတော်ထမ်းများ အပေါ်၌သော်လည်းကောင်း
စိတ်ကိုနှိမ့်ချ၍ မာန်မာနမဖြစ်အောင် စောင့်စည်းမည်။           
                          
၆။ ကိုယ်မှု၊နှုတ်မှုများ ထူးခြားစွာ စောင့်စည်းမည်။           
                                        
၇။ မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင်  မျက်စိ၊ နားစသော
ဣနြေ္ဒများကို စောင်းစည်းမည်။                            
              
၈။ အားလုံးသော သတ္တ၀ါတို့အပေါ်မှာ မေတ္တာစိတ် ထားမည်။             
                       
                                          
ဒီ ရှစ်ပါးသောအချက်ကို ၇ ရက်ပတ်လုံး စောင့်စည်းပြီး ရှစ်ရက်မြောက်တဲ့နေ့မှာ ဣနြေ္ဒကြီးကြီးရဟန်းလို
စက္ခုနြေ္ဒချပြီး စကားပြောဆင်ခြင်ပြီး အရှင်နာဂသိန်ထံ ကြည်လင်ရွှင်ပြ အေးမြတဲ့ စိတ်နေစိတ်ထားနဲ့
ချဉ်းကပ်လို့ လေးနက်စွာ ပြဿနာများကို မေးလျှောက်ပါသတဲ့။




အတုယူဖွယ်
မိလိန္ဒမင်းကြီးရဲ့ ၇ ရက်ပတ်လုံး စိတ်ပြုပြင်ပုံဟာ အတုယူစရာ ကောင်းလှပါတယ်။
အထက်တန်းရောက်လိုလှတဲ့ သူတော်ကောင်းတို့ဟာ မိမိနေအိမ်မှာပင် တစ်နေ့တစ်ရက် တနံနက်
မိမိသန္တာန်မှာ ဖြစ်လေ့ရှိတဲ့ အကုသိုလ်စိတ်တွေ မဖြစ်ရလေအောင်၊ ကုသိုလ်စိတ်တွေ ပွားများရလေအောင်
မကြာမကြာ အထူးစောင့်စည်းသင့်၊ လေ့ကျင့်ပေးသင့်လှပါတယ်ဗျာ။


စောင့်စည်းဖန်၊ လေ့ကျင့်ဖန်များလာတဲ့အခါ အကုသိုလ်စိတ် အထူနည်းပါးပြီး သူတော်စင်ဘက်သို့
ယိမ်းကာ သဒ္ဓါထူး၊ ပညာထူးတွေ ပေါ်ပေါက်လာမှာ မလွဲပါပဲ။
ဖြစ်နေကျ အကုသိုလ်စိတ်တွေလည်း မပေါ်လာတော့ပါဘူး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့