Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 19 March 2012

ကုသိုလ်၊ အကုသိုလ်အလုပ်


တကယ့်တရားဓမ္မရဲ့ အဆီအနှစ်တွေ ပျောက်ကွယ်သွားကြတဲ့အခါ ကျတော့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို လူတွေက အဓိပါယ်ကောက်ယူမူတွေ မှားကုန်ကြပါတယ်။ “ဒုစရိုက်ဆိုတာဘာလဲ၊ သူတော်ကောင်းအကျင့်ဆိုတာ ဘာလဲ” အစရှိလို့ပေါ့။

ဥပမာ - အပြင်ပန်းအားဖြင့်တွေ့ရတဲ့ ၀တ်တဆားဆင်ယင်မူတွေ ထုံးတမ်းစဉ်လာအရ ကျင်းပတဲ့ပွဲတွေ၊ ဘာသာရေးအခမ်းအနားတွေ၊ သီးခြားယုံကြည်ချက်တွေ အစရှိသဖြင့်ပေါ့။ တရားဓမ္မကို စကြာဝဠာတစ်ခုလုံးက လက်ခံနိုင်မယ့် ခံယူချက်က ဘာလဲ။ ပုဂ္ဂိုလ်တစ်ဦးဟာ ကာယကံ၊ ၀စီကံ၊ မနောကံ ပြူမူပြောဆိုစိတ်ကူးပြီး တခြားသတ္တ၀ါတွေကို နာကျင်စေမယ် ဘေးရောက်စေမယ်။

တခြားသတ္တ၀ါတွေရဲ့ အေးချမ်းမူချမ်းသာမူကို နှောင့်ယှက်တာဖြစ်ရင် အဲဒါဟာ အပြစ်ရှိတဲ့ အကုသိုလ်အလုပ်ဖြစ်ပါတယ်။ လုပ်တဲ့ပုဂ္ဂိုလ်ကလည်း အပြစ်ကျူးလွန်တဲ့ ပုဂ္ဂိုလ်ပါပဲ။ အပြင်ပန်းက ဘယ်လိုတွေ့ရတွေ့ရ၊ ဘယ်လိုဝတ်စုံ ၀တ်ထားဝတ်ထား၊ ဘယ်လိုထုံးတမ်းစဉ်လာတွေပဲ လုပ်လုပ်၊ ဘယ်လို ကိုးကွယ် ဆည်းကပ်မူတွေပဲ လုပ်နေနေ ဘာမှမထူးပါဘူး။

အလားတူပါပဲ၊ သတ္တ၀ါတွေကို ကူညီမစတဲ့၊ အကျိုးဖြစ်စေတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ ပြုလုပ်မူတွေ၊ သတ္တ၀ါတွေအားလုံးအတွက် အေးချမ်းမူ သာယာမူ အဆင်ပြေမူတွေ ဖန်တီးပေးတဲ့ လုပ်ဆောင်မူတွေဟာ ကုသိုလ်ကောင်းမူတွေပါပဲ။ ပြုလုပ်ကြတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုပဲ ၀တ်စားထား ၀တ်စားထား၊ ဘယ်လိုအခမ်းအနားတွေလုပ်လုပ်၊ မလုပ်လုပ် ဘာမှ မထူးပါဘူး။ ကုသိုလ်ဟာ ကုသိုလ်ပဲ၊ အကုသိုလ်ဟာ အကုသိုလ်ပါပဲ။ အရေးကြီးတာက ကိုယ်ရဲ့လုပ်ကိုင်မူပါပဲ။

ကိုယ့်ရဲ့အကျိုးကျေးဇူးတွေဟာ ကိုယ့်ရဲ့လုပ်ကိုင်မူအပေါ်မှာ တည်ပါတယ်။ သဘာဝဓမ္မနိယာမက ဒီအတိုင်းပါပဲ။ ဒါကို လက်ခံရပါလိမ့်မယ်။ ဘုရားကဟောပြောလို့ မဟုတ်ပါဘူး။ ကျန်းဂန်လာလို့လဲ မဟုတ်ပါဘူး။ ဆရာသမားက ပြောလို့လည်း မဟုတ်ပါဘူး။ ကိုယ် ကိုယ်တိုင် လက်တွေ့ခံစားသိရှိပြီး ဖြစ်ရပါလိမ့်မယ်။ ဓမ္မလမ်းစဉ်မှာ ရှေ့ကိုဆက်လက်ပြီး သွားတဲ့အခါ “ဒါဟာ သဘာဝတရားပဲ၊ စကြ၀ဠာတရားပဲ” ဆိုတာကို မိမိရဲ့ ကိုယ်တွေ့အနေနဲ့ သိနားလည် လာကြပါလိမ့်မယ်။ ရှင်းလင်းလာပါလိမ့်မယ်။

ဓမ္မဆိုတာ စကြာဝဠာနဲ့ သက်ဆိုင်တဲ့ တရားပဲ။ တစ်ဦးစီ၊ တစ်ဦးစီ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ စကြ၀ဠာရှိ သက်ရှိသက်မဲ့ အားလုံးကို အုပ်စိုးနေပါတယ်။ ပုဂ္ဂိုလ်တစ်ဦးဟာ စိတ်ထဲမှာ မကောင်းတဲ့ အကုသိုလ်စိတ်ရှိနေမှသာ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ သူတစ်ပါးကို ကျူးလွန်နိုင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟအစရှိတဲ့ ကိလေသာအညစ်အကြေးတွေ တစ်ခုခု ကိုယ့်စိတ်ထဲမှာ ဖြစ်မှနူတ်နဲ့ဖြစ်စေ၊ ကိုယ်အမူအရာနဲ့ဖြစ်စေ၊ သူတစ်ပါးအပေါ်မှာ ကျူးလွန်နိုင်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့