Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 22 March 2012

နှလုံးသားလှသူ


ကောင်မလေးဟာ လှပချောမောသူ တစ်ယောက်တော့ မဟုတ်ပါဘူး… သူမဟာ သာမန် ရုပ်ရည်ထက် မပိုတဲ့အတွက်
လူတွေကြားထဲမှာ ထူးထူး ခြားခြား ပေါ်လွင်ထင်ရှားတဲ့ အလှအပမျိုး မရှိရှာပါဘူး…. မောင်နှမ စုစုပေါင်း ခြောက်
ယောက် ရှိတဲ့ မိသားစုမှာ အကြီးဆုံးဖြစ်တဲ့ အတွက်ကြောင့် မိသားစုတာဝန်ကို အရွယ်မရောက်ခင် ကတည်းက
လိမ္မာ သိတတ်စွာ ထမ်းဆောင်ခဲ့ရပါတယ်… သူမဟာ သန်မာ ဖြတ်လတ်စွာ၊ ဥာဏ်ရည် ထက်မြက်စွာ ကြီးပြင်းလာပါ
တယ်.. သူမဟာ ပညာထူးချွန်သူ တစ်ယောက်လဲ ဖြစ်ပါတယ်…. အရွယ်ရောက် လာတော့ သူမနဲ့တွေ့ဆုံ ခင်မင်ခွင့်
ရသူတိုင်းကို ၀မ်းသာကြည်နူးအောင်၊ ပျော်ရွှင် လန်းဆန်းအောင် လုပ်ပေးနိုင်တဲ့ စိတ် ကလေးကို သူမ တတ်နိုင်
လောက် မွေးမြူ ထားပါတယ်.. သူမဟာ လှပချောမွေ့တဲ့ မိန်းခလေး တစ်ယောက် မဟုတ်ခဲ့ပေမဲ့လည်း လူ
တစ်ဘက်သား နာကျင်ခံစားနေရတဲ့ အခါ အကောင်းဆုံး နှစ်သိမ့် စာနာပေးတတ်သူ တစ်ယောက်ပါ… ..



တစ်ရက်မှာ ကောင်မလေးဟာ ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်ကြပါတယ်.. ကောင်မလေး

ဟာ စာတော်သူ ဖြစ်တဲ့အတွက် ကောင်လေး နားမလည်တဲ့စာတွေကို ကောင်မလေးက ရှင်းပြပါတယ်… စာရှင်းပြ
ပေးရင်းနဲ့ ကောင်လေး လိမ္မာလာအောင် ပြုပြင်ပေးတယ်.. ရန်ဖြစ်တတ်တဲ့ ကောင်လေးကို ရန်ဖြစ်တဲ့ ဆိုးကျိုး
တွေ သိလာအောင် သွန်သင်ပေးပါတယ်.. စာဖတ်တာကို ၀ါသနာ ပါလာအောင် ကြိုးစားပေးတယ်…. ကောင်လေး
စိတ်ဓာတ်ကျ အားငယ်တဲ့အခါ အားပေး နှစ်သိမ့်တတ်တယ်.. ပြီးတော့ ကောင်လေးကို တက္ကသိုလ် ဆက်တက်ဖို့
တိုက်တွန်းတယ်.. ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ သိပ်ရင်းနှီးတဲ့ သူငယ်ချင်းတွေလို ဖြစ်လာကြပါတယ်.. ရုပ်မချော
တဲ့ ကောင်မလေးဟာ ခပ်ချောချော၊ ခပ်ဆိုးဆိုး ကောင်လေးကို သံယောဇဉ် တွယ်မိပါတယ်… ကောင်လေးကတော့
လှလှပပလဲ မဟုတ်၊ ဆွဲဆောင်မှု လဲ မရှိတဲ့ သူမကို သူငယ်ချင်း တစ်ယောက်ထက် မပိုခဲ့ပါဘူး…..




မကြာခင်မှာ ကောင်လေးဟာ ရုပ်ချောချော ကောင်မလေး တစ်ယောက်ကို စိတ်ဝင်စား မိပါတယ်.. လူဆိုတာကလည်း

လှတာလေးကိုမှသာ လိုချင်ကြတယ် မဟုတ်ပါလား…. ကောင်လေး စိတ်ဝင်စားမိတဲ့ ကောင်မလေးဟာ အလွန်ကိုမှ
ချောမောလှပသူပါ… သူမရဲ့ ဆံနွယ်လေးတွေဟာ ပုခုံးထက်မှာ တောက်ပစွာ ဖြာဝေကျဆင်းလို့… သူမရဲ့ မျက်လုံး
လေး တွေဟာလည်း ပင်လယ်ပြင်ရဲ့ အပြာရောင်လို လှပ နက်ရှိုင်းလို့… ကောင်လေးက သူရဲ့ သူငယ်ချင်းမလေး
ကို သူချစ်နေတဲ့ ကောင်မလေး အကြောင်း ပြောပြရာမှာ သူချစ်တဲ့ ကောင်မလေးဟာ သိပ်ကိုလှပတဲ့ နတ်သမီး
လေး တစ်ပါးနဲ့ တူပါတယ်လို့ မကြာခန တင်စား ပြောဆိုတတ်ပါတယ်… ကောင်မလေးရဲ့ လှပချောမောမှုကိုလည်း
ဂုဏ်ယူ ၀င့်ကြွားစွာ ပြောဆိုတတ်ပါတယ်...



ကောင်မလေးဟာ ကောင်လေးရဲ့ စကားတွေ နားထောင်ပြီး သူမ ရင်ဘတ်ထဲမှာ ဆို့နင့် ခံစားရပါတယ်.. သူမဟာ

ရုပ်ရည် ချောမော လှပခြင်း မရှိတဲ့ အတွက်ကြောင့် သူမ ချစ်ခင် မြတ်နိုးရသူကို ပိုင်ဆိုင်ခွင့် မရှိတဲ့ ဘ၀ပါ….
ဒါပေမဲ့ သူမရဲ့ ဆုံးရှုံးမှုကို ဂရု မစိုက်ပါဘူး.. ကောင်လေး ပျော်နေရင် သူလဲ ပျော်ပါတယ်.. ကောင်လေး ပျော်
အောင်လဲ သူ ကြိုးစားပေး ချင်ပါတယ်… ကောင်လေး သူ့ကို မချစ်ရင်လဲ သူမဘက်က မေတ္တာမပျက်ပါဘူး…
ကောင်လေး သူ့ချစ်သူကိုပေးဖို့ ရည်းစားစာ တောင်မှဘဲ အကောင်းဆုံးဖြစ်အောင် သူမကိုယ်တိုင် ရေးပေးပါတယ်…
ကောင်လေးအတွက် သင့်တော်မဲ့ အ၀တ်အစား၊ ကောင်မလေးနဲ့ တွေ့တဲ့အခါ ဘယ်လိုစကား ပြောရမယ်..
ဘယ်လို လက်ဆောင်မျိုးလေး ပေးရင် ကောင်းမယ် ဆိုတာက အစ အကူအညီ ပေးတတ်၊ အကြံပေးတတ်ပါတယ်…
ဒီလိုနဲ့ ကောင်မလေးရဲ့ အကူအညီကြောင့်ဘဲ သူမ သိပ်ချစ်တဲ့ ကောင်လေးဟာ လှပတဲ့ ကောင်မလေးနဲ့ ချစ်သူ
များ ဖြစ်သွားကြပါတယ်..




လှပချောမောတဲ့ ကောင်မလေးဟာ ကောင်လေးအတွက်တော့ ပျော်ရွှင်စရာ အမြောက် အများကို ဆောင်ကျဉ်းပေး

သူ ဖြစ်သော်လည်း၊ ရုပ်မလှတဲ့ ကောင်မလေး အတွက်တော့ နာကျင်မှုများစွာကို ယူဆောင် ပေးသူ ဖြစ်လို့ နေပါ
တယ်… ကောင်လေးရှေ့မှာ အပြုံးမပျက် ဟန်ဆောင်နေရင်း အကူအညီ များစွာကို ပေးနေသော်လည်း၊ ကောင်လေး
နောက်ကွယ်မှာ ကြိတ်ငိုနေရတဲ့ သူမအဖြစ်က သနားစရာပါ… ဒါပေမဲ့ သူမမှာ မျှော်လင့်ချက် လုံးဝ မရှိသော်လည်း
ကောင်လေးကို ပေးနေတဲ့ အကူအညီကို လုံးဝ ရပ်မပစ်ပါဘူး.. သူတို့ ချစ်သူ နှစ်ယောက်အတွက် သူမ တတ်နိုင်
သလောက် အကောင်းဆုံး အကူအညီကို ပေးနေတုန်း၊ ပေးနေဆဲပါ…



တစ်နေ့မှာ ကောင်လေးရဲ့ ချောမောလှပတဲ့ မိန်းခလေးဟာ ကောင်လေးကို ထားခဲ့ပြီး သူ့ထက် ပိုက်ဆံချမ်းသာ

ကာ၊ အောင်မြင်နေတဲ့ စီးပွားရေးသမား တစ်ယောက်နောက်ကို ပါသွားခဲ့ပါတယ်.. ကောင်လေးဟာ ရူးမတတ်
ခံစားရပါတယ်… နာကျင် စိတ်ဆင်းရဲခြင်း များစွာနဲ့ ရက်ပေါင်း အတော်ကြာ ဘယ်သူ့ကိုမှလဲ စကားမပြော၊ အိမ်ထဲ
ကနေ အိမ်ပြင်ကို မထွက်ဘဲ နေနေပါတော့တယ်… ဒီတော့ ကောင်မလေးဟာ ကောင်လေး ဆီကို နှစ်သိမ့်အားပေး
ဖို့ ရောက်သွားခဲ့ပါတယ်.. ကောင်မလေးကို တွေ့တဲ့အချိန်မှာ ကောင်လေးဟာ ကောင်မလေးရဲ့ ပုခုံးလေးပေါ်မှာ
ငိုကြွေးရှာပါတယ်.. ကောင်မလေးကလဲ ကောင်လေးနဲ့အတူတူ ငိုကြွေးခဲ့ပါတယ်.. နှစ်ယောက်သား တစ်ဦးပုခုံးပေါ်
တစ်ဦး မှီပြီး မျက်ရည်တွေနဲ့ ဝေမျှ ခံစားကြပါတယ်… ကောင်လေး ပြင်းထန်စွာ နာကျင် ခံစားရသလိုဘဲ ကောင်မ
လေးလဲ နာကျင် ခံစားရပါတယ်..




ဒီလိုနဲ့ ကောင်မလေးဟာ ကောင်လေး ဝေဒနာ သက်သာအောင် အားပေးနှစ်သိမ့်ရင်း ဖေးမ ကူညီ ပေးခဲ့ပါတယ်..

အချိန်ဆိုတဲ့ သမားတော်ရဲ့ ကုစားပေးမှုနဲ့ ကောင်မလေးရဲ့ အားပေး နှစ်သိမ့်မှု တို့ကြောင့် တစ်ဖြေးဖြေးနဲ့
ကောင်လေးရဲ့ နာကျင်မှုတွေဟာ သက်သာ လာပါတယ်.. သူဘယ်တုန်းကမှ နားမလည်ခဲ့တဲ့၊ နားလည် အောင်လဲ
မကြိုးစားခဲ့တဲ့ ကောင်မလေးနဲ့ ပါတ်သက်ပြီး တစ်စုံတစ်ရာကိုလည်း သဘောပေါက် နားလည်စ ပြုလာ ပါတယ်..




သူမလေးရဲ့ ရယ်သံလေးဟာ ချိုချိုလွင်လွင်လေးနဲ့ သာယာလှတာ၊ သူမရဲ့ အပြုံးလေးဟာ အလွန်ဘဲ တောက်ပ

ချစ်ခင်စရာ ကောင်းတာ၊ သူမရဲ့ ဖြူစင်တဲ့ ရိုးသားမှုလေးများဟာ စွဲမက်စရာ ကောင်းလှတာကို ကောင်လေး နားလည်
သဘောပေါက်လာပါပြီ.. ရုပ်မချောတဲ့ ကောင်မလေးရဲ့ အလှအပကို ကောင်လေး တွေ့မြင်စ ပြုလာပါပြီ… မိန်းခလေး
တစ်ယောက်မှာ အပေါ်ယံ ရုပ်ရည် အလှအပထက်၊ စိတ်နှလုံး ဖြူစင် ရိုးသားမှုကသာ တန်ဖိုးအရှိဆုံးသော အလှဆုံး
သော အရာ ဆိုတာ သူသိသွားပါပြီ… ဒီ ရွက်ကြမ်းရေကျိုသာ ရှိတဲ့ ကောင်မလေးဟာ ကောင်လေးအတွက် တန်ဖိုး
မဖြတ်နိုင်တဲ့ အလှ ပိုင်ရှင် ဆိုတာကို ခုတော့ သဘောပေါက် နားလည်ပါပြီ… ကောင်မလေးကို သူချစ်ခင် နှစ်သက်စ
ပြုလာပါပြီ.. ချစ်ခင်လာတဲ့ စိတ်နဲ့ ကြည့်မိတော့လဲ ကောင်မလေးဟာ သူ့အမြင်မှာတော့ လှပသူလေး အဖြစ်
ပြောင်းလဲလို့ လာပါတယ်…




ဒါကြောင့်လဲ အလုပ်ကိစ္စ တစ်ခုနဲ့ ခရီးသွားပြီး ပြန်အလာမှာ သူပြန်ရောက်ကြောင်း ကောင်မလေးကို အသိပေးဖို့နဲ့၊

သူချစ်နေမိပြီ ဆိုတဲ့ အကြောင်း ကောင်မလေးကို ဖွင့်ပြောဖို့ သတ္တိတွေမွေးပြီး အိမ်မှ ထွက်လာခဲ့ပါတယ်.. ကောင်မ
လေးနဲ့ မတွေ့ဖြစ်တာလဲ ရက်အတော်ကြာ နေပြီလေ.. မတွေ့ရတော့မှ ကောင်မလေးရဲ့ တန်ဖိုးကို သူနားလည်လာ
တယ်.. သူဘယ်လောက် ကောင်မလေးကို သတိရ လွမ်းဆွတ်နေမိတယ် ဆိုတာကိုလဲ သူ့ကိုယ်သူ သိလာတယ်…
ပြီးတော့လဲ သူ့အပေါ်မှာ ကောင်မလေးလောက် နားလည်ပေးမဲ့သူ၊ ကြင်နာနိုင်မဲ့သူ ဘယ်သူမှ မရှိနိုင်တော့ဘူး ဆို
တာလဲ သူကောင်းကောင်း သိနေပါပြီ… ကောင်မလေး အိမ်ကို လျှောက်လာတဲ့ လမ်း တစ်လျှောက်လုံး သူ့စိတ်တွေ
မငြိမ်မသက် ဖြစ်နေမိပါတယ်.. တုန်လှုပ်ခြင်း တစ်မျိုးကိုလဲ ခံစား နေမိပါတယ်.. သူ့ခေါင်းထဲမှာတော့ အတွေးတွေ
က တောင်စဉ်ရေမရ ပြေးလွှားဆော့ ကစားရင်း ကောင်မလေးကို ဖွင့်ပြောဖို့ စကားလုံးတွေ စီနေမိပါတယ်.. သူ့
အမြင်မှာ ကောင်မလေးဟာ ဘယ်လောက်တောင် လှပသူ ဖြစ်ကြောင်း သူမကို ဘယ်လောက် တောင် ချစ်ခင်နေမိ
ကြောင်း စတာတွေကို ဖွင့်ပြောဖို့ စဉ်းစားနေမိပါတယ်…




ကောင်မလေး အိမ်ရှေ့ရောက်တော့ တံခါးကို ခေါက်လိုက်ပါတယ်… အိမ်ထဲက ဘာတုံ့ပြန်မှုမှ မရပါဘူး.. တံခါးကို

ဘယ်သူမှလဲ လာဖွင့် ပေးမဲ့သူ မရှိပါဘူး…. ကောင်လေးဟာ ဘေးအိမ်တွေကို စုံစမ်း ကြည့်တော့မှ ကောင်မလေး
ကို ဆေးရုံတင်ထားရတဲ့ အကြောင်းကို သိလိုက်ပါတယ်.. ဒါနဲ့ ကောင်မလေး တက်နေတဲ့ ဆေးရုံကို လိုက်သွား ပါ
တယ်.. အဲဒီမှာ အကျိုးအကြောင်းကို သိလိုက်ရပါပြီ.. ကောင်မလေးရဲ့ ဦးနှောက်တွင်းမှာ အလွန်ကြီးမားသော
အကြိတ်ကြီးတစ်ခု ဖြစ်ပေါ်နေကြောင်းနဲ့၊ နောက်ကျပြီးမှ သိလိုက်ရပြီ ဖြစ်တဲ့အတွက် အချိန် မမီတော့ကြောင်း ခွဲ
စိတ်ကုသလို့လဲ မရနိုင်တော့ကြောင်းကို ကြေကွဲစွာ ကြားသိလိုက်ရပါတယ်…




ကောင်မလေးဟာ ဆေးရုံမှာဘဲ သေမဲ့ရက်ကို စောင့်နေတဲ့သူလို ဖြစ်နေပါပြီ.. တစ်ဖြေးဖြေးနဲ့ သူမဝေဒနာ ပိုပို

ဆိုးလာပြီး နောက်ဆုံးမှာ သတိ မရတော့ဘဲ မေ့မြောလို့သာ နေပါ တော့တယ်…. ကောင်လေးဟာ သူမလေးရဲ့
လက်ကို ဆုပ်ကိုင်ရင်း၊ သူမ ဆံပင်လေးတွေကို သပ်တင် ပေးရင်း နဲ့ ကောင်မလေး ဘေးမှာ ငိုရှိုက်နေမိပါတယ်.. သူ
ငိုကြွေးနေမိ သော်လည်း ခုချိန်မှာ အရာရာ နောက်ကျသွားပါပြီ.. ကောင်မလေးဟာ သူ့အတွက် ဘယ်လောက်
တောင် လှပတယ်၊ ဘယ်လောက်တောင် တန်ဖိုးရှိတယ်၊ သူဘယ်လောက်ထိ ကောင်မလေးကို ချစ်နေတယ် ဆိုတာ
ကောင်မလေး မသိနိုင်တော့ပါဘူး.. ကောင်မလေး ကြားအောင်လဲ ဖွင့်ပြောခွင့် မရတော့ပါဘူး… ခုချိန်မှာတော့
ကောင်မလေးဟာ ဘာဆို ဘာမှ မသိနိုင်တော့ပါဘူး…



ကောင်မလေး ဆုံးသွားပြီးတဲ့နောက် သူမကို သစ်ပင်ကြီးတစ်ပင်ရဲ့ အောက်မှာ ဂူသွင်း မြုပ်နှံ လိုက်ကြပါတယ်…

အုတ်ဂူဖြူဖြူလေးရဲ့ ဘေးမှာ စိမ်းလန်းတဲ့ မြက်ခင်း နူးနူးညံ့ညံ့ လေးတွေနဲ့ တောက်ပစိမ်းစိုလို့ …. ပန်းပင်လေး
တွေမှာလည်း ပန်းရောင်စုံလေးတွေ ဝေစီဖူးပွင့်လို့… သင်းပျံ့တဲ့ ရနံ့လေးတွေက ဘေးဝန်းကျင်မှာ မွှေးရီလွှင့်ဝဲလို့..
နေခြည်နွေးနွေးက အုတ်ဂူလေးပေါ် လဲ့လဲ့လွှင်လွှင်လေး လင်းဝေဖြာကျလို့…. သစ်ပင်ပေါ်က ရွှေဝါရောင် ရွက်ကြွေ
လေးတွေကလည်း ကောင်မလေးရဲ့ အုတ်ဂူဖြူဖြူလေးပေါ်ကို အတားအဆီးမဲ့ တစ်လွှင့်လွှင့် တစ်ဖြုတ်ဖြုတ်နဲ့
လေအဟုန်မှာ စီးမျှောကြွေကျလို့ နေပါတယ်… ကမ္ဘာပေါ်က အလှဆုံး ကောင်မလေး အတွက် ၀မ်းနည်း ကြေကွဲစွာ
ငိုကြွေးရင်း နှုတ်ဆက်နေကြ သလိုပါဘဲ…




ကောင်လေးက ကောင်မလေးရဲ့ အုတ်ဂူရှေ့မှာ ရီဝေဆွေးမြေ့စွာ ရပ်ရင်း သူ့ကို ထာဝရ ခွဲခွာသွားတဲ့ ကောင်မလေး

ကို ကြေကွဲစွာ နှုတ်ဆက်နေပါတယ်… ငြိမ်းချမ်းစွာ အိပ်စက် အနားယူပါတော့ စိတ်နှလုံး ဖြူစင်လှပလွန်းတဲ့ ကောင်
မလေးရယ်.. ဟုတ်ပါတယ် ကောင်မလေး ဟာ ကောင်လေး အတွက်တော့ အလှဆုံး မိန်းခလေးပါ.. သူ့ဘ၀ကို
လမ်းညွှန်ပေးခဲ့သူ၊ ပြုပြင်တည့်မတ် ပေးခဲ့သူ၊ ဆိုးသွမ်းတဲ့ သူ့ကို လိမ္မာ လာအောင် ပဲ့ပြင်ပေးခဲ့သူလည်း ဖြစ်ပါ
တယ်… အချစ်ဆိုတာ အပေါ်ယံ အလှအပ သက်သက်နဲ့ မရွေးချယ် သင့်ကြောင်း ကိုလဲ ကောင်မလေး ကြောင့် သူ
သဘောပေါက် နားလည်ခွင့် ရလိုက်ပါတယ်… လောကမှာ ဖြူစင် ရိုးသားခြင်းကသာ အလှဆုံး ဖြစ်ကြောင်း
ကောင်လေးသိပါပြီ.. ကောင်မလေးဟာ ကောင်လေး အတွက်တော့ ကမ္ဘာမှာ အလှဆုံး မိန်းခလေးတစ်ဦး အဖြစ်
နှလုံးသားရဲ့ တစ်နေရာမှာ ထာဝရ တည်ရှိနေမှာပါ……….




--------------------------------------------------------------------


တစ်ချို့သူတွေက အပေါ်ယံအလှကိုသာ အလှစစ်ထင်ပြီး ရုပ်လှသူကိုသာ ချစ်သူအဖြစ် ရွေးချယ် တတ်ကြပါတယ်..

တကယ်တမ်း လောကမှာ အရေးအကြီးဆုံးက ဖြူစင်တဲ့ ရိုးသားမှုသာ ဖြစ်ကြောင်း သဘောပေါက် နားလည်သူ ရှား
ပါတယ်… မိမိပါတ်ဝန်းကျင်မှာ ရှာဖွေ ကြည့်ရင် ရုပ်လှသူနဲ့ မလှသူကို အလွယ်တကူ ခွဲခြားလို့ ရနိုင်ပေမဲ့ ဖြူစင်ရိုး
သားတဲ့ စိတ်ထားရှိသူ ကိုတော့ ရုတ်တရက် ခွဲခြားတွေ့ဖို့ မလွယ်ကူပါဘူး…. ဒါကြောင့် တကယ့် အလှစစ်နဲ့ လှ
တဲ့သူကို သေချာ ရှာတတ်ဖို့ လိုပါတယ်… အပေါ်ယံ ရုပ်ရည်ကိုသာ ကြည့်ပြီး ရွေးချယ်မယ်ဆိုရင်တော့ တကယ့်
အလှစစ်ကို တွေ့ဖို့ ဝေးနေဦးမှာပါ… ကိုယ့်ဘေးမှာ ရှိနေပါ ရက်နဲ့ ရုပ်မလှလို့ ဂရုမစိုက်မိတဲ့ ဖြူစင်ရိုးသားတဲ့ နှလုံး
သား အလှ ပိုင်ရှင်လေးများ ကို လက်လွတ်မသွားခင်၊ နောက်မကျခင်မှာ သေချာ ရှာဖွေကြပါလို့ အကြံပြု လိုက်ပါရ
စေနော်… ရုပ်အလှ ပြည့်စုံသူ များလည်း၊ စိတ်နှလုံးအလှပါ ထပ်ဆောင်းလို့ အလှဆုံးသောသူများ ဖြစ်နိုင်ကြပါစေ….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့